ဆောမြို့ပေါ်ရှိ မြို့ပြဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု လုပ်ငန်းများအား တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ဆော  မတ်  ၁၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဌာနခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီခွဲက မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်၊ ဆောမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးမြင့်နိုင်နှင့် ဝန်ထမ်းများက လိုက်ပါ၍ မြို့မစျေး စျေးဆိုင်ခန်းများ ဆောက်လုပ်နေမှု အခြေအနေများနှင့် အမြင့်တင်စနစ်ဖြင့် ရေပေးဝေနိုင်မှု၊ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်နိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးကျော်စွာဟိန်းတို့က ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လတ်တလောဆောင်ရွက် ပြီးစီးမှုနှင့် အချိန်မီပြီးစီးရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက မြို့ပြဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှု လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်၊ လုပ်ငန်းအရည်အသွေး ပြည့်မီစွာ ဆောင်ရွက်သွားရန်နှင့် ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှု မရှိစေရေး အလေးထား ဆောင်ရွက်ရန်တို့ကို  ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)