မုံရွာ မတ် ၁၁
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အားကစား နည်း(၅)မျိုးပါဝင်သည့် နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မုံရွာမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမျိုးနိုင်၏ ပြောကြားချက်အရ သိရသည်။
“နွေရာသီကျောင်းပိတ်ရက်တွေမှာ ကျောင်းသား/သူတွေ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေဖို့ ဖွင့်လှစ်တာပါ၊ သင်တန်းကိုတော့ တစ်လကြာဖွင့်လှစ်မှာပါ၊ သင်တန်းပြီးသွားရင်လည်း အရည်အချင်းရှိတဲ့ သင်တန်းသားတွေကို အား/ကာသိပ္ပံ (မုံရွာ)နဲ့ ဘောလုံးအကယ်ဒမီကျောင်း သင်တန်းတွေအတွက် လူရွေးချယ်နိုင်ဖို့ အဆင့်မြင့်နည်းစနစ်တွေဆက်သင်ပေးမှာပါ၊ သင်တန်းမှာ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ မြန်မာ့ရိုးရာသိုင်း၊ စတဲ့ အားကစားနည်း(၅)မျိုးကို သင်ကြားပေးမှာပါ” ဟု မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာနမှ မြို့နယ် အားကစားမှူး ဦးမျိုးနိုင်က ပြောကြားခဲ့သည်။
ယခုနှစ် နွေရာသီတွင်ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများသို့ မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၂၅၀)ဦး တက်ရောက်လျက်ရှိပြီး ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ပြေးခုန်ပစ်၊ အားကစားနည်းများကို မုံရွာမြို့ ပြည်သူ့ အားကစားကွင်းတွင် နေ့စဉ်နံနက် (၇)နာရီမှ (၈)နာရီ(၃၀)မိနစ်အထိလည်းကောင်း၊ မြန်မာ့ရိုးရာသိုင်း အားကစားနည်းနှင့် ဘောလုံးအားကစားသင်တန်းများကို မုံရွာမြို့နယ် မုံရွေးကျေးရွာအားကစားကွင်း၌ ညနေပိုင်းတွင်လည်းကောင်း မတ်လ(၇)ရက်နေ့မှ ဧပြီလ(၄)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)