ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၂၁ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း ၂၁၀၀ လွဲပြောင်းပေးအပ်

ဝန်းသို မတ် ၁၁

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း ၂၁၀၀ ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်းလုပ်ငန်း ၁၇ ခု၊ တံတားလုပ်ငန်းတစ်ခု၊ ရေရရှိရေးလုပ်ငန်းတစ်ခု၊ မီးလင်းရေး လုပ်ငန်းတစ်ခု၊ ပညာရေး(စာသင်ကျောင်းဆောင်) လုပ်ငန်းတစ်ခုတို့ကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။    

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Planning) ရန်ပုံငွေ လွဲပြောင်း ပေးအပ်ပွဲနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်းဆုံး လုပ်ငန်းဆောင်ရွက်နိုင်ခဲ့သော ကျေးရွာ များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဦးအောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဝန်းသိုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၄၅ ရွာ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ပေါင်း ၂၉ ရွာဆောင်ရွက်နိုင်ခဲ့ပြီး ယခု ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၁ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင်(ပြန်/ဆက်)