အထက်မင်းလှ ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စံပြကျေးရွာအဖြစ် တည်ထောင်မည့်မင်းတဲကြီးကျေးရွာ၌ ထင်းအစား အခြားလောင်စာသုံးစွဲနိုင် ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ တွင်သံပုံးစွပ် အေဝမ်းမီးဖို အလုံး ၁၃၇ လုံးကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းတဲကြီးကျေးရွာ မူလတန်းကျောင်းတွင် သရက်ခရိုင်အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက ကျေးရွာနေပြည်သူများ အနေဖြင့် ဌာနမှ အခမဲ့ဖြန့်ဝေပေးသော မီးဖိုကိုသုံးစွဲခြင်းဖြင့် ထင်းသုံးစွဲမှုကို ၄၀ ရာခိုင်နှုန်းလျော့ချနိုင်ကာ သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းရာ ရောက်ကြောင်း၊ တစ်အိမ်ထောင်ကို ထင်း ၁၀ ချောင်းကုန်ရင် ယခုမီးဖိုကို သုံးစွဲပါက ထင်း ၆ ချောင်းသာ ကုန်ပြီး ၄ ချောင်းသက်သာကြောင်းနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ပြည်သူများအား အသိပညာပေး ပြောကြားပြီး ထင်းအစား အခြားလောင်စာသုံးစွဲရေးအတွက် ကျေးရွာနေ ပြည်သူများအား သံပုံးစွပ် အေဝမ်းမီးဖို (၉၁) လုံး ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ မင်းလှမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်စိုးက ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် ကျေးရွာနေပြည်သူများအား အသိပညာပေး ဟောပြောခဲ့ပြီး သံပုံးစွပ် အေဝမ်းမီးဖို (၄၆) လုံး စုစုပေါင်း (၁၃၇) လုံးကို တစ်အိမ်ထောင်လျှင် မီးဖိုတစ်လုံးနှုန်းဖြင့် အိမ်ထောင်စု (၁၃၇)စုအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိသော အိမ်ထောင်စု (၄၆) စုအား ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)