မကွေးတိုင်းဒေသကြီး

ချောက်မြို့၌ တိုင်းရင်းသားရေးရာစာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့တို့ ပူးပေါင်း၍ တိုင်းရင်းသားရေးရာစာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်အတွင်း တောင်သူများအား မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်အတွင်း တောင်သူများအား မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက စာရံအိုင့်ကျေးရွာတွင် ကျင်းပခဲ့သည်။

ရေနံချောင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က စိန်ပန်းပင်ကျေးရွာအုပ်စုမှ တောင်သူ ၉၁ ဦး၏  သီးနှံစုံဧက ၆၀၈ ဧကအတွက် ငွေကျပ် ၁၅၂၀ သိန်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သရက်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယနေ့နံနက် (၉) နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံအောက်ထပ်၌ ဆောင်ရွက်ပေးခဲ့သည်။

မင်းလှမြို့နယ်၌ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များမှ ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီးအမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နာယက ဒေါ်အိအိထွန်းနှင့်အဖွဲ့ဝင်များသည် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရက် (၁၀၀) စီမံချက် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရက် (၁၀၀) စီမံချက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်၌ သီတဂူစက္ခုဒါနအလှူတော်အတွက် မျက်စိအတွင်းတိမ်နှင့် မျက်စိရောဂါစမ်းသပ် စစ်ဆေး

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့နယ်၌ သီတဂူစက္ခုဒါနအလှူတော်အတွက် မြို့ပေါ်ရပ်ကွက်နှင့် သပြေတောကျေးရွာရှိပြည်သူများကို တောင်တွင်းကြီး မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနမှ အတွင်းတိမ်နှင့် မျက်စိရောဂါစမ်းသပ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်းလှမြို့ ဦးကင်းဓမ္မာရုံနှင့် သပြေတောကျေးရွာရှိ ဘုန်းကြီးကျောင်း၌ စမ်းသပ်စစ်ဆေးခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၂၈၂၆၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်(၁)ရက်နေ့က စတင်၍ ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၂၈၂၆၅ ဦး စိတ်အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မာန်အောင်ကျေးရွာအုပ်စုမှ တောင်သူလယ်သမားများအား ထုတ်ချေးပေးလျက်ရှိသည်။

မကွေးမြို့၌ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးသင်တန်း ဖွင့်လှစ်

မကွေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်  “ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်း” (အရပ်သား) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး