ဝေးလံခေါင်ဖျားဒေသသတင်းများ

သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာတွင် လူထုတွေ့ဆုံ ဆွေးနွေးပွဲကျင်းပ

သရက်ချောင်း  ဇန်နဝါရီ  ၈

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာ ညောင်ဇင်ဘုန်းတော်ကြီး ကျောင်း၌ ယမန်နေ့မွန်းလွဲ(၂)နာရီက ဒေသဖွံ့ဖြိုးရေးအတွက် လူထုတွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဝေလွင်တို့က လွှတ်တော်ဆိုင်ရာ ကဏ္ဍများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သရက်​ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအလိုက် ဆောင်ရွက်ပေးမည့် လုပ်ငန်းများအပေါ် ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲ သုံးခွမြို့၌ ကျင်းပ

သုံးခွ  ဇန်နဝါရီ  ၈

န၀မအကြိမ်မြောက် ဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ အမှတ် ၁၁ ရပ်ကွက် အနော်ရထာလမ်းရှိ "မဟာအတုလဝေယံ" သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့နံနက် ၉ နာရီမှ ည ၉ နာရီအထိ သုံးရက်တိုင်တိုင် ပူဇော်ပွဲကျင်းမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေး

ဒဂုံ  ဇန်နဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက် ကန်တော်မင်္ဂလာပန်းခြံဝင်း Happy World အတွင်းရှိ ကလေးကစားကွင်းများ၊ စားသောက်ဆိုင်များ လျှပ်စစ်အန္တရာယ်ကင်းဝေစေရေးနှင့်  မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန်အတွက် ယမန်နေ့ မွန်းလွဲ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်ကိုကို၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ  ဥက္ကဋ္ဌဦးသိန်းဦး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုး၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်ထွဋ်တို့ ပူးပေါင်း၍ သွားရောက်စစ်ဆေးကြောင်း သိရသည်။

အလောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ဘုရားဖူးရာသီလမ်း ယာယီလမ်းပိတ်ထားခြင်း ပြန်လည် ဖွင့်လှစ်

ကနီ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော် တည်ရှိရာနေရာ စံကျောင်းတော်သို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေးဘုရားဖူးရာသီလမ်းမှာ ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းက မိုးရွာသွန်းမှုကြောင့် ဘုရားဖူးလမ်းကို ယာယီလမ်းပိတ်ထားရပြီး ယခု ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း အလောင်းတော်ကဿပဘုရား ဂေါပကဥက္ကဋ္ဌ  ဦးအောင်ကိုလင်း၏ ပြောပြချက်အရ သိရသည်။       

ဆိပ်ဖြူမြို့နယ် ယောချောင်းဘေးကြက်သွန်နီ အပင်စိုက်တောင်သူများ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေးဆောင်ရွက်

ဆိပ်ဖြူ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ယောချောင်းဘေး ကြက်သွန်နီ စိုက်ခင်းများအတွင်း အချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် ချောင်းရေဝင်ရောက်မှုကြောင့် စိုက်ခင်းများ ထိခိုက်ပျက်စီးမှုမရှိစေရန် ချောင်းမကြီးကျေးရွာရှိ ကြက်သွန်နီစိုက် တောင်သူများ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ကလေး) တွင် တတိယအကြိမ်မြောက် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲကျင်းပ

ကလေး ဇန်နဝါရီ ၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ကလေး)၏ အပတ်စဉ် (၃) ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းသူများ၏ ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း၏ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

သာစည်မြို့ အ.ထ.က(၂)၌ ပညာရေးစုံညီပွဲတော် နှင့် ကာယ၊ ဉာဏထူးချွန်ဆု ၁၁၃ ဆုချီးမြှင့်

သာစည် ဇန်နဝါရီ ၇

မန္တလေးတိုင်းဒသကြီး သာစည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုများချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီခွဲက အဆိုပါကျောင်း သူရိယခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ပညာရေးစုံညီပွဲတော် တွံတေး၌ ကျင်းပ

တွံတေး ဇန်နဝါရီ ၇

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၁၉/၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက အမှတ်‌ (၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

၂၀၁၉−၂၀၂၀ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနား ရွှေကူမြို့၌ ကျင်းပ

ရွှေကူ ဇန်နဝါရီ ၇

၂၀၁၉−၂၀၂၀ ပညာသင်နှစ်၊ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်အလံအား အလေးပြုကြသည်။ ယင်းနောက် ရွှေကူမြို့နယ်ပညာရေးမှူး ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်များကို ရွတ်ဆိုကာ ဘင်ခရာနှင့် ပန်းပွားအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

အလွတ်တန်း မာရသွန်ပြိုင်ပွဲ ဆောမြို့နယ် လောင်းရှည်ဒေသ၌ ကျင်းပ

ဆော ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသတွင် အလွတ်တန်း မာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက ယမ်းကျေးရွာမှ စတင်တာလွတ်၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မာရသွန်ပြိုင်ပွဲသို့ ကျောင်းသား ကျောင်းသူများ၊ အလွတ်တန်း အပြေးဝါသနာရှင်များ စုစုပေါင်း ၆၅ ဦး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။ လွန်ဆွဲပွဲ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောပြိုင်ပွဲများကိုလည်း လောင်းရှည်အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

ဇော်မျိုးသန့်(ပြန်/ဆက်)

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ