Skip to main content

နေပြည်တော် ဇန်နဝါရီ ၈

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာ စကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ က Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၁) သို့ ပေးပို့သည့်အမှာစကား Video ကို ပြသသည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် အမှာစကားကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ်တွင် စတင်ကျင်းပသည့် ယနေ့အစည်းအဝေး၏ ရည်ရွယ်ချက်မှာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြရန်နှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ မကြာမီ နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် ပြင်ဆင်ဆောင်ရွက်ထားကြရမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်ပါကြောင်း။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုသည် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး၏ လူမှု စီးပွားရေးကဏ္ဍ အားလုံးကို သက်ရောက်မှုရှိခဲ့ပြီး ခရီးသွား လုပ်ငန်းကဏ္ဍအပေါ် အပြင်းထန်ဆုံး အကျိုးသက်ရောက်မှုဖြစ်ပေါ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ခရီးသွားလုပ်ငန်းကို မှီခိုနေသော အသက် မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများအရ ခရီးသွား လုပ်ငန်းနှင့် တိုက်ရိုက်ပတ်သက်သည့် အလုပ်အကိုင် သန်း (၁၀၀)ခန့် ဆုံးရှုံးနေသည်ဟု သိရှိရပါကြောင်း၊ အမျိုးသမီးများနှင့် လူငယ်အများစု လုပ်ကိုင်နေသော အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းအပေါ် အဓိကထိခိုက်နေပြီး စီးပွားရေးအခြေအနေ၊ လူမှုရေးနှင့် ကျန်းမာရေး အခြေအနေများကိုသာမက ယဉ်ကျေးမှုကဏ္ဍမှ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်မှုများနှင့် လူမှု အသိုင်းအဝိုင်းများအပေါ်၌ပါ ဖိအားပေးမှုနှင့် ရေရှည်အကျိုး ထိခိုက်မှုများဖြစ်ပေါ် ခဲ့ပါကြောင်း။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ စတင်ရောက်ရှိလာချိန်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွန်မှုနှင့်အညီ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီသည် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) ၏ နောက်ဆက်တွဲအဖြစ် အဆင့်(၃)ဆင့်ပါ၀င်သည့် COVID-19 မြန်မာ့ခရီးသွား လုပ်ငန်း ထိခိုက်မှုသက်သာရေးစီမံချက် (၂၀၂၀)ကို ရေးဆွဲအတည်ပြုချက်ရယူ၍ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။

ပထမအဆင့်ဖြစ်သည့် Survival တွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ၏ လိုင်စင် ကြေးများကို တစ်နှစ်တာ ကင်းလွတ်ခွင့်ပြုပေးခဲ့ရာ ဟိုတယ်နှင့် တည်းခိုခန်းများ သက်သာခွင့် ငွေကျပ်သန်း ၅၀၀ ကျော်၊ ခရီးလှည့်လည်ရေးလုပ်ငန်းများ သက်သာခွင့် ငွေကျပ်သန်း ၄၅၀ နီးပါးနှင့် ဧည့်လမ်းညွှန်များ သက်သာခွင့် ငွေကျပ် သန်း ၁၀၀ နီးပါး ရရှိစေခဲ့ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများက ပေးဆောင်ရန်ရှိ သည့် အခွန်အခများကို (၆)လရွှေ့ ဆိုင်းပေးခဲ့ ပါကြောင်း၊ FDI ဟိုတယ်များ၏ ငှားရမ်းခ ၅၀ ရာခိုင်နှုန်းကို (၉)လအထိ လျှော့ချပေးခဲ့ရာ အမေရိကန်ဒေါ်လာ ၆ သန်းနီးပါး သက်သာခွင့် ရရှိခဲ့ပြီး နိုင်ငံပိုင် ဟိုတယ်များ အနေဖြင့် ငွေကျပ်သန်း ၁၈၀၀ နီးပါး သက်သာခွင့်ရရှိစေခဲ့ ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း များအတွက် တစ်နှစ် ချေးငွေ ၁ ရာခိုင်နှုန်းအတိုးဖြင့် ငွေကျပ်သန်း ၂၁၀၀၀ ကျော် ရရှိရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ရပ်တန့်သွားရမှုကြောင့် အလုပ်လက်မဲ့ဖြစ်ရသည့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများမှ ၀န်ထမ်းများနှင့် ဆက်စပ် လုပ်ငန်းများမှ အခြေခံပြည်သူများ ဝင်ငွေရရှိစေရန် ခရီးသွားလုပ်ငန်းအခြေခံနှင့် အဆင့်မြင့် cash for training သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်သူ ၃၀၀၀ နီးပါးကို သင်တန်း ၁ ရက် လျှင် ငွေကျပ် ၄၈၀၀၊ နည်းပြအဖြစ် ဆောင်ရွက်ပေးသော ဧည့်လမ်းညွှန်များနှင့် ဝါရင့် ဟိုတယ်နှင့်ခရီးသွား၀န်ထမ်း ၁၂၀၀ နီးပါးကို ငွေကျပ်တစ်သောင်း ချီးမြှင့်ပေးခဲ့ပါကြောင်း၊ Cash for training အတွက် ငွေကျပ် သန်း ၂၃၀ အသုံးပြုပေးခဲ့ပါကြောင်း။

ဒုတိယအဆင့် Reopening တွင် ပြည်တွင်းခရီးသွားများနှင့် လုပ်ငန်းပြန်လည် စတင်ရာ၌ ခရီးသွားများနှင့် ၀န်ဆောင်မှုပေးမည့်၀န်ထမ်းများ ဘေးကင်းလုံခြုံစေရန် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနတို့က ထုတ်ပြန်ထားသော COVID 19 ကပ်ရောဂါ ထိန်းသိမ်းကာကွယ်ရေး လမ်းညွှန်မှု များကို စုပေါင်းထုတ်ပြန်ထားသည့် COVID 19 ရောဂါ ကင်းဝေးရေးဆိုင်ရာ အမျိုးသားခရီးသွားလုပ်ငန်းလမ်းညွှန်ကို လက်စွဲအဖြစ် ထုတ်ပြန်၍ သင်တန်းများပေးခြင်း၊ လိုက်နာစိစစ်မှုဆောင်ရွက်၍ လုပ်ငန်းပြန်လည်စတင်ခွင့် ပေးခြင်းတို့ကို ဒေသန္တရအာဏာပိုင်များ၊ ဆက်စပ်၀န်ကြီးဌာန မှ တာ၀န်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်တွင်း၌ လုံခြုံစိတ်ချစွာ ခရီးသွားနိုင်သော destination များ အကြောင်းကို social media မှတဆင့် ပြည်တွင်းခရီးသွားများ သိရှိအောင် digital marketing ဖြင့် လုပ်ဆောင်ခဲ့ပါကြောင်း။

တတိယအဆင့် Relaunching ဆောင်ရွက်နိုင်ရန် နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံကို safe tourism destination အဖြစ် ယုံကြည်စိတ်ချ လာစေရန် ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ အသိအမှတ်ပြု တံဆိပ်ရရှိရေးကို ဦးတည်သည့် Enchanting Myanmar Health & Safety Protocol ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ရေးဆွဲတင်ပြ အတည်ပြုချက်ရယူပြီး ဖြစ်ပါကြောင်း၊ ယင်း protocol နှင့် အညီ ဘေးကင်း လုံခြုံစွာ ခရီးသွားနိုင်ကြောင်းကို အများပြည်သူ သိမြင်လက်ခံလာရန် non-landing sightseeing flight နှင့် river cruise များကို ယခင်လကစ၍ Public Relation Campaign အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ caravan tour နှင့် day trip flight to ငပလီ နှင့် ပုဂံကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

ယင်း protocol နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရန်၊ သင်တန်းပေးရန်နှင့် လုပ်ငန်း လုပ်ဆောင်မှုကို စစ်ဆေးရန် လိုအပ်သော ကျွမ်းကျင်သူ များမွေးထုတ်ရေး ကျန်းမာရေးနှင့်အား ကစား၀န်ကြီးဌာန၏ လမ်းညွန်မှုများနှင့်အညီ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ cash for training သင်တန်းများ စတင်ပို့ချပေးနေ ပါကြောင်း၊ သင်တန်းဆရာ ၃၀၀ ဉီးနှင့် ဆင့်ပွား သင်တန်းတက်ရောက်သူ ၁၀၀၀ ကျော်ကို ငွေကျပ်သန်း ၁၄၀ အသုံးပြုသင်ကြားပို့ချသွားမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် International flight များ စတင်ပျံသန်းရေး နိုင်ငံခြား ရေး၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှု၀န်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့် ခရီးသွား လာရေး၀န်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းမှုများ လုပ်ဆောင်နေပါကြောင်း၊ Business traveller များနှင့်စတင်၍ package tour များကို COVID-19 ရောဂါ ကူးစက်မှု ထိန်းသိမ်း နိုင်သည့် နည်းလမ်းများဖြင့် မိတ်ဖက်နိုင်ငံများအကြား travel bubble များအဖြစ် စတင် ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေပါကြောင်း။

COVID-19 ကူးစက်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ ဖြစ်ပေါ်ရသည်မှာ မှန်ကန် သော်လည်း တစ်ဖက်တွင် ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာလုံခြုံမှုရှိပြီး တာဝန်ယူမှုရှိသော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းအနေဖြင့် သဘာဝသယံဇာတများနှင့် ဂေဟစနစ်အပေါ် သက်ရောက်မှုကို လျှော့ချပြီး ခရီးသွားလုပ်ငန်းမှ ရရှိသော အကျိုး အမြတ်များကို မျှတစွာ ခွဲဝေသုံးစွဲနိုင်အောင် စီမံခန့် ခွဲရေးအခွင့်အလမ်းများကိုလည်း ဖြစ်ပေါ်စေပါကြောင်း၊ ရေရှည် တည်တံ့ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (Sustainable Development Goals)နှင့်အညီ သဘာဝ အရင်းအမြစ်များအပေါ် မှီခိုနေရသည့် အခြေအနေမှ လွတ်မြောက်ရေးနှင့် ပိုမိုဒဏ်ခံနိုင်ပြီး အားလုံး ပါဝင်သော ခရီးသွားလုပ်ငန်းကို အကျိုးရှိစွာ အသုံးချနိုင်မည့် အနာဂတ်သို့ ရောက်ရှိစေရေး ခရီးသွားလုပ်ငန်းနယ်ပယ်မှ Stakeholders များအကြား စည်းလုံးညီညွှတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

တစ်ကမ္ဘာလုံးရှိ ခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဦးဆောင်မှုပေးနေသော အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်သည် ခရီးသွားလုပ်ငန်း ရေရှည် တည်တံ့ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် (၃)ရပ်အဖြစ် စီးပွားရေးလုပ်ငန်း များကို ထောက်ပံ့ ပေးခြင်း၊ အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှုများ ကိုလျှော့ချရေးဆောင်ရွက်ရန်၊ ခရီးသွား လုပ်ငန်းကို လုံခြုံစိတ်ချစွာ ပြန်လည်စတင်ရေးနှင့် ကုစားမှုပေးရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ဆောင်ရွက်ရန်နှင့် ခရီး သွားများအတွက် လုံခြုံစိတ်ချမှုပေးနိုင်သော နိုင်ငံတကာစံနှုန်းများ ရေးဆွဲခြင်းဖြင့် ခရီးသွားလာသူများ၏ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ပေးရန်တို့ ကို ချမှတ်ခဲ့ပါကြောင်း။

ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးအစီအစဉ်များ ကြီးကြပ်ဆောင်ရွက်ရန် နိုင်ငံတကာ အစိုးရများနှင့်ပုဂ္ဂလိက Stakeholder များ ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွား လုပ်ငန်း အကြပ်အတည်းဆိုင်ရာကော်မတီ (Global Tourism Crisis Committee) ကို ကမ္ဘာ့ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ဖွဲ့စည်းဆောင်ရွက်နေပါကြောင်း၊ ယင်းကော်မတီက ခရီးသွား လုပ်ငန်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လမ်းညွှန်မှုများပေးနိုင်ရန်၊ အနာဂတ်တွင် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအုတ်မြစ်များ တည်ဆောက် နိုင်ရန်၊ လူသားများ သာယာဝပြောစေရေးအတွက် စီးပွားရေးအခြေအနေများ ပြန်လည်ကောင်းမွန် လာရန်၊ တာဝန်သိခရီးသွား လုပ်ငန်းဖော် ဆောင်ရန်၊ ခရီးသွားလုပ်ငန်း ဂေဟစနစ်များနှင့် ဆက်စပ်နေမှုအခြေအနေများကို ပြန်လည်ဆန်းစစ်ရန်နှင့် လူမှုစီးပွား ပြန်လည်ထူထောင်ရေး အစီအစဉ်များကို ဖော်ဆောင်ရေးအတွက် အထောက်အပံ့ပေးသွား ရန် ရည်ရွယ်ပါကြောင်း။

Global Tourism Crisis Committee က ကိုဗစ်-၁၉ကြောင့် ခရီးသွားလုပ်ငန်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် လမ်းညွှန်မှုများပြုလုပ် နိုင်ရန်နှင့် အနာဂတ်တွင် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲ၍ ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်ရန် UNWTO Priorities for Global Tourism Recovery နှင့် UNWTO Global Guidelines to Restart Tourism ကို ရေးဆွဲချမှတ်ခဲ့ပါကြောင်း။

ကိုဗစ် - ၁၉ ကပ်ရောဂါကာလအလွန် ဒေသတွင်းစီးပွားရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် အဓိက ကျသောကဏ္ဍ ဖြစ်သည့်အားလျော်စွာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသတွင်း ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု များ ရရှိစေရေးအတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်တွင် ဗီယက်နမ် နိုင်ငံကဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခဲ့သည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး တွင် “ဒစ်ဂျစ်တယ် ခရီးသွားလုပ်ငန်းဆိုင်ရာ အာဆီယံကြေညာချက်”ကို ထုတ်ပြန်ခဲ့ ပါကြောင်း။

အဆိုပါကြေညာချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်း အခွင့်အလမ်းများ ရရှိရန်၊ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍတွင် လုံခြုံစိတ်ချစွာလည်ပတ်နိုင်ရန်၊ ကျန်းမာရေးနှင့် ညီညွှတ်သော စံသတ်မှတ်ချက်နှင့် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှု ကောင်းများ ထောက်ပံ့ပေးနိုင်ရန်၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ရှိရင်းစွဲခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုများ ခိုင်မာစေရန်နှင့် နည်းပညာတီထွင် ဆန်းသစ်မှု အစရှိသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ASEAN နိုင်ငံများ၏ ခရီးသွား လုပ်ငန်းအပေါ် COVID -19 အကျိုးသက်ရောက်မှုများ လျော့ပါးစေရေးအတွက် အဖွဲ့ဝင် နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ASEAN Comprehensive Recovery Framework (ACRF)ကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို အထောက်အကူပြုမည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာ ဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)ကို ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း သတင်းအချက်အလက်များဖလှယ်ရေး၊ ဧည့်ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူများအတွက် အင်တာနက်မှ တစ်ဆင့် လေ့လာသင်ယူနိုင်ရေး ဖော်ဆောင်ပေးခြင်း၊ Digital စနစ်ဖြင့် ခေတ်မှီဆန်းသစ် သော ခရီးသွား လုပ်ငန်းဂေဟစနစ် တည်ဆောက်ခြင်းတို့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ ခရီးသွား လုပ်ငန်း ပြန်လည်စတင်နိုင်ရေး လမ်းညွှန်ချက်များ၊ ကိုဗစ်-၁၉ အကျိုးသက်ရောက်မှုများ လျော့ပါးစေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက် ရန် ASEAN Comprehensive Recovery Framework လမ်းညွန်မှုများနှင့်အညီ ရေးဆွဲပြုစု၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အတည်ပြုချက် ရယူပြီး ဖြစ်ပါကြောင်း။

ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ခရီးသွားများ၏ရွေးချယ်မှုသည် ယခင်နှင့်မတူ ပြောင်းလဲ သွားပြီး လူပြည့်ကြပ်သော မြို့ပြဘဝခရီးသွားထက် physical distancing ဖြင့် နေထိုင်သွား လာခြင်းနှင့် nature tourism, ethnic tourism, environmental tourism ကဲ့သို့ လူစည်ကား သောနေရာမဟုတ်သည့်နေရာများကို သွားလာရန်ပိုမိုလိုလား လာကြလိမ့်မည်ဟု ခန့်မှန်းထား သည့်အတွက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြ မြေပုံနှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း မဟာဗျုဟာ လမ်းပြ မြေပုံများကို ပုဂ္ဂလိကခရီးသွား လုပ်ငန်းအဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မိမိတို့ ဒေသအလိုက်၊ ဇုန်အလိုက် ရေးဆွဲတင်ပြ သွားကြရန် လိုအပ်ပါကြောင်း။

ကိုဗစ် - ၁၉ အလွန်ကာလတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၏ ပြောင်းလဲမှု ဖြစ်စဉ်များ အတွက် ခရီးသွားများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေပြီး လိုက်လျောညီထွေ ဖြစ်အောင် ရေရှည်တည်တံ့၍ ခံနိုင်ရည်ရှိသော ခရီးသွားလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အတွက် ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ခရီးသွားလုပ်ငန်းကော်မတီများ၊ ပုဂ္ဂလိကခရီးသွား လုပ်ငန်းအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု အဖွဲ့များက ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြ မြေပုံတွင် ရေးဆွဲ ထားရှိသည့် မဟာဗျူဟာနှင့် လုပ်ဆောင်ချက်များအတိုင်း ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဗဟို ကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် ခရီးသွားလုပ်ငန်း ကော်မတီ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးတင်လတ်က ကိုဗစ် ကာလ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအပေါ် သက်ရောက်မှု များ၊ ဟိုတယ်လုပ်ငန်းများနှင့် ခရီးသွား လုပ်ငန်းများ၏ လတ်တလောအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၀) ဆုံးဖြတ်ချက်များ မှတ်တမ်းတင်ပေးနိုင်ရေး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပြင်ဆင်ဖွဲ့စည်းနိုင်ရေး၊ Myanmar Tourism Strategic Recovery Roadmap (MTSRR) (၂၀၂၁-၂၀၂၅) ကို အတည်ပြုပေး နိုင်ရေးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် မိမိဒေသ လိုအပ်ချက်အပေါ်ထင်ဟပ်၍ လိုက်နာဆောင်ရွက်ရန် ကိစ္စကိုအတည်ပြုနိုင်ရေး၊ Enchanting Myanmar Health and Safety Protocol အစီအစဉ်အရ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အတည်ပြုနိုင်ရေးနှင့် အားကစားခရီး သွားလုပ်ငန်းကော်မတီနှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီတို့အား ပြင်ဆင် ဖွဲ့စည်းခြင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတက Myanmar Tourism Strategic Recovery Roadmap (MTSRR) (၂၀၂၁-၂၀၂၅) နှင့် Enchanting Myanmar Health and Safety Protocol တို့အား စက်ခလုတ်နှိပ်၍ Online Official Launching ပြုလုပ်ပေးသည်။

ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဗိုလ်ချုပ်စိုးတင့်နိုင်တို့က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေး စည်းမျဉ်း ဉပဒေများနှင့်အညီ ဆက်လက် ပူးပေါင်းကူညီဆောင်ရွက် သွားမည့်အစီအမံများ၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်ခံရသည့် လုပ်ငန်းများအပေါ် ပြန်လည်ကုစားရေး အစီအစဉ် ဆောင်ရွက်နေမှုများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အကြံပြုချက်များ၊ အဆိုပြုချက်များနှင့် သိပညာပေးခြင်းဆိုင်ရာများ၊ သာသနာ ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း နေရာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍရှိ ကျွမ်းကျင်လုပ်သားဆိုင်ရာများ၊ ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၀) ဆုံးဖြတ်ချက်များအပေါ် ဌာနအလိုက် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ လူထုအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင် ရေး၊ ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးနှင့် ခရီးသွားများလိုက်နာ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးနှင့် စပ်လျဉ်းသည့် ပြည်ပနိုင်ငံများ၏ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ၁/၂၀၂၀ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများ၊ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများကိုလည်းကောင်း၊ ဗဟိုကော်မတီဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ ကိုလည်းကောင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်