နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၁) အစည်းအဝေးတွင် ပြောကြားသည့် အဖွင့်အမှာစကား

(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ရက်)

ဒီနေ့ကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ ဧည့်သည်တော်တွေအားလုံးကို ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့ရင်းနဲ့ နှုတ်ခွန်းဆက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းမှာ COVID-19 သက်ရောက်မှုတွေ ကုစားရေးကိုပါ ထည့်သွင်း ထားတဲ့ မြန်မာ့စီးပွားရေးနာလန်ထူရေးနဲ့ ပြုပြင်ပြောင်းလဲရေးစီမံချက်ကို မကြာခင် ထုတ်ပြန်သွားဖို့ရှိပါတယ်။ ကမ္ဘာ့ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီတို့ရဲ့ အကြံပြုချက်တွေနဲ့အတူ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက လုပ်ငန်း အသင်းအဖွဲ့ တွေနဲ့ ပူးပေါင်းပြီး ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံကို ရေးဆွဲခဲ့ပါတယ်။ ကာလတို၊ ကာလ လတ်၊ ကာလရှည် မဟာဗျူဟာရည်မှန်းချက်တွေ ပါဝင်ရေးဆွဲထားတဲ့ ဒီလမ်းပြမြေပုံကို COVID-19 ကာလ မြန်မာ့စီးပွားရေးလုပ်ငန်း ပြန်လည်ကုစားရေး အစီအစဉ်နဲ့ ချိတ်ဆက် ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

ပြန်လည်ရှင်သန်ရေးလုပ်ငန်းစဉ်မှာ အရေးအကြီးဆုံးကိစ္စကတော့ ခရီးသွားတွေနဲ့ ဝန်ဆောင်မှု ပေးတဲ့ဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ က ထုတ်ပြန်ထားတဲ့ COVID-19 ကပ်ရောဂါ ထိန်းသိမ်းကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့ ပေါင်းစည်းပြီး COVID-19 ရောဂါ ကင်းစင်ရေးဆိုင်ရာ အမျိုးသားခရီးသွား လုပ်ငန်းလမ်းညွှန်ကို လက်စွဲအဖြစ် ထုတ်ပြန်ဖို့ ဆောင်ရွက်နေပါ တယ်။

လုံခြုံစိတ်ချရတဲ့ မြန်မာ့ခရီးသွားအမှတ်တံဆိပ်အတွက် “စွဲမက်ဖွယ်ရာ ပြည်မြန်မာ”၊ ကျန်းမာ ရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံး လုပ်နည်း၊ လုပ်ငန်းစဉ်တွေကိုလည်း အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေကို လက်တွေ့အကောင်အထည်ဖော် တဲ့အခါမှာ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ အသိအမှတ်ပြုအမှတ်တံဆိပ် ရရှိရေးအတွက် သက်သက်သာမဟုတ်ဘဲ အလေ့အထတစ်ရပ်လို စနစ်တကျ လိုက်နာ ဆောင်ရွက်နိုင်တဲ့အထိ လေ့ကျင့်သွားကြရမှာ ဖြစ်ပါတယ်။ အခါအားလျော်စွာ စစ်ဆေးတာတွေ၊ ကြပ်မတ်တာတွေ လုပ်ဆောင်သွားဖို့ လည်း လိုအပ်မှာဖြစ်ပါတယ်။ ကောက်ရိုးမီးလိုမျိုး တစ်ခဏတာ မဟုတ်ဘဲ စနစ်တစ်ခုအဖြစ် အမြဲတမ်းတည်ရှိနေအောင် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။

အခုအချိန်မှာ ဒီလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အပျော်စီးလေယာဉ်ခရီးစဉ်တွေ၊ မြစ်တွင်း ရေယာဉ်ခရီးစဉ်တွေ စတင်ပြီးဆောင်ရွက်နေပြီဖြစ်ပါ တယ်။ ဆက်လက်ပြီးလည်း ကမ်းခြေဒေသ တွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီမံချက်တွေလည်း ရေးဆွဲနေပါ တယ်။ ခရီးသွားလုပ်ငန်းဟာ ကမ္ဘာနဲ့ချီပြီး အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေဖို့ဆိုရင် ကျွန်မ တို့ရဲ့ ရှေးအစဉ်အလာတွေ၊ တိုင်းရင်းသားယဉ်ကျေးမှုတွေအပြင် ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေကိုပါ ဖော်ကျူးပြသ နိုင်တဲ့ လူထုအခြေခံ ခရီးသွားလုပ်ငန်းတွေကို ဆက်ပြီးအားပေးမြှင့်တင် သွားကြစေချင်ပါတယ်။

ဒါ့အပြင် ကျေးလက်ဒေသရဲ့ အငွေ့အသက်တွေ၊ ဒေသတစ်ခုစီရဲ့ထူးခြားမှုတွေ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကို ခရီးသွားတွေ စိတ်ပါဝင်စားအောင် စီစဉ်ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ကျေးလက်ဒေသတွေမှာ သန့်ရှင်းမှု၊ လုံခြုံမှု၊ ကျန်းမာရေးနဲ့ညီညွတ်မှု၊ ဈေးနှုန်း သင့်တင့်မှု၊ ရှေးရိုးလည်းမပျက်ဘဲ တီထွင်ဆန်းသစ်မှုတွေ ပေါ်ထွက်လာစေမယ့် အသေးစား လုပ်ငန်းလေးတွေ၊ ဒေသခံစားသောက်ဖွယ်ရာတွေ၊ တည်းခိုခန်းလေးတွေ၊ ဟိုတယ်လေးတွေ ထွန်းကားလာအောင်လည်း  အားထုတ်ကြရမှာ ဖြစ်ပါတယ်။  

လုံခြုံစိတ်ချရပြီး  နှစ်လိုဖွယ်ရာကောင်းတဲ့ ခရီးသွားဒေသတစ်ခု ဖြစ်လာဖို့ဆိုရင် ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေ၊ ဝန်ကြီးဌာနတွေ၊ ပုဂ္ဂလိက အသင်းအဖွဲ့တွေ၊ ဒေသခံ ပြည်သူတွေ အားလုံးပူးပေါင်းပြီး ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ဒေသအလိုက် ရှိရင်းစွဲ အားသာချက်တွေကို အကောင်းဆုံးဖြစ်အောင်ဖော်ထုတ်ပြီး ဆွဲဆောင်နိုင်ဖို့အတွက် အတွေးသစ်၊ အမြင်သစ်၊ စိတ်ကူးအသစ်တွေနဲ့ ဆောင်ရွက် သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ခရီးသွား ဈေးကွက်မြှင့်တင်ကြရာမှာလည်း ခေတ်နဲ့အညီ ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ် ပလက်ဖောင်းတွေကို ထိုးဖောက်နိုင်ကြဖို့လည်း လိုပါတယ်။ တီထွင်ဆန်းသစ်မှု၊ နည်းပညာနဲ့ ဈေးကွက်မြှင့်တင်မှုတွေကို ဟန်ချက်ညီညီ ပေါင်းစပ်ပြီး ဆောင်ရွက် သွားကြနိုင်မှ ခရီးသွားလုပ်ငန်း စျေးကွက်မှာ တိုးနိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့   ပြောကြားလိုတာကတော့ ခရီးသွားလုပ်ငန်းနဲ့ ပြည်ထောင်စုရဲ့ အကျိုးပဲ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ တည်ထောင်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဘာလုပ်ငန်းပဲလုပ်လုပ်၊ ပြည်ထောင်စုအကျိုးကို နှလုံးသွင်းဆောင်ရွက်ကြဖို့လိုပါတယ်။ ခရီးသွားလုပ်ငန်းကို မြှင့်တင်ကြရာမှာလည်း နေရာဒေသ တစ်ခုတည်းကို ကွက်ကွက်လေးမကြည့်ဘဲ ပြည်ထောင်စုကြီးတစ်ခုလုံး ဆက်စပ် အကျိုးဖြစ်ထွန်းစေမယ့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြဖို့ကိစ္စဟာ အင်မတန်မှ အရေးကြီးပါ တယ်။ ခရီးသွားတွေအတွက် ခရီးစဉ်လမ်းကြောင်းတွေကို စိတ်ဝင်စားစရာကောင်းအောင် ဒေသတစ်ခုနဲ့တစ်ခု ချိတ်ဆက်စဉ်းစားဖော်ဆောင်ခြင်းနဲ့ ခရီးသွားလုပ်ငန်းကြောင့် တိုင်းရင်းသား ပြည်သူတွေအကြား ပိုပြီးနီးစပ်၊ ပိုပြီးညီညွတ်လာနိုင်စေမှာ ဖြစ်ပါတယ်။

စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်နေရတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းတွေ အမြန်ဆုံး ပြန်လည်ရှင်သန်ပြီး ဘေးကင်းလုံခြုံစွာ ပြန်လည် လည်ပတ် နိုင်ဖို့ အားလုံးက ညီညီညွတ်ညွတ်နဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါ တယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျန်းမာ၊ ချမ်းသာကြပါစေ။