နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့တိုးတက်ရေးအတွက် မိမိတို့ လူငယ်တွေ ပညာလမ်း ဆက်လျှောက်နိုင်ဖို့ ခြေလှမ်းတွေ မပျက်အောင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ မိဘ၊ အစိုးရ အားလုံးဝိုင်းပြီး ရုန်းရမဲ့ အချိန်ပါ၊ အင်အားတွေ ဖြည့်ကြပါ ဟုရေးသား

နေပြည်တော် ဇူလိုင် ၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က   နိုင်ငံ့တိုးတက်ရေးအတွက် မိမိတို့ လူငယ်တွေ ပညာလမ်း ဆက်လျှောက်နိုင်ဖို့ ခြေလှမ်းတွေ မပျက်အောင် ကျောင်းသူ၊ ကျောင်းသား၊  ဆရာ၊ မိဘ၊ အစိုးရ အားလုံးဝိုင်းပြီး ရုန်းရမဲ့အချိန်ပါ၊  အင်အားတွေ  ဖြည့်ကြပါ  ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် ရေးသားဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မနေ့က အထက်တန်းကျောင်းတွေ ပြန်ဖွင့်ပါကြောင်း၊  တစ်နိုင်ငံလုံးမှာ အခြေခံပညာ အထက်တန်းဆင့်သင်ကျောင်း စုစုပေါင်း ၇၁၇၃ ကျောင်းရှိတဲ့ အနက် ကျန်းမာရေးဆန်းစစ်မှုပြုလုပ်ပြီး ဖွင့်ခွင့်ပြုပေးခဲ့တဲ့ကျောင်း ၃၉၉၉ ကျောင်းရှိပါကြောင်း၊  ကျောင်းသူ၊ ကျောင်းသားဦးရေ တစ်သန်းကျော် ကျောင်းအပ်နှံခဲ့ပါကြောင်း၊  ကျောင်းတက်ရက် တစ်ပတ်ခြား စီစဉ်ထားတဲ့အတွက် ယခုအပတ်မှာ ကျောင်းအပ်နှံထားသူဦးရေရဲ့ တစ်ဝက်ဖြစ်တဲ့ ၀.၅၅၄ သန်း ကျောင်းတက်ရောက်ပါကြောင်း။

ဖွင့်ခွင့်မရသေးတဲ့ ကျောင်းများမှာ ပိုးသတ်သန့်စင်မှုပြည့်စုံစွာ မဆောင်ရွက်နိုင်ခြင်း၊ လက်ဆေး ရန်နေရာ၊ အိမ်သာနဲ့ အဖုံးပါ ခြေနင်းအမှိုက်ပုံးတို့ ပြည်စုံစွာမထားရှိနိုင်ခြင်း စတဲ့လိုအပ်ချက်များ ရှိနေခြင်းတို့ကြောင့် မဖွင့်လှစ်နိုင်သေးခြင်းဖြစ်ပါကြောင်း၊ ဒါတွေကိုလည်း ဆောလျင်စွာ ဖြည့်ဆည်းပေးပြီး ကျောင်းဖွင့်ခွင့်ပေးသွားမှာ ဖြစ်ပါကြောင်း။

မနေ့က ကျောင်းစတက်တဲ့အခါ ကျောင်းသူ၊ ကျောင်းသားများ ပုံစံအသစ်နဲ့ စာသင်ရတဲ့အတွက် ခက်ခဲမှုတွေ ရှိတယ်လို့ ကြားပါကြောင်း၊  Mask နဲ့ Face Shield ကို အကြာကြီး တပ်ထားရတာ၊ သူငယ်ချင်းတွေ အချင်းချင်း ခပ်ခွါခွါနေကြရတာတွေဟာ သူတို့လေးတွေအတွက် ခက်ခဲမှာ အမှန်ဖြစ်ပါကြောင်း၊ ထို့အတူ ဆရာ၊ ဆရာမများလည်း ယခင်ကထက် ပိုပြီး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ကြရတယ်လို့ သိရပါကြောင်း။

“ပညာရှာ၊ ပမာသူဖုန်းစား” ဆိုတဲ့စကားလေးကိုညွှန်းပြီး  ပင်ပင်ပန်းပန်း  စစ်ပညာသင်ယူ နေရတဲ့ ရဲဘော်တွေကို ဖေဖေကအားပေးခဲ့ဖူးပါကြောင်း၊ နိုင်ငံ့လွတ်လပ်ရေးအတွက် သင်ယူခဲ့ရ တဲ့ ပညာတွေ၊ ယခုတော့ နိုင်ငံ့တိုးတက်ရေးအတွက် မိမိတို့လူငယ်တွေ ပညာလမ်း ဆက်လျှောက်နိုင်ဖို့ ခြေလှမ်းတွေ မပျက်အောင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ မိဘ၊ အစိုးရ အားလုံးဝိုင်းပြီး ရုန်းရမဲ့အချိန်ပါ၊ အင်အားတွေဖြည့်ကြပါ ဟုရေးသားထားသည်။