နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုကိုးကျွန်းမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန် ဩဂုတ် ၆

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အခြေခံပညာထက်တန်းကျောင်းနှင့် ပြည်သူ့ဆေးရုံတို့အား ကြည့်ရှုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊  ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးသန့်စင်မောင်၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အထူး လေယာဉ်ဖြင့်ထွက်ခွာကြရာ ကိုကိုးကျွန်း မြို့နယ်သို့  ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ ဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြ သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုကိုးကျွန်းမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကိုကိုးကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးအေးက  မြို့နယ် တည်နေရာနှင့်အကျယ်အဝန်း၊  လူဦးရေ၊ မိုးရွာသွန်းမှု အခြေအနေ၊  အခြေခံပညာ အထက်တန်းကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုနှင့် ကျောင်းဆောင်များ ပြုပြင်ဆောင် ရွက်ခဲ့မှု၊ ဝမ်းစာမပြတ်စေရေးအတွက် လစဉ်ဆန်ထောက်ပံ့ပေးနေမှု၊  လျှပ်စစ်မီးရရှိမှုအခြေအနေ၊ မြို့နယ်၏ အဓိက စီးပွားရေး လုပ်ငန်း၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မှုနှင့် မြို့နယ်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်တင်က  ကိုကိုးကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ ဝန်ထမ်းအင်အား၊ မြို့နယ်အတွင်းလမ်း ၁၉လမ်းအား ကွန်ကရိလမ်းနှင့် ကတ္တရာလမ်းဆောင်ရွက်ပြီးစီးမှု၊  မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက် အတွက် သောက်သုံးရေ အခမဲ့ဖြန့်ဝေပေးနေမှု၊ လက်ရှိ အစိုးလက်ထက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း ၍လည်းကောင်း၊ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က   ကိုကိုးကျွန်းမြို့နယ်အတွက်  ဒီဇယ် ဓာတ်အားပေးမီးစက်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေမှု၊   အိမ်သုံးမီတာ၊ အသေးစားစက်မှုလုပ် ငန်းသုံးနှင့် ပါဝါမီတာ တပ်ဆင် ပေးထားမှု၊ ဒီဇယ်ဓာတ်အားပေးစက်အတွက် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်၌ စက်သုံးဆီရရှိမှုနှင့် နေ့စဉ်ဆီသုံးစွဲနေမှု ၊မြို့နယ်အတွင်း စိုက်ထူ ထားရှိသည့် မီးတိုင်အမျိုးအစားနှင့်အရေအတွက်၊  လက်ရှိ စိုက်ထူထားရှိသည့် ဒေသလုပ် ကျောက်တိုင်များနှင့် သံတိုင်များအား ကွန်ကရစ် ကျောက်တိုင်ဖြင့် အစား ထိုးလဲလှယ်ဆောင်ရွက်သွားမည့် အစီအစဉ်၊ ဓာတ်အားပေးစက်များ ကြံ့ခိုင်မှု ကောင်းမွန်အောင်စစ်ဆေးဆောင်ရွက်ထားရှိမှု၊  လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အတွက် လျှပ်စစ်အန္တရာယ်အကာအကွယ်ပါရှိသည့် လိုင်းကြိုးများ လဲလှယ် ဆောင် ရွက်သွားမည့်အစီအစဉ်များ၊ ကိုကိုးကျွန်းမြို့နယ် အတွက်  Solar Hybrid System ဖြင့် ဓာတ်အားမဂ္ဂါဝပ် ဒသမ ၅ထွက်ရှိမည့် ဓာတ်အားရရှိရေးလုပ်ငန်း ဆောင်ရွက် နေမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ၊ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ကျောင်းဆောင် လိုအပ်ချက်နှင့် ရာသီဥတုကြောင့် ကျောင်းစောင့်နေအိမ်ပျက်စီးသွားသည့်အတွက် ပြန်လည် ဆောင်ရွက်ပေးနိုင်ရေးတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတစ်နိုင်ငံ၏ အဓိကအင်အားကိုကြည့်ပါက အကြီးဆုံးနေရာများကို ကြည့်ပြီး အင်အားကြီးသည်ဟု သတ်မှတ်၍မရပါကြောင်း၊ အသေးဆုံးနေရာများ တောင့်တင်း မှသာ နိုင်ငံသည် အင်အားခိုင်မာသည်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ကိုကိုးကျွန်းကဲ့သို့ အသေးဆုံး နေရာကိုလာပြီး အခြေအနေလေ့လာနိုင်သည့်အတွက် ဝမ်းသာမိပါ ကြောင်း၊ ကိုကိုးကျွန်း သည် နိုင်ငံ၏နယ်စွန်နယ်ဖျား ပြင်ပစည်းကနေပြီး နိုင်ငံ၏လုံခြုံ ရေးကို စောင့်ရှောက်ပေးနေသည်ဟု ပြောပါကလည်း မမှားပါကြောင်း။

ထို့ကြောင့် ကိုကိုးကျွန်းရှိ ပြည်သူများအနေဖြင့် မိမိကိုယ့်ကိုယ် ဂုဏ်ယူစေလို ပါကြောင်း၊ တစ်ချိန်တစ်ခါက ကိုကိုးကျွန်းသည် အကျဉ်းသားများနေရသည့် ကျွန်းဆိုပြီး အမည်ရှိပါကြောင်း၊ ထို့ပြင် ခံယူချက်အရ ကိုကိုးကျွန်းတွင်လာ၍ အကျဉ်းကျခံနေရသည့် ပုဂ္ဂိုလ်များ များစွာရှိပါကြောင်း၊ ထိုသို့ခံယူချက်နှင့် ယုံကြည်ချက်ကို အဓိကထားပြီး ရုန်းကန်လှုပ်ရှားရဲသည့် ပြည်သူများရှိ၍သာ မိမိတို့နိုင်ငံသည် တိုးတက်ခြင်းဖြစ်ပါကြောင်း၊  ထို့ကြောင့် ကိုကိုးကျွန်းသည် မိမိတို့၏သမိုင်းအတွက် ဂုဏ်ယူနိုင်ပါကြောင်း။

ဒေသခံများအနေဖြင့် ကျွန်းပြင်ပဘက်ကို ထွက်သွားသူ အင်မတန်နည်းသည်ဟု သိရသည့်အတွက် စိတ်ချမ်းသာပါကြောင်း၊ ယင်းမှာ မိမိဒေသအား ချစ်ခင်မှုကို ပြပါကြောင်း၊ မိမိဒေသ၏ အခြေအနေသည် ခက်ခဲကြမ်းတမ်းသည်ဆိုပြီး ထွက်သွားရန် မစဉ်းစားဘဲ ဆက်လက်နေထိုင်လိုသည့် စိတ်ဓာတ်က နိုင်ငံအတွက် အင်မတန် ကောင်းသည့် လက္ခဏာ ဖြစ်ပါကြောင်း။

နောက်တစ်ခုမှာ သေးငယ်သည့်နေရာဖြစ်သည့်အတွက် စံပြနေရာဖြစ်အောင် လုပ်ရ လွယ်သည်ဟုမြင်ပါကြောင်း၊ တချို့က သေးငယ်၍အားငယ်သည်၊ မျက်နှာငယ် သည်၊ မည်သည့်အရာမျှ လုပ်ပေးစရာမရှိဟု ထင်ကြသူများလည်း ရှိလိမ့်မည်ဖြစ်ပါ ကြောင်း၊ သို့သော် ယင်းကဲ့သို့ သေးငယ်သည့်နေရာကို စံပြနေရာဖြစ်အောင် လုပ်ပေး၍ရပါကြောင်း၊ လုပ်ပေးရတာလည်း လွယ်ပါကြောင်း၊ လက်တွေ့ကျကျ ပြောရမည်ဆိုပါက မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးစနိုင်ငံ ဆိုသည်မှာ ကုန်ကျစရိတ်များကို မစဉ်းစား၍မဖြစ်ပါကြောင်း၊ လက်တွေ့ကျကျ စဉ်းစားရပါကြောင်း၊ သို့သော် ကိုကိုးကျွန်းကဲ့သို့နေရာမျိုးသည် မလုပ်ပေးနိုင်စရာ အကြောင်း မရှိပါကြောင်း၊ ကိုကိုးကျွန်းအနေဖြင့် ဆိုလာမီးရမည်ဆိုသည်မှာ အင်မတန်ကောင်းပါ ကြောင်း။

ကျောင်းအတွက် နောက်ထပ် အခန်း လေးခန်းတောင်းဆိုသည်မှာ ပြဿနာ မဟုတ်ပါကြောင်း၊ ချက်ချင်းလုပ်ပေး၍ရပြီး လုပ်လည်းလုပ်ပေးမည်ဖြစ်ပါ ကြောင်း၊ ပညာရေး အဆင့်မြှင့်ရန်ဆိုသည်မှာ အရေးအကြီးဆုံးဖြစ်သည့်အတွက် အရည်အချင်း မြင့်သော ဆရာဆရာမများကို ကိုကိုးကျွန်း ကဲ့သို့ နေရာမျိုးသို့လာ၍ တာဝန် ထမ်းဆောင်စေလိုပါ ကြောင်း၊ မိမိတို့နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှနေ၍ တိုးတက် အောင် လုပ်ပေးနိုင်သည် ဆိုသည့် စိတ်ဖြင့် ယခုကဲ့သို့ နေရာမျိုး သို့လာ၍ တာဝန် ထမ်းဆောင်ရသည်ကို ဂုဏ်ယူစေလို ပါကြောင်း၊ ယခုကဲ့သို့နေရာ မျိုးတွင် တာဝန်ထမ်းဆောင်ရသည်မှာ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်မည်၊ ကျော်လွှားမည်ဆို သည့် စိတ်ဓာတ်များကို အထူးသဖြင့် လူငယ်လူလတ်ပိုင်းများ တွင် ရှိစေလိုပါကြောင်း။

ကိုကိုးကျွန်း၏ တက္ကသိုလ်ဝင်တန်း အောင်မြင်မှု ရာခိုင်နှုန်းကိုအားမရပါ ကြောင်း၊ ကိုကိုးကျွန်းကဲ့သို့နေရာမျိုးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်နှုန်းကို ၁၀၀ ရာခိုင်နှုန်း ဖြစ်စေလိုပါကြောင်း၊ ထူးထူးချွန်ချွန်ဖြစ်စေလိုပါကြောင်း၊ ကိုကိုးကျွန်း ကို ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် စံပြမြို့နယ်ဖြစ်အောင် အဓိကထားပြီး ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကိုကိုးကျွန်းက ဒေသခံများသာမက တစ်နိုင်ငံလုံးက ဆရာဆရာမများကို ယခုနေရာတွင် လာရောက်၍ တာဝန်ထမ်းဆောင် လိုသည့် စိတ်ဓာတ်ကို လူငယ်ပိုင်း၊ လူလတ်ပိုင်းများကို ပြုစုပျိုးထောင်ပေးလိုပါကြောင်း။

ကိုကိုးကျွန်းကို ရောက်ရောက်ချင်းတွေ့ရသည့် အကြီးမားဆုံး အခက်အခဲတစ်ခု သည် ပြည်မနှင့် ဆက်သွယ်မှုအခက်အခဲဖြစ် ပါကြောင်း၊ သင်္ဘောခဏခဏမလာ နိုင်သည့် ကိစ္စဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အနေဖြင့် ကိုကိုးကျွန်းကို သင်္ဘောများ ယခုထက် ခပ်စိပ်စိပ်လာနိုင်ရန် အတွက် မည်ကဲ့သို့လိုအပ်ချက်များရှိသည်၊ မည်သို့လုပ်ပေးနိုင် မည်၊ မည်သို့လုပ်ပေးရမည်ဆိုသည်ကို လေ့လာပြီး အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်ပေးစေလိုပါကြောင်း။

ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကိုကိုးကျွန်းကဲ့သို့နေရာမျိုးတွင် များစွာစိတ်ချရ သည်ကို သတိပြုမိပါကြောင်း၊ ကျွန်းကလည်း ကျွန်းငယ်လေးဖြစ်ပြီး လူဦးရေကလည်း နည်းသည့်အတွက် စည်းကမ်းထိန်းသိမ်းရသည်မှာပို၍ လွယ်ကူပါကြောင်း၊ သို့သော် မပေါ့ဆရန် သတိပေးလိုကြောင်း၊ ထိုကဲ့သို့နေရာတွင်လုံခြုံအောင် ကာကွယ်ရသည်မှာ လွယ်ကူသကဲ့သို့ လုံခြုံမှု ပေါက်သွားပြီ ဆိုပါက ပြန်၍ထိန်းချုပ်ရသည်မှာ အင်မတန်မှ ခက်ခဲပါကြောင်း၊ ကိုကိုးကျွန်းကဲ့သို့ နေရာတွင် ရောဂါတစ်ခုဖြစ်သည်ဆိုလျှင် ပြန့်ပွား မှုနှုန်းက လူဦးရေ ရာခိုင်နှုန်း များစွာဖြစ်သွားနိုင်ပါကြောင်း၊ ကြိုတင်ပြီးကာကွယ် ထားနိုင်မည်ဆိုလျှင် လုံးဝ လုံခြုံပါကြောင်း၊ ထို့ကြောင့် ကြိုတင်ကာကွယ်ရေးကို အဓိက ထားစေလိုပါကြောင်း၊ ကိစ္စရပ်တစ်ခုကို ကြည့်လိုက်သည်ဆိုလျှင် အကောင်းဘက်၊ အဆိုးဘက် နှစ်ဖက်စလုံး ကို ချင့်ချိန်ပြီး ကြည့်ရပါကြောင်း၊ ကိုကိုးကျွန်းကဲ့သို့ နေရာတွင် အားသာချက်များ များစွာရှိသကဲ့သို့ အားနည်းချက်များလည်း ရှိပါကြောင်း၊ ယင်းအားနည်းချက်များသည် မကိုင်တွယ်နိုင်သည့် အားနည်းချက်များ မဟုတ်ပါ ကြောင်း၊ ယင်းကိစ္စများကို ပျောက်ကွယ် သွားအောင်မလုပ်ပေးနိုင်သည့် အခြေအနေ လည်း မရှိပါကြောင်း။

ကိုကိုးကျွန်းကို ဖိဖိစီးစီးဖြင့် စံပြမြို့လေး တစ်ခုဖြစ်အောင် နိုင်ငံ၏လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးသည့် အဝေးရောက်နေသော ကင်းတစ်ခု၊ တစ်နည်းအားဖြင့် မရှိမဖြစ်နေရာတစ်ခုဟု သတ်မှတ်၍ ကိုကိုးကျွန်း၏ တိုးတက်ရေးကို အဓိကထားပြီး လုပ်ပေးလိုပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံ၏တိုးတက်ရေးကို လေ့လာသည့် အခါတွင် ကိုကိုးကျွန်း၏ ပုံရိပ်ကိုကြည့်ပြီး နိုင်ငံမည်မျှတိုးတက်နေသလဲ ဆိုသည်ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ရန်ဖြစ်ပါကြောင်း။

ကိုကိုးကျွန်း၏ လူဦးရေ ၁၃၆၀ ကျော်သော ပြည်သူများကို လုံလုံခြုံခြုံနှင့် စိတ် ချမ်းချမ်းသာသာဖြင့်နေထိုင်စေလိုပါကြောင်း၊ ယခုအချိန်တွင် အရေးကြီးသည်မှာ ကျန်းမာရေး နှင့် ပညာရေးဖြစ်ပါကြောင်း၊ ကျန်းမာရေးကို ယခုထိကောင်းကောင်း မွန်မွန် ထိန်းထားနိုင်ပါ ကြောင်း၊ ဆက်လက်၍လည်း ထိန်းသိမ်းထားစေလိုပါကြောင်း၊ ပညာရေးအနေဖြင့် မကြာမီ တစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စဉ်းစားဆောင်ရွက်နေပါကြောင်း၊ ကိုကိုးကျွန်းကဲ့သို့ နေရာမျိုး သည် ပြန်လည်ဖွင့်လှစ်၍ ရသည့် နေရာဟု ထင်ပါကြောင်း။

နိုင်ငံ၏အနာဂတ်သည် ကလေးများဖြစ်ပါကြောင်း၊ နိုင်ငံ၏အနာဂတ် ခိုင်မာရန်၊ ပညာရေးခိုင်မာရန်လိုအပ်ပါကြောင်း၊ ပညာရေးခိုင်မာရန်ဆိုသည်မှာ ငယ်ငယ်ကတည်း က ပညာလိုချင်သည့်စိတ်၊ ပညာရယူချင်သည့်စိတ်ဖြင့် ပညာယူတတ်သည့် နည်းများ ကို ကလေးများအား သင်ပေးရမည်ဖြစ်ပါကြောင်း၊ ကိုကိုးကျွန်း၏ ပညာရေးကိုလည်း အထူး အလေးပေးပြီး လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံလုံးအတွက် အရေးပါသည့်ကိစ္စသည် ရွေးကောက်ပွဲဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံရေးအရလည်း အရေးကြီးပါကြောင်း၊ နိုင်ငံရေးအရ အရေးကြီးသည် ဆိုသည်မှာ ပြည်တွင်းရေးတွင်သာမဟုတ်ပါကြောင်း၊ နိုင်ငံတကာ အရေးအတွက်ပါ အရေးကြီး ပါကြောင်း၊ ရွေးကောက်ပွဲကို ကျန်းမာရေး စိန်ခေါ်မှု ကြားထဲမှ အောင်အောင်မြင်မြင်ဖြင့် ကျန်းမာရေးမထိခိုက်ဘဲ ကျင်းပနိုင်သည်ဆိုလျှင် နိုင်ငံအတွက် နိုင်ငံရေးအရ နိုင်ငံတကာတွင် အောင်မြင်မှုကြီး တစ်ခုဖြစ်ပါကြောင်း၊ ကိုကိုးကျွန်းတွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံးမဲပေး နိုင်အောင်၊ မဲစာရင်းမှန်အောင်၊ မှန်မှန်ကန်ကန်မဲစာရင်း ပါအောင် လုပ်ဆောင်ရန် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ အားလုံးပူးပေါင်းပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

အစိုးရ၏တာဝန်သည် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်သည့် အခြေအနေ ဖြစ်အောင် လုပ်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူ့၏ တာဝန်သည် ယင်းအခွင့်အရေးကို သုံးပြီး မဲပေးရန်ဖြစ်ပါကြောင်း၊ ပြည်သူများက နိုင်ငံ့အပေါ်တွင်ရှိသည့် တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ရန်ဖြစ်ပါကြောင်း။

ကိုကိုကျွန်းတွင် စီးပွားရေးလုပ်ငန်းများ များများစားစားမရှိပါကြောင်း၊ သို့သော် ရှိသည်လုပ်ငန်းများကို တတ်နိုင်သမျှ အောင်မြင်အောင် ဖွံ့ဖြိုးအောင် လုပ်ဆောင်သွား ရန် အရေးကြီးပါကြောင်း၊ စီးပွားရေးနှင့်ဆက်စပ်နေသည့် သင်္ဘောများ ခပ်စိပ်စိပ် လာနိုင်ရေးနှင့် ဆက်သွယ်ရေးကောင်းရန်လိုအပ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး မကောင်းသည့်အတွက် ကုန်ဈေးနှုန်းကြီးပြီး ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေ ပါကြောင်း၊ ယင်းကိစ္စများ မဖြစ်ရန် ကြိုးစားမည်ဖြစ်ပါကြောင်း။

ကိုကိုးကျွန်းကဲ့သို့ နေရာမျိုးတွင် ပြောင်းလဲမှုသည်မှန်ကန်ရန်၊ ပြောင်းလဲမှုသည် ပြည်သူများအတွက်အကျိုးရှိရန် ကြိုးစားနိုင် ပါကြောင်း၊ ကိုကိုးကျွန်းသည် နေရာသေး သော်လည်း အခွင့်အရေးများပါကြောင်း၊ အခွင့်အရေးများကို မှန်မှန်ကန်ကန် အသုံးပြုသွားမည်ဆိုလျှင် များစွာအကျိုးရှိနိုင်ပါကြောင်း၊ ပြည်သူများလည်း တိုးတက်မှု ရှိနိုင်ပါကြောင်း၊ ယခုကဲ့သို့နေရာတွင် အုပ်ချုပ်ရေးပိုင်းက ပိုမိုတာဝန်ရှိပါကြောင်း၊ တာဝန်ကြီးပါကြောင်း၊ မိမိလုပ်ဆောင်မှု မှန်လျှင်မှန်သကဲ့သို့ ထိရောက်လျှင် ထိရောက်သကဲ့သို့ အကျိုးဆက်များကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ယူထား ကြသူများ အနေဖြင့် ပြည်သူများအတွက် အကျိုးရှိအောင်ထမ်းဆောင်ကြပါဟု တိုက်တွန်းလိုပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းမှ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးလင်းရေး တို့ကို အဘက်ဘက်က ဝိုင်းဝန်းပြီး ကြိုးစားသွား မည်ဆိုလျှင် ကိုကိုးကျွန်းကဲ့သို့ နေရာသည် နှစ် ပိုင်းမဟုတ် လပိုင်းအတွင်း တိုးတက်မှုများကို ထင်ထင်ရှားရှားပြနိုင်မည် ဖြစ်ပါကြောင်း။

ထင်ထင်ရှားရှားပြနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကလည်း ယနေ့မှစ၍ ကြိုးစားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ကဏ္ဍကိုလည်း ဇန်နဝါရီ ၃၁ ရက် မတိုင်ခင် အားလုံးပြီးစီးအောင် လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာကလည်း ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပို၍အားတက်သရော လုပ်စေလိုပါ ကြောင်း၊ ကျန်းမာရေးဘက်က မည်သည့်အရာမှ တောင်းဆိုခြင်းမရှိသည့်အတွက် ပို၍ကောင်းမွန်အောင် ကြိုးစားပေးမည်ဖြစ်ပါ ကြောင်း၊ ပညာရေးဘက်က ဆရာမကြီး တောင်းဆိုသွားသည့်အရာသည် ခက်ခက် ခဲခဲမဟုတ်ပါကြောင်း၊ မကြာမီကာလအတွင်း ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ကိုကိုကျွန်းမှပြည်သူလူထုအားလုံး ကျန်းမာချမ်းသာကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းနိုင်ကြပါစေဟု ဆုတောင်း မေတ္တာပို့သအပ်ပါကြောင်း ပြောကြား သည်။

ကိုကိုးကျွန်းမြို့နယ်အား လက်ရှိတွင် 350 KVA ဒီဇယ်ဓာတ်အားပေးစက်ဖြင့် နေ့စဉ် ညနေ ၆နာရီမှ ည၁၂အထိ ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယခု တည် ဆောက်မည့် ဆိုလာ၊ ဒီဇယ်၊ ဘထ္တရီစနစ်ပါဝင်သည့် Hybrid System ဖြင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဆိုပါက  ၂၄ နာရီပတ်လုံး ဓာတ်အားပေးနိုင်မည်ဖြစ်ကြောင်း၊  လမ်းမီးတိုင်များကိုလည်း ညနေ၆နာရီမှ မနက်၆နာရီ အထိ သုံးစွဲနိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကို မကြာမီစတင်ဆောင်ရွက်မည်ဖြစ်ရာ ၂၀၂၁ခုနှစ် ဇန်နဝါရီလတွင် ကိုကိုးကျွန်းမြို့နယ်၌ ၂၄နာရီပတ်လုံး လျှပ်စစ်မီး ရရှိ မည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျေးရွာပေါင်း (၂၁၂၇) ရွာ ရှိသည့် အနက် ၂၀၁၉-၂၀၂ဝခုနှစ်တွင်  ကျေးရွာ(၁၈၄၉)ရွာ လျှပ်စစ်မီးရရှိပြီးဖြစ်ကြောင်း၊  ကျန်ရှိသည့်ကျေးရွာ (၂၅၉)ရွာအား ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ  လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုကိုးကျွန်းမြို့နယ် သာသ နာ့ မဏ္ဍိုင်ကျောင်းတိုက်သို့ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသအား ဖူးမြော်ကြည်ညို ကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုကိုးကျွန်းမြို့နယ် အခြေခံ ပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ သိလိုသည်များနှင့် လိုအပ်ချက်များကို မေးမြန်း သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အနေ ဖြင့် ကိုကိုးကျွန်းမြို့နယ်အတွင်း အလုပ်လက်မဲ့ ဦးရေစာရင်းကောက်ယူပြီး တာဝန်ရှိသူများက အလုပ်အကိုင်ဖန်တီးပေးရမည် ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ယခု ထက်ပိုမို ပညာရေး ကိုစိတ်ဝင်စားမှုရှိစေရန် နည်းလမ်းရှာဖွေဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ မူလ တန်းနှင့် အလယ်တန်းအဆင့်အတွက် ကျောင်းများအမြန် ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက် နေကြောင်း၊ ကလေးငယ်များမှာ ကျောင်းစာနှင့် ဝေးကွာနေပါက မကောင်းကြောင်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်ထား သည်မှာ တစ်လနီးပါးရှိပြီ ဖြစ်ကြောင်း၊ ကျန်းမာရေးကိစ္စ စိတ်ချရပါက တစ်ဆင့်ပြီး တစ်ဆင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား၊ကျောင်းသူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး  ကျောင်း အတွက် ထောက်ပံ့ငွေများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေကြသည့် လူနာများအား ရင်းရင်းနှီးနှီးလိုက်လံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများကို ပေးအပ်သည်။

ထို့နောက် ဆေးရုံအုပ်နှင့် ကျန်းမာရေးဝန်ထမ်းများအား ယခုကဲ့သို့သော နေရာ တွင် လာရောက်တာဝန်ထမ်းဆောင်ကြသည်ကို ဂုဏ်ယူကြစေလိုကြောင်းမှာကြားပြီး ကိုကိုးကျွန်းမြို့နယ် နေ့ကလေးထိန်းကျောင်းနှင့် ဆေးရုံအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ကိုကိုးကျွန်း လေယာဉ်ကွင်းအား မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုပြီး ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကိုကိုးကျွန်းမြို့နယ်မှ အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။

(သတင်းစဉ်)