နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့အငှားအိမ်ရာစီမံကိန်း ပန္နက်တင် မင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ ရတနာပန္နက်တော်တင်ပေး

 

ရန်ကုန် ဩဂုတ် ၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၇)လမ်းမကြီးနှင့် အမှတ်(၂) လမ်းဆုံအနီး စံပြ စိုက်ပျိုးရေး အထူးဇုန်ရှိ အိမ်ရာစီမံကိန်းဝင်းအတွင်း ကျင်းပသည့် ပြည်သူ့ အငှားအိမ်ရာစီမံကိန်း ပန္နက်တင်မင်္ဂလာသို့ တက်ရောက်၍ သတ်မှတ်နေရာ၌ ရတနာ ပန္နက်တော် တင်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်း ပေးသည်။

ပန္နက်တင် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဦးသန့်စင်မောင်နှင့် ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းနှင့် မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် မြို့ပြနေ လူဦးရေ ၁၅ သန်းအနက် တစ်လဝင်ငွေ ကျပ် သုံးသိန်း အောက်ဖြစ်သည့် ဝင်ငွေနည်း ပြည်သူ များမှာ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေကျဆင်းခြင်းတို့ ကြောင့် အိမ်ငှားနေထိုင်ရန်ပင် မတတ်နိုင်သည့် အတွက် အိမ်ရာမဲ့များ တိုးပွားလာနိုင်ပါ ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝကို ကာကွယ်နိုင်ရန်နှင့် ဆောက် လုပ်ရေးကဏ္ဍမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် လူဦးရေ များသော မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး ၊  နေပြည်တော်တို့တွင် ပြည်သူ့အငှားအိမ်ရာ ၁၀၀၀၀ ယူနစ် ဆောက်လုပ်ဖြည့်ဆည်း ပေးရန် စီမံခဲ့ခြင်းဖြစ်ကြောင်း။

အလုပ်အကိုင် အခွင့်အလမ်းပေါများသည့် မြို့ကြီးများတွင် အိမ်ရာလိုအပ်ချက် မြင့်မား လေ့ရှိပြီး ဝင်ငွေနည်း ပြည်သူများအတွက် လုံခြုံစိတ်ချရသည့်၊ သွားလာရေး လွယ်ကူပြီး ငှားရမ်းခသက်သာသည့် အိမ်ရာများတွင် နေထိုင်ခွင့်ဖန်တီးပေးနိုင်မည် ဆိုပါက အိမ်ခြေရာမဲ့ တိုးပွားလာမှုများကို စည်းကမ်းတကျ ထိန်းကျောင်း ဖြေရှင်းပေး နိုင်မည်ဟုလည်း ယုံကြည်ပါ ကြောင်း။

ပြည်သူ့အငှားအိမ်ရာများ အကောင်အထည်ဖော် တည်ဆောက်ရာတွင် ရေ၊ မီး၊ လမ်း၊ အခြေခံ အဆောက် အအုံများ ပြည့်စုံစေရန်အပြင် အိမ်ရာနေသူများ၏ လူမှုရေး လိုအပ်ချက် ဖြစ်သည့် ဈေး၊ ကျောင်း၊ ဆေးခန်း၊ အားကစားကွင်းနှင့် ပန်းခြံ စသည်များ ကိုလည်း ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ အငှားအိမ်ရာ ဈေးကွက် တွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်သည့် အစီအမံများကို ဖော်ထုတ် ဆောင်ရွက် ပေးရန် လည်း စီစဉ် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

ဤစီမံကိန်းကို Private Finance Initiative စနစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီ အသင်း အဖွဲ့များမှ ဦးစွာပထမ ငွေကြေးအရင်းအနှီး စိုက်ထုတ်၍ တည်ဆောက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် ပိုလျှံလာမည့် ဘတ်ဂျက် ထဲမှ ပြန်လည်ပေးချေမည့် စနစ်ဖြင့် အကောင် အထည်ဖော်သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ ကျွန်မတို့ ဒီအိမ်ရာစီမံကိန်းတွေ စတင် ဆောင်ရွက်နိုင်တာကို အင်မတန်မှ ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ပြည်သူ တွေရဲ့ စားဝတ်နေရေး အတွက်ပါ။ ပြောရရင် ပထမဉီးဆုံး စားရေးကတော့ အရေးအကြီးဆုံး ပေါ့။ လူတိုင်း လူတိုင်းဟာ နေ့တိုင်းနေ့တိုင်း ဝဝလင်လင်စားချင်ကြတယ်။ နောက်ပြီးတော့ ဝတ်ရေးဆိုတာကတော့ ကိုယ့်ရဲ့သိက္ခာနဲ့ ကိုက်ညီအောင်လို့ ဝတ်နေကြတယ်။ နောက် နေရေးကတော့ အဲဒီတစ်ခုလုံးနဲ့အတူတူ အရေးကြီးတာဖြစ်ပါတယ်။ ကိုယ်နေ နိုင်တဲ့ အိမ်တစ်ခု မှာ နေကြရတာပါ။ အားလုံးဟာ ကိုယ်လုံခြုံတဲ့နေရာ၊  အေးအေးဆေးဆေး ကိုယ့်မိသားစု နေနိုင်တဲ့ နေရာကိုလိုချင်ကြတာပဲ ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်မတို့နိုင်ငံလို ဖွံ့ဖြိုးမှုစတင်နေတဲ့ နိုင်ငံဆိုရင် ပြည်သူပြည်သား အားလုံး ဟာ စားဝတ်နေရေး ပြည့်စုံတယ်လို့ ကျွန်မတို့ ပြောလို့မရသေးပါဘူး။ ဒါကြောင့် အဖက်ဖက် ကနေပြီးတော့ စားဝတ်နေရေး ပြည့်စုံ မှုအတွက် ကျွန်မတို့ ကြိုးစားရတာဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် ဒီလိုအိမ်ရာစီမံကိန်းတွေ ဘာဖြစ်လို့ အရေးကြီးလဲဆိုတော့ အခြေခံစား ဝတ်နေရေးအတွက်တင်မက ကျွန်မတို့နိုင်ငံ ရင်ဆိုင်နေရတဲ့ ကိုဗစ်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာလည်း အင်မတန်မှ အရေးပါပါတယ်။

စောစောစီးစီးကတည်းက  ကိုဗစ်ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့ စီမံတဲ့ အခါမှာ စီးပွားရေးအကျိုးဆက်တွေ ဘယ်လိုရှိနိုင်မလဲဆိုတာကို ကျွန်မတို့ စဉ်းစားရပါတယ်။ စီးပွားရေးအကျိုးဆက်တွေကို ကျွန်မတို့ အကောင်း ဆုံးဘက်ကိုရောက်အောင်လို့ ဘယ်လို လုပ်ရမလဲဆိုတာကို စဉ်းစားတဲ့အခါမှာ ဆောက်လုပ်ရေး လုပ်ငန်း တွေကို အားပေးဖို့ လိုတယ်ဆိုတာကို ကျွန်မတို့ တွေ့မြင်လာရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆောက် လုပ်ရေး လုပ်ငန်းမှာဆိုရင် ကျန်းမာရေးရဲ့ လိုအပ်ချက်တွေ၊ ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထား တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ကိုက်ညီစွာ အလုပ်လုပ်နိုင်တယ်ဆိုတာ ကျွန်မတို့ တွေ့ရပါ တယ်။

ဆောက်လုပ်ရေးမှာဆိုရင် ပြည်သူတွေ အလုပ်ရရုံတင်မက ပြည်သူတွေရဲ့ ကျန်းမာရေး အတွက် လုံခြုံစွာနဲ့ အလုပ်ရနိုင်မယ့် အခွင့်အရေးတွေ ရှိတာကြောင့်မို့ ကျွန်မတို့ ဆောက်လုပ် ရေးတွေကို အားပေးတာ ဖြစ်ပါတယ်။ လုပ်ငန်းတွေ ပြန်စတင်ပြီး လုပ်ပိုင်ခွင့်ပေးတဲ့ လုပ်ငန်း တွေထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းဟာ အစောဆုံးဆိုတာကို ကျွန်မတို့ အခုပရိသတ်သိပြီး သားဖြစ်ပါမှာ။ အခုတော့ စီမံကိန်းတွေမှာ ဆိုရင် ဆောက် လုပ်ရေး လုပ်ငန်းတစ်ခုကို လုပ်လိုက်ပြီဆိုရင် ပြည်သူတွေရဲ့ အလုပ်အကိုင်  ရရှိရေးဟာ အင်မတန်မှ ကျယ်ပြန့် ပါတယ်။ ပထမဦးဆုံးစက တည်းက မြေနေရာတစ်ခု ရှင်းလိုက်ပြီ ဆိုက တည်းက ကျွန်မတို့ ပြည်သူ တွေ အလုပ်ရပါတယ်။ ရှင်းလင်းတဲ့ ဘက်မှာပါတဲ့ပြည်သူတွေ၊ စပြီးတော့  ဆောက်တယ်ဆိုရင် တော့ မပြောနဲ့ ပေါ့နော်၊ ဆောက်လုပ်ရေးမှာပါတဲ့ အဆင့်ဆင့် ကျွမ်းကျင် အလုပ် သမားတွေ လည်းပါတယ်။ သိပ်မကျွမ်း ကျင်တဲ့ အလုပ်သမားတွေ လည်းပါတယ်။ အဆင့်ဆင့်မှာ အလုပ်ရနိုင်တဲ့ အခွင့်အရေးတွေက ရှိလာပါတယ်။ နောက်ရေရှည် အတွက်လည်း ကျွန်မတို့ရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်တာလို့ ကျွန်မတို့ ပြောလို့ရပါတယ်ဟုပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ ဒီနေရာကို အခုကြည့်လိုက် ရင်တော့ လယ်ကွက်တွေ၊ လယ်ကွင်း တွေပေါ့နော်၊ ဒါပေမယ့်  ဒီအိမ်ရာ စီမံကိန်းကြီး အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ပြီ ဆိုရင်တော့ မြို့သစ်ကလေးလို ဖြစ်လာမှာပါ။ နောက် ကျွန်မတို့က နေရာရွေးတဲ့ဟာကိုလည်း သေချာစဉ်းစားပြီးမှ  ရွေးရ ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းဆိုတာဟာ အကောင်အထည်မဖော်ခင်  ပြင်ဆင် တဲ့အချိန်က နည်းပါး ပါတယ်။ သေသေချာချာ စဉ်းစားရပါတယ်။ အကောင်အထည်ဖော်လိုက်ပြီဆိုရင် အလုပ်အကိုင်ဖန်တီး ရေးလည်း မြန်ဆန်ပါတယ်။ ကျွန်မတို့  အောင်မြင်မှုလည်း မြန်ဆန်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ဒီစီမံကိန်း ဖြစ်မြောက်အောင်လို့ ဝိုင်းဝန်း ပြီးတော့ ကူညီတဲ့လူတွေအားလုံး ကျွန်မတို့ ကျေးဇူးတင်ပါတယ်။ စပြီးတော့ စီစဉ်ပေးတဲ့ ပုဂ္ဂိုလ်တွေ၊  နောက် ကျွန်မ တို့နိုင်ငံမှာ ဆိုရင် အခုစီမံကိန်းတစ်ခု ချမှတ် ပြီဆိုရင် မြေယာရရှိ ရေးက အင်မတန်အရေးကြီးပါတယ်။ သင့်တော်တဲ့နေရာလည်းဖြစ်ရမယ်။ ဘယ်သူ့ ကိုမှ ထိခိုက်တဲ့အခြေအနေမျိုးလည်း မရှိစေရဘူး။  အကယ်၍ ဒီမြေကိုပိုင်ပြီးသား ဌာနများ၊ ပိုင်ပြီး သားပုဂ္ဂိုလ်များ ရှိတယ်ဆိုရင် ဒီကိစ္စတွေကိုလည်း ဥပဒေတွေနဲ့ ကိုက်ညီစွာ မှန်မှန်ကန်ကန် မျှမျှတတ ရှင်းလင်းရတာတွေလည်းရှိပါတယ်။ ဒီလိုတစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်သွားတဲ့ အခါကျရင် အမှားအယွင်း မရှိအောင်လို့ သတိကြီးစွာနဲ့ လုပ်ရတယ်ဆိုတာကို အများသိပြီး သားဖြစ်မယ်လို့ ကျွန်မထင်ပါတယ်။

နောက်ကျွန်မတို့ အခုဒီလိုစီမံကိန်းတစ်ခုအောင်မြင်အောင် လုပ်နိုင်တယ် ဆိုတာဟာ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ခြင်းလို့လည်း ကျွန်မတို့ပြောလို့ရပါတယ်။ ဌာနအသီးသီးက ပူးပေါင်းဆောင်ရွက်ရတယ်။ လုပ်ငန်း ရှင်တွေနဲ့ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ရတယ်။ နောက်ပြည်သူတွေဘက်ကလည်း ပူးပေါင်း ဆောင် ရွက် ရတယ်။ အလုပ်သမားတွေဘက်ကလည်း ပူးပေါင်းဆောင်ရွက်ရတယ်။ ဒီလိုအားလုံး ပူးပေါင်း ဆောင်ရွက်မှ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုဟာ တကယ်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ လုပ်ငန်းတွေကို ကြည့်လိုက်တဲ့အခါကျရင် အပေါ်ယံကိုပဲ မကြည့်ဘဲနဲ့ လေးလေး နက်နက် စဉ်းစား စေချင်ပါတယ်။

အခုကျွန်မတို့ ဆောက်လုပ်ရေးလုပ်ငန်းဟာ ကိုဗစ်နဲ့ပတ်သက်လို့  အကျိုးဆက်တွေကို အကောင်းဆုံး ဖြစ်အောင်လို့လုပ်တဲ့ဘက်မှာပဲ အားသာတာမဟုတ်ပါဘူး၊ ကျွန်မတို့ရဲ့ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်း တွေနဲ့လည်း ကိုက်ညီတယ်လို့ ကျွန်မပြောချင်ပါ တယ်။ ဒီတော့ ပစ္စုပ္ပန်အတွက်ရော၊ အနာဂတ် အတွက်ရော အင်မတန်မှ လိုအပ်တဲ့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခု ဖြစ်တာ ကြောင့်မို့လို့ ကျွန်မတို့ အများကြီး လည်းဂုဏ်ယူပါ တယ်။ ကျေးဇူးလည်းတင်ပါတယ်။ အားလည်းပေးပါတယ်။ ဒါမျိုးတွေလည်း အများ ကြီးဆက် ပြီးတော့လုပ်ဖို့လည်း ကျွန်မတို့မှာ အစီအစဉ်တွေရှိ ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီး ပြောသွားတဲ့အတိုင်းပဲ ရန်ကုန်တင်မကဘူး၊ နေပြည်တော် ဘက်မှာလည်း ဒီလို လုပ်ငန်းတွေကို အမြန်ဆုံးအကောင်အ ထည်ဖော်နိုင်ဖို့ ကျွန်မတို့ ကြိုးစား သွားမှာပါ၊ အခုဆိုရင် ကျွန်မတို့ ကိုဗစ် ရောဂါနဲ့ ရင်ဆိုင်ရတာဆိုတာ ရှစ်လရှိသွားပြီလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ် တော့ ဒီနှစ်စောစောပိုင်း ပထမလကနေ စတာပဲ။ အဲဒီတော့ ရှစ်လရှိ သွားပြီဆိုတော့ စီးပွားရေး အကျိုး ဆက်တွေကတော့ တစ်တိုင်း ပြည်လုံးသာကမ တစ်ကမ္ဘာလုံးမှာ ခံနေရတယ်။ ဒီအချိန်အထိတော့ ကျွန်မတို့ နိုင်ငံမှာ စီးပွားရေး အကျိုးဆက်တွေရော၊ ကျန်းမာရေးဆိုင်ရာကိစ္စတွေရော ထိခိုက် နိုင်တယ်လို့  ပြောလို့ရ ပါတယ်။ သို့သော်လည်း ဒီကိုဗစ်ပြဿနာကြီးက ပြီးဆုံးသွားပြီလိုတော့ မပြောနိုင် သေးပါဘူး။ အခုအချိန် အထိတော့ ထိန်းထားနိုင်တယ်ဆိုတာကို ကျွန်မက ဂုဏ်ယူပြီးတော့ မပြောချင်ဘူး၊ တော်ကြာ အခြေအနေက တစ်မျိုးဖြစ် သွားမှာစိုးလို့ပါ။ ဒါပေမယ့် အခုအထိ တော့ ကျွန်မတို့ ကျေနပ်လောက်အောင် လုပ်နိုင်တယ်လို့  မြင်ပါတယ်။ ဒါပေမယ့် ရှစ်လရှိ သွားပြီဆိုတော့ စီးပွားရေး အကျိုးဆက်တွေကလည်း တစ်ဖြည်းဖြည်း ပိုပြီး တော့ ထင်ရှားလာ မှာပါ။ ဒါကြောင့် ဒီလိုအချိန်မှာ ဒီလိုလုပ်ငန်းတွေ လုပ်တာဟာ အချိန်ကိုက်ပဲလို့ ကျွန်မ ပြော ချင်ပါတယ်။ အချိန်ကိုက် မို့လို့လည်း အကျိုးက လည်းပိုပြီးတော့ထူးမယ်လို့၊ ကောင်းကျိုးတွေ အထူးရှိ မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ အားလုံးပူးပေါင်းဆောင်ရွက်တဲ့ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ များကို ကျေးဇူး တင်ပါတယ်။ ကျွန်မတို့ ပြည်သူ ပြည်သားတွေအကျိုး အတွက်လည်း ဒီနေ့ပန္နက်ရိုက်လိုက်တဲ့ အခမ်းအနား လေးဟာ အဓိပ္ပာယ်ရှိရှိနဲ့ အနာဂတ်အတွက် ကောင်းတဲ့ ခိုင်မာတဲ့ အုတ်မြစ်တစ်ခုကို ချလိုက်တယ်လို့ ကျွန်မအနေနဲ့မြင်ပါတယ်ဟု ပြောကြား သည်။

ယင်းနောက် မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက နိုင်ငံတော် က ယခုဆောင်ရွက်ပေးသည့်အတွက် အလုပ်အကိုင် အခွင့်အလန်း များ ရရှိလာမည့် အခြေ အနေနှင့်  ပြည်သူ့ အိမ်ရာဖွံ့ဖြိုးလာမှုနှင့်အတူ ပြည်သူများအခက်အခဲ မဖြစ်ပေါ်စေရန်  အိမ်ခန်းငှားရမ်းခြင်းဆိုင်ရာ ဥပဒေ ပြဌာန်း နိုင်ရေးဆောင်ရွက်နေမှုအခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြား သည်။

ထို့နောက် ပန္နက်တော်တင်အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြည်သူ့အငှားအိမ်ရာ စီမံကိန်း  ဆောင်ရွက် မည့် သတ်မှတ်နေရာ၌  ရတနာ ပန္နက်တော်တင်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။

 ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူနှင့် ဦးဟန်ဇော်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက် တာများ အသင်းနှင့် မြို့ပြနှင့်အခြေခံအဆောက် အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင် များအသင်းတို့မှ ဥက္ကဋ္ဌများက ပြည်သူ့ အငှားအိမ်ရာ စီမံကိန်း ဆောက်ရွက်မည့် သတ်မှတ်နေရာများတွင် ပန္နက်တော်များတင်ပေးကြပြီး အမွှေးနံ့ သာရည် ပက်ဖျန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေ သကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည်  အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယခု ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စံပြ စိုက်ပျိုးရေး အထူးဇုန်အတွင်းရှိ မြေဧက (၁၇၁)ဧကပေါ်တွင် အခန်းပေါင်း (၅၀၇၂)ကို တည်ဆောက် သွားမည ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကို  ဆောက်လုပ်ရေးဝန်ကြီး     ဌာန၏ ကြီးကြပ်မှု၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်  မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ချုပ်၊ လိုင်စင်ရ ကန်ထရိုက်တာများအသင်းနှင့် မြို့ပြနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းတို့မှ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်မည်  ဖြစ်ကြောင်း၊ အသင်းများ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် စုစုပေါင်း အခန်း (၆၃၀၀) တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် အခန်း(၁၂၀၀) ကျော်ကို အခြားသတ်မှတ်မြေနေရာ၌ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ် ကြောင်းသိရသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးအသင်း (၃)  သင်းမှ  ပြည်သူ့များ အတွက် အငှားအိမ်ရာ စီမံကိန်းအဖြစ် နေပြည်တော်တွင် အခန်းပေါင်း (၇၀၀)ကိုလည်းကောင်း၊ မန္တလေး တိုင်းဒေ သကြီး တွင် အခန်းပေါင်း (၃၀၀၀)ကိုလည်းကောင်း ဆက်လက် အကောင် အထည်ဖော်ဆောင် သွားမည်  ဖြစ်ကြောင်း သိရ သည်။

ပြည်သူ့အငှားအိမ်ရာစနစ်ကို မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်ကပင် ကျင့်သုံးခဲ့  ခြင်းဖြစ်ပြီး ဝန်ထမ်းများ၊ ပြည်သူများ အပါအဝင် ဝင်ငွေနည်းပြည်သူများကို ဈေးကွက် တွင်ရှိသည့် ငှားရမ်းခထက်များစွာ သက်သာ သည့် နှုန်းထားနှင့် ငှားရမ်း  နေထိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ပါလီမန်ဒီမိုကရေစီခေတ်တွင် အိမ်ခန်းပေါင်း ၉၀၀၀ ကျော်၊ ဆိုရှယ်လစ် ခေတ်တွင် အိမ်ခန်းပေါင်း ၁၁၀၀၀ ကျော်နှင့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် အိမ်ခန်း ပေါင်း ၁၄၀၀၀ ကျော် ဆောက်လုပ်ပေးခဲ့ပြီး  ဖြစ်သော်လည်း အငှားအိမ်ရာလိုအပ်ချက်တွင် မြင့်မား နေဆဲဖြစ်ကြောင်း  ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

(သတင်းစဉ်)