နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုင်းဒေသကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး အလေးထားဆောင်ရွက်ရန် ညွှန်ကြား

နေပြည်တော် ဩဂုတ် ၁၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာစကား ပြောကြားရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အရေးကြီးသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို လူတိုင်းသိသော်လည်း ကောင်းသောသိခြင်းဖြစ်ဖို့ လိုအပ်ပါ ကြောင်း၊ မည်သည့်အဖွဲ့အစည်းမှ ရောက်ရှိရာ နေရာဒေသတွင်း တာဝန်ကျေအောင် ထမ်းဆောင်ရန် အဓိကဖြစ်ပါကြောင်း၊ တာဝန်ကိုနားလည်ရန် ပြည်သူကို သစ္စာရှိရန် လိုအပ်ပါကြောင်း၊ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန်အတွက် လုပ်ရည်ကိုင်ရည်နှင့် စေတနာသည်သာ အရေးကြီးပါကြောင်း၊ အဂတိတရားလေးပါး အကြောင်းကို ဦးစွာပြောကြား လိုပါကြောင်း၊ အဂတိဆိုသည်မှာ သွားရမည့်လမ်း လွဲသွားရခြင်းဖြစ်ပါကြောင်း၊ ဆန္ဒဆိုသည်မှာ ကိုယ့်ဆန္ဒကို လိုက်လျောခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအားလုံး ကိုယ်ကိုယ့်ကို အလိုမလိုက်ရန် လိုအပ်ပါကြောင်း၊ ကြိုက်ခြင်း မကြိုက်ခြင်းအပေါ်မူတည်၍ ခွဲခြားမဆက်ဆံသင့်ပါကြောင်း၊ တန်းတူညီမျှ ဘက်မလိုက်ဘဲ ဆက်ဆံသင့်ပါကြောင်း၊ မျက်နှာမလိုက်ရခြင်းဟု ဆိုလိုပါကြောင်း၊ ဒေါသဆိုသည်မှာ လူတစ်ဦးတစ်ယောက်အပေါ်တွင် မကောင်းသော စေတနာထားခြင်းဟု ဆိုလိုပါကြောင်း၊ ကြိုက်သောသူများကို ဦးစားပေးပြီး မကြိုက်သူများကိုနှိမ်ပြီး ဆက်ဆံခြင်း မပြုလုပ်သင့်ပါကြောင်း၊ အလုပ်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ဖြစ်သောကြောင့် တန်းတူဆက်ဆံရန် လိုအပ်ပါကြောင်း၊ လမ်းလွဲခဲ့လား မလွဲခဲ့ဘူးလား သိရှိရန်လိုအပ်ပါကြောင်း၊ ပစ္စည်းဥစ္စာကြွယ်ဝခြင်းထက် မိမိတာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းအတွက် ဂုဏ်သိက္ခာရှိရန် လိုအပ်ပါကြောင်း၊ မိမိ၏ မကြိုက်ခြင်း၊ စေတနာ၊ မေတ္တာ မထားနိုင်ခြင်းကြောင့် လမ်းလွဲ မသွားစေဘဲ လမ်းမှန်အတိုင်းသွားရန် လိုအပ်ပါကြောင်း။

ဘယာဆိုသည်မှာ ကြောက်ရွံ့ခြင်း ဖြစ်ပါကြောင်း။ မိမိတို့အစိုးရအနေဖြင့် ဒီမိုကရေစီစနစ် ထူထောင်လိုခြင်းမှာ ပြည်သူများ အကြောက်တရား ကင်းစေရန် ရည်ရွယ်၍ ဖော်ဆောင်လိုခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် မတော်မတရားလုပ်သည်များ တွေ့ရှိပါက တိုင်ကြားနိုင်ပါကြောင်း၊ မဟုတ်မမှန်သည်များ ဆောင်ရွက်နေသည်ကို ကြောက်နေရန် မလိုအပ်ပါကြောင်း၊ အခွင့်အရေးနှင့် တာဝန်သည် တန်းတူညီမျှရှိနေရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီဟု ပြောဆိုကြရာတွင် ရပိုင်ခွင့်ကို အလေးထားပြီး တာဝန်ဝတ္တရားကို အလေးထားလေ့ မရှိကြပါကြောင်း၊ ဘယာကင်းဝေးရန် စနစ်ပေါ်တွင်လည်း မူတည်ပါကြောင်း၊ စနစ်မှားနေပါက တာဝန်ထမ်းဆောင်နေသူများသည် အဂတိလမ်းကို ရောက်သွားနိုင်ပါကြောင်း၊ မဟုတ်မမှန်တာ မလုပ်သည့်အတွက် မည်သူကိုမျှ ကြောက်နေရန် မလိုအပ်ပါကြောင်း၊ မှန်ကန်ရာလမ်းကိုသာ လျှောက်ရန် လိုအပ်ပါကြောင်း၊ မိမိ၏ ရာထူး၊အာဏာကြောင့် ကြောက်နေကြပါက အမှန်တကယ်လေးစားခြင်း မဟုတ်ပါကြောင်း၊ ဘယာကင်းရန် လိုအပ်ပါကြောင်း၊ မောဟသည် အားလုံးကို ခြုံပြောခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို လိုက်နာရန် လိုအပ်သလို သိရှိကြရန်လည်း လိုအပ်ပါကြောင်း၊ မသိလို့ မှားခြင်းသည် ဆင်ခြေမဟုတ်ပါကြောင်း၊ မသိဘဲ မှားခြင်းသည် ပိုမိုကြောက်ဖို့ကောင်းပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အခြားဌာနများထက် မတူကွဲပြား အထူးတာဝန်ရှိသည်မှာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးတံတားသဖွယ် ဖြစ်ပါကြောင်း၊ ရွေးကောက်ခံအစိုးရသည် အပြောင်းအလဲ ရှိနိုင်ပါကြောင်း၊ ဝန်ထမ်းသည် မှန်ကန်သော လမ်းအတိုင်းလျှောက်သွားရန် လိုအပ်ပါကြောင်း။ ပြည်သူမှ ဒီမိုကရေစီစနစ်အရ တင်မြှောက်ထားသည့်အစိုးရသည် လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့လုပ်နိုင်ဖို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အရည်အချင်း ပြည့်ဝမှုသည် အရေးကြီးပါကြောင်း။

ပြည်သူ့အစိုးရသည် မှန်ကန်ထိရောက်စွာ ဆောင်ရွက်တတ်ရန် လိုအပ်ပါကြောင်း၊ ခြုံပြောရပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်သူများသည် အဂတိ တရားလေးပါး ကင်းရှင်းပါက နိုင်ငံတော်တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မှန်ကန်ဖြောင့်မတ် လာမည်ဖြစ် ပါကြောင်း၊ မိမိလုပ်ငန်းနှင့် တာဝန်အပေါ် ဂုဏ်ယူရန်နှင့် ကျေပွန်အောင် ထမ်းဆောင်ပေးစေ လိုပါကြောင်း၊ နိုင်ငံအတွက်နှင့် ပြည်သူများအတွက် တရားဥပဒေနှင့်အညီ ထမ်းဆောင်ကြစေလိုပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ယုံကြည်အားကိုး လာပါက နိုင်ငံ၏စနစ် ကောင်းသည်၊ မှန်ကန်သည်ဟု ဆိုနိုင်ပါကြောင်း၊ အားလုံးကို ပြုပြင်ရန် စနစ်တစ်ခုကိုပြောင်းရန် မလွယ်ကူပါကြောင်း၊ ပစ္စုပ္ပန်ကို တည့်တည့်ရှုကာ ဆောင်ရွက်စေလိုကြောင်း၊ ပစ္စုပ္ပန်တွင်ကောင်းပါက အနာဂတ်ကောင်းမွန် လာပါကြောင်း၊ လက်ရှိပစ္စပ္ပုန်တွင် အရေးကြီးနေသည့် ကိစ္စရပ် (၂)ခုရှိပါကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ် နိုင်ရေး သည် အရေးကြီးကိစ္စရပ် နှစ်ခု ဖြစ်ပါကြောင်း၊ COVID-19 ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသည် နည်းနည်းပေါ့ဆလာပါကြောင်း။ ကူးစက်မှု နည်းပါးခြင်းနှင့် ဘေးကင်း လုံခြုံခြင်းကြောင့် ပေါ့ဆလာသည်ဟု ယူဆပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ဆောင်ရွက်ချက်များကြောင့် ဘေးကင်းလုံခြုံလာသည်ဟု ဆိုနိုင် ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် COVID-19 ကာလအတွင်း စီးပွားရေး ပြန်လည်ထူ ထောင်လာရန်လည်း လိုအပ်ပါကြောင်း၊ COVID-19 နှင့်ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သည် အရေးကြီးပါကြောင်း၊ နောင်တွင်လည်း ဆက်လက်အရေးကြီးနေဦးမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး တကယ်ပေါ်လာမှသာ ဘေးကင်းလုံခြုံရေးအတွက် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထုတ်နိုင်ရေးအတွက် ကြိုးစားပြိုင်ဆိုင်နေကြပြီး အောက်တိုဘာလတွင် ကာကွယ်ဆေး ထုတ်နိုင်မည်ဟု ပြောကြားနေသည်များ ရှိပါကြောင်း၊ မိမိတို့အနေဖြင့် မကူးစက်အောင် မကာကွယ်နိုင်ခဲ့သော်လည်း ပြည်တွင်းကူးစက်မှု မဖြစ်ပွားအောင် ထိန်းထားနိုင်ကြပါကြောင်း၊ ဆက်လက်ထိန်းထားရန် လိုအပ်ပါကြောင်း၊ အထွေထွေ ရွေးကောက်ပွဲ သည် ဒီမိုကရေစီစနစ်အတွက် အရေးကြီးပါကြောင်း၊ ဒီမိုကရေစီစနစ်သည် ပြည်သူများက အုပ်ချုပ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ ဒီစနစ်ထဲတွင် ပြည်သူများအနေဖြင့် အလေးထားခံရသည်ဟု မှတ်ယူရန် လိုအပ်ပါကြောင်း၊ ပြည်သူများနှင့်တစ်သွေးတည်း တစ်ညီတည်း တစ်စိတ်တစ်ဝမ်းတည်းရှိရန် လိုအပ်ပါကြောင်း၊ COVID-19 ကာလတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးသည် နိုင်ငံ၏ ဂုဏ်သိက္ခာပင် ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတကာတွင် မိမိတို့နိုင်ငံသည် အပြောခံနေရသော်လည်း COVID-19 ရောဂါ ထိန်းချုပ်နိုင်ခြင်းကြောင့် နိုင်ငံတကာအလယ်တွင် မျက်နှာရနေပါကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စအတွက် စီးပွားရေး ထိခိုက်မှု အနည်းငယ်ရှိခြင်းသည်လည်း တစ်နိုင်ငံလုံးကို ထိခိုက်နိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် COVID-19 ကို မှန်ကန်သည့် နည်း လမ်းဖြင့် ကာကွယ်၊ ထိန်းချုပ်ခြင်းဖြင့် ပြည်သူကို ကာကွယ် စောင့်ရှောက်ခဲ့ကြပါကြောင်း၊ ကိုယ်က မှန်ကန်စွာ လျှောက်လှမ်းရန်သာ လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲကို COVID-19 ကာလအတွင်း ဒီမိုကရေစီစံနှုန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပါက နိုင်ငံ၏ ဂုဏ်သိက္ခာဖြစ်ပါကြောင်း၊ COVID-19 နှင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရေးလုပ်ငန်းတာဝန်များ ကို တွဲလုပ်ရန် မလွယ်ကူပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ပါက မိမိတို့နိုင်ငံကောင်းဖို့အတွက် အခွင့်အရေး တစ်ရပ်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းကို ကောက်ယူရန် ခက်ခဲပါကြောင်း၊ အချိန်သိပ်မရှိတော့ပါကြောင်း၊ မိမိတို့မှာရှိသည့် အရည်အချင်း အားလုံးထုတ်သုံးပြီး ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ အားလုံး မဲဆန္ဒရှင် စာရင်းတွင်ပါဝင်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မဲပေးပိုင်ခွင့် ရှိအောင် ဆောင်ရွက် ပေးရန်သည် ပထမတာဝန်ဖြစ်ပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ အားလုံး မဲပေးစေရန်၊ မဲသွားပေးနိုင်စေရန်၊ ပေးနိုင်ဖို့အတွက် ကူညီဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်းရန် လိုအပ်ပါကြောင်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မဲရုံ အရေအတွက်လုံလောက်မှုနှင့် COVID-19 ကာလအတွက် လုံခြုံမှုရှိ/မရှိ သိရှိရန် လိုအပ် ပါကြောင်း၊ မဲပေးနိုင်သူ အားလုံးမဲပေးရန်အတွက်သည် အစိုးရ၏ လုပ်ငန်းတာဝန် ဖြစ်ပါကြောင်း၊ လုပ်ပေးရန် တာဝန်ရှိပါကြောင်း၊ မဲလာပေးစေရေးအတွက် နိုင်ငံ့ဝန်ထမ်း ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အရေးကြီးပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဟု ဆိုသော်လည်း နိုင်ငံ့ဝန်ထမ်းအားလုံးကို ရည်ရွယ်ပါကြောင်း၊ အလေးထားရန် တန်ဖိုးထားရန် လိုအပ်ပါကြောင်း၊ အားလုံးက သတိပြုဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ် ပါကြောင်း၊ COVID-19 ကာလအတွင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဆောင်ရွက်ချက်များ အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မှန်မှန်ကန်ကန် တာဝန် ထမ်းဆောင်ပေးစေလိုပါကြောင်း မှာကြားပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာသည့် တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးများမှ COVID-19 ကာလအတွင်း လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုအခြေအနေ များနှင့် အခက်အခဲများအား တင်ပြခဲ့ကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် မူဝါဒဆိုင်ရာအဆုံးအဖြတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# Myanmar State Counsellor Office