ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂ဝ၂ဝ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ Video Conferencing စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၁၃

၂ဝ၂ဝ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Video Conferencing စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြား သည်။

အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးစိုးဝင်း၊ ဒေါက်တာ ဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဟန်ဇော်နှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ကူညီမှု ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ညွန်ကြားရေးမှူးချုပ်များ က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ် အောက်တိုဘာလ (၁၃)ရက်ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ (International Day for Disaster Reduction- IDDR)အဖြစ် ၂ဝဝ၉ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပါကြောင်း၊ လွန်ခဲ့သည့် ၂ဝ၁၉ ခုနှစ်က ဘေးအန္တရာယ်များကို လျှော့ချရေးဆိုသည်ထက် ဘေးဖြစ်လျှင် ထိခိုက်နိုင်ခြေများကို လျှော့ချဖို့အရေးသည် ပို၍အရေးပါသည်ဟု စဉ်းစားသုံးသပ်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction- IDDRR) အဖြစ် ပြောင်းလဲခေါ်တွင်ခဲ့ ပါကြောင်း။

ယခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂ဝ၁၅-၂ဝ၃ဝ) ၏ ပန်းတိုင်(E)ဖြစ်သည့် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်များတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ မဟာ ဗျူဟာများနှင့် စီမံချက်များ အဆင်သင့်ရှိနေရေးနှင့် လက်တွေ့အကောင်အထည်ဖော်ကြရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေများကို စနစ်တကျစီမံအုပ်ချုပ်ဆောင်ရွက်ပေးနိုင် ရေးနှင့် လက်ရှိဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာများနှင့် စီမံချက်များတွင် ကူးစက်ရောဂါ အပါအဝင် ဇီဝဗေဒဆိုင်ရာ ဘေးအန္တရာယ်များအတွက် အစီအမံများကိုပါ ထည့်သွင်း ရေးဆွဲဆောင်ရွက်ပေးကြရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး အဆိုပါ ရည်ရွယ်ချက်(၃)ချက်ကို ပေါက်မြောက်အောင်မြင် အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုများ မြင့်တက်နေချိန်တွင် လူတိုင်းလူတိုင်း အခက်အခဲ ကိုယ်စီ ကြုံတွေ့နေကြရပါကြောင်း၊ ထိုသို့သော အခက်အခဲကို မိမိတို့အတွက် ယခု တစ်ကြိမ်သာ ကြုံတွေ့ရမည်ဟု မည်သူမျှ တထစ်ချပြော၍ မရပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့သော အခက်အခဲကို အခွင့်အရေးတစ်ရပ်အဖြစ်ပါ မှတ်ယူပြီး နောင်ကာလများ အတွက် ပြင်ဆင်နိုင်သည် များနှင့် သင်ယူနိုင်သည်များကို ရယူဆုပ်ကိုင်နိုင်ရန် လိုအပ်ပါ ကြောင်း၊ COVID ဘေးအန္တရာယ်နှင့် လက်တွေ့ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့သော အခမ်းအနား ပြုလုပ်ခြင်းသည် အမှန်တကယ် ပို၍လေးနက်မှုရှိမည်ဟု ယုံကြည်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးအနေဖြင့် သဘာဝ ဘေးများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများသာမက ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းများတွင်ပါ အတော်အသင့် လုပ်ဆောင်နိုင်ကြပြီဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ တွင် ကြုံတွေ့ရသည့် ကပ်ရောဂါ ဘေးများနှင့်စပ်လျဉ်း၍ COVID-19 ကပ်ရောဂါသည် မိမိတို့အားလုံး၏ ကျန်းမာရေးဆိုင်ရာ အသိအမြင်များ နိုးကြားလာရန် အချက်ပေးလိုက်သည့် ခေါင်းလောင်းသံ ဖြစ်နေ၍ပင်ဖြစ်ပါကြောင်း၊ သဘာဝတရားကြီးနှင့် ဆက်စပ်သည့် ဘေးအန္တရာယ်များ အပြင် ပြည်သူ့ကျန်းမာရေးနှင့်ဆက်စပ်နေသည့် ဘေးအန္တရာယ်များအတွက်ပါ မိမိတို့ အားလုံး ပို၍ အလေးထားလုပ်ဆောင်ရန် လိုအပ်လာပြီဆိုသည်မှာ COVID-19 က အထင်ရှားဆုံး ဥပမာတစ်ခုဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ၂ဝ၁၃ခုနှစ်ကတည်းက ရေးဆွဲအတည်ပြုထားသည့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတွင် လူနှင့်တိရစ္ဆာန်တို့ကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါဘေး များကိုပါ ဘေးအန္တရာယ်အနေဖြင့် သတ်မှတ်ထားပါကြောင်း၊ လက်တွေ့ တွင် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းဝင်ရောက်ခြင်း စသည့်အမြဲလိုလို ကြုံတွေ့နေရ သည့် သဘာဝဘေးများနှင့် ဆက်စပ်သည့် စီမံခန့်ခွဲမှုလုပ်ငန်းများကိုသာ ပိုမိုလုပ်ဆောင် နေရပြီး ယခုနှစ်များအတွင်း ကူးစက်ရောဂါဘေးအန္တရာယ်အတွက် ပထမဆုံးတိုက်ရိုက် ရင်ဆိုင်ရသည်မှာ ယခု COVID-19 ပင်ဖြစ်ပါကြောင်း၊ အစိုးရနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း၍ အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်နေကြသည်ကို မြင်တွေ့ကြရမည်ဖြစ်ပါ ကြောင်း။

မိမိတို့အနေဖြင့် ဘေးအန္တရာယ်များကို စီမံခန့်ခွဲရာတွင် ၎င်းတို့၏ သဘောသဘာဝ များကို နားလည် နိုင်ရန်၊ ဖြစ်ခဲ့ဘူးသည့် ဘေးများကို အမြဲမပြတ် သုံးသပ်အကဲဖြတ်နေရန်နှင့် အနာဂတ်တွင် ဖြစ်လာနိုင်သည့် အခြေအနေများကိုပါ ခန့်မှန်းတွက် ဆနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာ စာရင်းဇယားများအရ လွန်ခဲ့သည့် နှစ်ပေါင်း(၂ဝ)ကျော်အတွင်း ဆိုးရွားပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များသည် ကမ္ဘာတွင် (၈ဝ)ရာခိုင်နှုန်းနီးပါးအထိ တိုးမြင့်လာခဲ့ပါကြောင်း၊ ထို့အတူ ကမ္ဘာပေါ်ရှိ ဘေးသင့်သူဦးရေစုစုပေါင်း၏ (၉ဝ)ရာခိုင်နှုန်း ကျော်သည်လည်း ရာသီဥတုနှင့်ဆက်စပ် သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားကြရ သူများဖြစ်ပါကြောင်း၊ ထိခိုက်ဆုံးရှုံးမှုများကို တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် ကြည့်မည် ဆိုလျှင်(၁၉၉ဝ)ခုနှစ် နောက်ပိုင်းမှစ၍ ဘေးအန္တရာယ် များကြောင့် သေဆုံးသူစုစုပေါင်း၏ (၉၂)ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများ ကဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်ပေါင်း(၂ဝ)အတွင်း တစ်ကမ္ဘာလုံးတွင် ဘေးသင့်သူ စုစုပေါင်း(၈၈)သန်းခန့်ရှိခဲ့ရာ အဆိုပါ ဘေးသင့်သူများမှ ရေဘေးကြောင့်ဒုက္ခခံစားရသူပေါင်း (၇၆)သန်းရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့်(၈၆) ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ (၂ဝ၂ဝ)ခုနှစ် တစ်နှစ် တည်းကို ကြည့်မည် ဆိုပါက ပြီးခဲ့သည့်ဇွန်လလောက်ကစ၍ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ တောင်ကိုရီးယား၊ ယီမင်နှင့် အာဖဂန်နစ္စတန်နိုင်ငံများတွင် မိုးသည်း ထန်စွာရွာသွန်းမှု များကြောင့် ရုတ်တရက်ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အမြောက်အများ သေဆုံးခဲ့ကြရပါကြောင်း။

ရေကြီးမှုများ၊ ဆိုင်ကလုန်းမုန်တိုင်းဘေး၊ မြေငလျင်၊ မြေပြိုကမ်းပြိုဘေး၊ လေပြင်း ဘေးနှင့် မိုးခေါင်ရေရှားဘေးစသည့် သဘာဝဘေးအန္တရာယ်များသည် မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို များစွာထိခိုက်စေပါကြောင်း၊ မြန်မာ နိုင်ငံတွင် ပျမ်းမျှအားဖြင့် လူဦးရေ(၁)သန်း ကျော်ခန့်သည် ရေကြီးမှုဘေးနှင့် ဆိုင်ကလုန်းမုန်တိုင်းဘေးတို့ကို နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေကြရ ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်းသည့် ခန့်မှန်းချက် များအရ မိမိတို့နိုင်ငံတွင် မိုးရွာသွန်းမှု ပိုမိုများပြားလာဖွယ်ရှိပြီး မြစ်ရေကြီးမှုအန္တရာယ်မြင့် တက်လာနိုင်ပါကြောင်း၊ ထို့ပြင် ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာမှုကြောင့် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ချိန်များတွင် မုန်တိုင်းဒီရေအန္တရာယ် ပိုမိုကြီးမားလာဖွယ်ရှိပါကြောင်း။

တစ်ချိန်တည်းမှာပင် မိမိတို့အားလုံး ကြုံတွေ့နေကျဘေးအန္တရာယ်များအပြင် အခြား သော အန္တရာယ် များဖြစ်သည့် တိရစ္ဆာန်များကတစ်ဆင့်ဖြစ်စေ၊ လူအချင်းချင်းကဖြစ်စေ ကူးစက်နိုင်သည့် ကပ်ရောဂါဘေးများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုများနှင့် ရာသီဥတုဆိုင်ရာ ပြင်းထန် ဆိုးရွားသည့် ဖြစ်စဉ်များအတွက်ပါ ကြိုတင်ပြင်ဆင်မှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း။

မိမိတို့အားလုံးရင်ဆိုင်နေကြရသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးသည် အဖွဲ့ အစည်း တစ်ခုတည်းက ကိုင်တွယ်ဆောင်ရွက် ၍ရသော ကိစ္စရပ်မဟုတ်သည့်အတွက် နိုင်ငံ များ၏ စီမံအုပ်ချုပ်မှုစနစ်ကို စမ်းသပ်စိန်ခေါ်လိုက်သည့် ဘေးအန္တရာယ် ဟုဆိုရမည်ဖြစ် ပါကြောင်း၊ ယခုနှစ်တွင် ထူးခြားစွာ IDDRR နေ့၏ ဆောင်ပုဒ်သည် စီမံအုပ်ချုပ်မှုစနစ် ထိရောက်ကောင်းမွန် ရေးသည် မည်မျှအထိအရေးကြီးသည်ကို မီးမောင်းထိုးပြနေပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ပေါင်းစည်းညီညွတ်သော စီမံဆောင်ရွက်မှုမှသည် သဘာဝ ဘေးလျော့ပါးရေးဆီသို့”(It’s All About Governance)ဆိုသည့်အတိုင်း ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုများ လုပ်ဆောင်သည့်အခါ ‘သူတစ်လူ၊ငါတစ်မင်း’လုပ်၍ မရပါကြောင်း၊ မိမိတို့အားလုံး၏ ဘုံရည်မှန်းချက် ဖြစ်သည့် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေး ပူးပေါင်းပါဝင်ကြသူများအားလုံးအနေဖြင့် အထက်အောက်၊ ဘေးတိုက်၊ (၃၆ဝ)ဒီဂရီပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီညီလုပ်ဆောင်နိုင်မှသာ ရည်မှန်းချက်အောင်မြင် မည်ဖြစ်ပါကြောင်း၊ ကောင်းမွန်ပြည့်စုံပြီး ပေါင်းစည်းညီညွတ်သည့် စီမံဆောင်ရွက်မှုများဖြစ် စေရန် မိမိတို့၌ ဥပဒေများ၊ မူဝါဒများ၊ အဖွဲ့အစည်းများ၊ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှုအစီအမံများရှိရန် လိုအပ်ပါကြောင်း။

ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် စီမံချက်များရှိခြင်း ဖြင့် ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စနစ်တကျလုပ်ဆောင်နိုင်မည် ဖြစ်သည့် အပြင် လိုအပ်သည့် အရင်းအမြစ်များ ရရှိနိုင်ရေးကိုပါ အထောက်အပံ့ဖြစ်စေပါ ကြောင်း၊ ထိုအစီအမံများကို မည်သူတို့က ဦးဆောင်အကောင်အထည်ဖော်မည်၊ ဘယ်သူတို့က ပူးပေါင်းပံ့ပိုးမည်၊ လိုအပ်သည့် နည်းပညာနှင့် အရင်းအမြစ်များက မည်သည်တို့ဖြစ်သည်၊ မည်သို့သော နည်းလမ်းများဖြင့် အကောင်အထည်ဖော်မည်၊ မည်သည့်အချိန်ကာလတွင် ပြီးစီးအောင်ဆောင်ရွက်ကြမည် စသည်တို့သည် စီမံအုပ်ချုပ်မှုဟူသည့် သစ်ပင်၏ အကိုင်း အခက်များပင်ဖြစ်ပါကြောင်း၊ ပင်စည်နှင့် ရေသောက်မြစ်ဖြစ်သည့် စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်နိုင်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်ပြည့်ဝမှုတို့သည်လည်း Governance ဟူသည့် စီမံအုပ်ချုပ်မှုသစ်ပင် စည်ပင်တိုးပွား တည်တံ့စေရေးအတွက် လွန်စွာအရေးကြီး ပါကြောင်း။

ဘေးအန္တရာယ်အမျိုးအစား၊ ဖြစ်ပွားမှုအနေအထားများနှင့် ပြင်းအားများသည် တစ်သမတ်တည်း မရှိတော့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့်ဆယ်စုနှစ် ကာလများက လူသားများ နှင့် သဘာဝပတ်ဝန်းကျင်အကြား အပြန်အလှန်အမှီသဟဲပြု နေမှု ဂေဟစနစ်ကို လျစ်လျူရှုပြုမူ ခဲ့မိသည့် ဆိုးကျိုးများကို ယနေ့ကမ္ဘာတွင် တွေ့ကြုံခံစား နေကြရခြင်းဖြစ်ပါကြောင်း၊ အချိန် မလွန်ခင် ပြန်လည်ပြင်ဆင်ကုစားကြရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊ ရေရှည်တွင် သဘာဝ ဘေးများကို လျှော့ချနိုင်ရေးအတွက်မိမိတို့ ပတ်ဝန်းကျင် ဂေဟစနစ်များကို ပြန်လည်ထိန်းညှိရန် လိုအပ်သကဲ့သို့ ဘေးအန္တရာယ်ဆိုင်ရာစီမံဆောင် ရွက်မှုများကိုလည်း ပိုမိုအားကောင်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ မျိုးဆက်နှင့် နောင်မျိုးဆက်များ အားလုံးအတွက် လုံခြုံစိတ်ချပြီး ဘေးဒဏ် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သည့် လူ့အဖွဲ့အစည်းကို လက်ဆင့်ကမ်းပေးခဲ့နိုင်မည်ဖြစ်ပါကြောင်း၊ တစ်ဘက်တွင်လည်း အမြော်အမြင်ရှိရှိ စီမံခန့်ခွဲ တတ်သည့် အလေ့အကျင့်ကို ပြုစုပျိုးထောင် ပေးခဲ့နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်မိမိတို့ အားလုံး၏ ပေါင်းစည်းညီညွတ်သည့် စီမံဆောင်ရွက်မှုများမှတစ်ဆင့် သဘာဝဘေးလျော့ပါးသည့် အနာဂတ်လူ့ဘောင်သစ်ဆီသို့ အရောက်လှမ်းတက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် United Nations Resident Coordination and Humanitarian Coordinator. Mr, Ola Almgren က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက နှုတ်ခွန်းဆက်စကားပြောကြား သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်း ရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနသို့ ၂ဝ၂ဝ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အခမ်းအနား ဖြစ်မြောက် ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြသည့်အဖွဲ့ အစည်းများအား ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

#Myanmar_President_Office