ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း(၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင်ပေးပို့သည့်သဝဏ်လွှာ

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့သည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အထင်ကရ မှတ်တိုင်ဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၌ ပါဝင်ကြသူများ၊ စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကူညီအားပေးကြသူများ၊ NCA စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ရေး ဖြစ်မြောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြသည့် တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရဟန်းရှင်လူပုဂ္ဂိုလ်များအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်ပြည့်စုံပြီး တိုင်းပြည်၏ ငြိမ်းချမ်းရေး အကျိုးကို ဆတက်ထမ်းပိုးထမ်း ဆောင်နိုင်ကြပါစေကြောင်း ဦးစွာဆန္ဒပြုနှုတ်ခွန်းဆက်သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးများစုပေါင်း နေထိုင်ကြပြီး ပြည်ထောင်စု နိုင်ငံတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေထိုင်ခဲ့ရာမှ ၁၈၈၅ ခုနှစ်တွင် နယ်ချဲ့တို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပါသည်။ နယ်ချဲ့များသည် လွတ်လပ်ရေးမပေးရအောင် သွေးခွဲအုပ်ချုပ်မှုများ ပြုလုပ်ခဲ့ပါသည်။ လွတ်လပ်ရေးပေးရမည့် အခါတွင်လည်း ခွဲထွက်ရေးလှုပ်ရှားမှုများ၊ ဆူပူမှုများနှင့် လက်နက်ကိုင်သောင်းကျန်းမှုများ ဖြစ်စေရန်အတွက် ဖန်တီးပေးထားခဲ့သည်။ မိမိတို့နိုင်ငံအတွင်း ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် အရောင်အသွေးစုံသည့် ရောင်စုံသောင်းကျန်းမှုကြီး ပေါ်ပေါက်ခဲ့သည်မှာ ယနေ့အထိ နှစ် ၇၀ ကျော်ကြာမျှ ကြာမြင့်ခဲ့ပါသည်။ အစိုးရ အဆက်ဆက်က ပြည်တွင်းသောင်းကျန်းမှု ချုပ်ငြိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းခဲ့ကြသော်လည်း အခြေအနေ အမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ကြောင်းတွေ့ရှိရပါသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ တပ်မတော်အစိုးရ လက်ထက်တွင် ဒို့တာဝန်အရေး(၃)ပါးကို အခြေခံလျက် စေတနာမှန်စွာဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်၍ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့ကာ တစ်နိုင်ငံလုံးနီးပါး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ပါသည်။ တပ်မတော် အစိုးရလက်ထက် ငြိမ်းချမ်းရေး ရယူရာတွင် ယာယီနေထိုင်ရေး၊ နယ်မြေကန့်သတ် သဘောတူညီချက်၊ ဒေသဖွံ့ဖြိုးရေးသဘောတူညီချက်စသည့် Gentleman Agreement များသာ ရရှိခဲ့ပါသည်။ ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရာတွင် ထာဝရငြိမ်းချမ်းရေးမရရှိဘဲ ပြောင်းလဲရန် ခက်ခဲပါသည်။ ပါတီစုံဒီမိုကရေစီ ခေတ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းများ၊ သဘောတူညီချက်များ၌ တစ်ပုံစံတည်းဖြစ်စေရန်၊ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီစေရန် လိုအပ်လာပါ သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး၏အစဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ရေးဆွဲနိုင်ရေးကြိုးပမ်း ခဲ့ကြသည်။

၂၀၁၃ ခုနှစ်၊ နို၀င်ဘာလ ၂ ရက်တွင် လိုင်ဇာညီလာခံမှအခြေခံပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ကို အတူတကွညှိနှိုင်းရေးဆွဲခဲ့ကြပါသည်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် တစ်ခုတည်းသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း)ရရှိခဲ့ပါသည်။ ပထမစာချုပ်မူကြမ်းမှ NCA စာချုပ်အထိ သဘောတူညီမှုရရှိရေး ၆ ကြိမ် အသေးစိတ် အကျေအလည်ဆွေးနွေးပြီး အားလုံးသဘောတူညီ ချက်ရရှိပြီးမှသာ စာချုပ်၌ရေးသားခဲ့ကြခြင်းဖြစ်ပါသည်။ NCA တွင် ပါဝင်သည့် သဘောတူညီချက် အားလုံးနီးပါးသည် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ တင်ပြချက်များ အပေါ် အခြေခံပြီး အစိုးရနှင့်တပ်မတော်ဘက်မှ ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပါ သည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ ဝိုင်းဝန်း ကြိုးပမ်းမှု၊ သည်းခံမှု၊ သဘောထားကြီးမှု၊ အနစ်နာခံ ကြိုးစားအားထုတ်မှုများကြောင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် သမိုင်းဝင်သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂ ဖွဲ့နှင့် ထပ်မံလက်မှတ် ရေးထိုးနိုင်ခဲ့ပါသည်။ NCA ဖြစ်ပေါ်လာမှုသည် ခက်ခက်ခဲခဲ နက်နက်ရှိုင်းရှိုင်း ကြိုးပမ်းခဲ့ရခြင်းဖြစ်သဖြင့် ပါဝင်သူအားလုံးကို တပ်မတော် အနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

NCA စာချုပ်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ဟု အမည်တွင်သော်လည်း စာချုပ်ထဲတွင်ပါဝင်ခဲ့သည့် သဘောတူညီချက်များသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုသည်ထက် ပိုမိုကျယ်ပြန့်ပါ သည်။ NCA ၏အခြေခံမူများ၌ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှု အသစ်တစ်ရပ် ထူထောင်ပြီး တန်းတူရည်တူအခွင့်အရေးရရှိ၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် သဘောတူထားကြခြင်းဖြစ်သဖြင့် နိုင်ငံရေးလမ်းပြမြေပုံနှင့်အညီ နိုင်ငံရေးဆွေးနွေးမှုရလဒ်များမှတစ်ဆင့် တိုးတက်ဖြစ်ပေါ် လာသော လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိသကဲ့သို့ နိုင်ငံရေးမူဝါဒအပေါ် အခြေခံဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများနှင့် ဒေသနှင့် တိုင်းရင်းသားလူမျိုးများအပေါ် အခြေခံဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများ စသည်ဖြင့် နိုင်ငံရေးပါတီ မျိုးစုံရှိပါသည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် နိုင်ငံ့အရေးကိုဆောင်ရွက်ကြမည့် နိုင်ငံရေးပါတီများသည် နိုင်ငံတော် တည်ဆောက်ရေးတွင် ကျယ်ကျယ် ပြန့်ပြန့် ကိုယ်စားပြု ပါဝင်ဆောင်ရွက်နိုင်ရန်လိုအပ်ပါသည်။ ထိုကဲ့သို့ ပါဝင်နိုင်သည့်စနစ်ကိုကျင့်သုံးပါမှ မိမိတို့ဒေသအကျိုးနှင့် ­လူမျိုးအကျိုးကိုပါ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက် နိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။ သို့မှသာ ထာဝရငြိမ်းချမ်းရေးမှ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု စနစ်ကို အမြန်ဆုံးသွားရောက် နိုင်မည်ဖြစ်သဖြင့် ၎င်းကိစ္စကို နည်းလမ်းတစ်ခုအနေဖြင့် စဉ်းစားကြစေလိုပါသည်။

ပင်လုံစာချုပ်သည် မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်မှု ပိုမိုကျစ်လျစ် ခိုင်မာစေရေး အသိအမှတ်ပြုသည့် ပြယုဂ်ဖြစ်သကဲ့သို့ NCA သည်လည်း နှစ်ကာလများစွာက ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများပပျောက်ရေး၊ ယုံမှားသံသယများပပျောက်ရေး စသည့် သမိုင်းတန်ဖိုးကို ဖော်ပြသော ပြယုဂ်ဟုသဘောထားအသိအမှတ်ပြုကာ NCA စာချုပ်ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက် အကောင် အထည်ဖော်ကြရမည်ဖြစ်ပါသည်။ သဘောတူညီပြီးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ်(Union Accord)အစိတ်အပိုင်း ၃ ခုကိုလည်း ဒီမိုကရေစီနည်းလမ်းအရ လွှတ်တော်၌ ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

COVID-19 ရောဂါသည် မိမိတို့နိုင်ငံတွင် ယခုနှစ်စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး Second Wave အဖြစ် ပြန်လည်ဖြစ်ပွားလျက်ရှိကာ ရောဂါပိုးတွေ့ရှိသူ သောင်းဂဏန်းကျော်နှင့် သေဆုံးသူများလည်း ရာဂဏန်းကျော် ရှိသွားပြီဖြစ်ပါသည်။  တပ်မတော်အနေဖြင့် ရောဂါကြိုတင် ကာကွယ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် အရှိန်အဟုန်ဖြင့် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှိရာ ဒေသများသို့ သွားရောက်ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မိဘပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် စွမ်းအားရှိသမျှ ပြည်သူများနှင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

COVID-19 ရောဂါအား ကာကွယ်နိုင်ရန်အတွက် ထုတ်ပြန်ထားသည့်စည်းမျဉ်း စည်းကမ်းများအား တိကျစွာ အလေးထား လိုက်နာ ဆောင်ရွက်ခြင်းဖြင့် စည်းကမ်းကောင်းသည့် နိုင်ငံသားအဖြစ် ကျော်လွှားသွားရမည်ဖြစ်ပါသည်။ COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေပြီး သန်း ၇၀၀၀ သောလူသားများ၏ လူမှုစီးပွားကျဆင်းနေမှု ရှိသော်လည်း စားနပ်ရိက္ခာရောင်းဝယ်မှုသည် ကျဆင်းမှုမရှိဘဲ စားရေးသည်လူတိုင်းအတွက် လိုအပ်ချက်ဖြစ်သဖြင့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအလိုက်ကြိုးစား ထုတ်လုပ်ပြီး တစ်ဦးချင်းဝင်ငွေမှ နိုင်ငံ့ဝင်ငွေ ရရှိအောင် လုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါသည်။ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မိဘပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် တပ်မတော်အနေဖြင့် စွမ်းအားရှိသမျှ ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အသက်ပင်ဖြစ်သည့်အတွက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ပါသည်။ ရွေးကောက်ပွဲတွင် “ပြည်ထောင်စုစိတ်ဓာတ်စစ်စစ်ဖြင့် တိုင်းပြည်ကောင်းအောင် စေတနာထား လုပ်ဆောင်မည့်၊ ဥပဒေကိုစိတ်ဝင်စားအလေးထားသည့် ကိုယ်စားလှယ်ကောင်းများရရှိရေးကို ဂရုတစိုက်စိစစ် ရွေးချယ်သွားရန် ” အသိပေးလိုပါသည်။ ရွေးချယ်မှုမှန်ကန်မှသာ တိုင်းရင်းသားများ လိုလားသည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို ပြည့်ပြည့်ဝဝ ခံစားနိုင်မည် ဖြစ်ပါသည်။

တပ်မတော်အနေဖြင့်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လိုအင်ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် စုစည်းညီညွတ်ခိုင်မာသည့် ပြည်ထောင်စုကြီး ကို တိုင်းရင်းသားပြည်သူလူထုနှင့်အတူ လက်တွဲ၍ တည်ဆောက်သွားမည်ဖြစ်ပြီး အဖွဲ့အစည်း အားလုံး၊ တိုင်းရင်းသားပြည်သူလူထုအားလုံးကလည်း အမိနိုင်ငံတော်၏ ထာဝရငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပါဝင်ဆောင်ရွက်သွားနိုင်ရေး သဝဏ်လွှာ ပေးပို့တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်