ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်းနေ့ ( World Statistics Day – 2020 ) အခမ်းအနား (Virtual Event) သို့ Video Conferencing စနစ်ဖြင့် တက်ရောက် အမှာ စကားပြောကြား

နေပြည်တော် အောက်တိုဘာ ၂၀

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စာရင်းအင်းနေ့ ( World Statistics Day – 2020 ) အခမ်းအနား (Virtual Event)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်-၃၂ ၌ ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Video Conferencing စနစ်ဖြင့် တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ အတွင်းရေးမှူး ညွန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးစိုးဝင်း၊ ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဦးဟန်ဇော်နှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြ သည့် ဦးတင်မြင့်၊ ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍလုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ကုလသမဂ္ဂစာရင်းအင်း ကော်မရှင်က ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် (၆၉/၂၈၂) အရ ၂၀၁၀ ပြည့်နှစ်မှစတင်၍ အောက်တိုဘာလ ၂ဝ ရက်ကို ကမ္ဘာ့စာရင်းအင်းနေ့ (World Statistics Day) အဖြစ်သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် (၅)နှစ်တစ်ကြိမ် ကျင်းပလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌လည်း ကမ္ဘာ့ စာရင်းအင်းနေ့ကို၂၀၁၀ ပြည့်နှစ်တွင် ပထမအကြိမ်၊ ၂၀၁၅ ခုနှစ် တွင် ဒုတိယအကြိမ် ကျင်းပခဲ့ ပါကြောင်း၊ ယခုနှစ်တွင် COVID-19 ကပ်ရောဂါကို ကမ္ဘာ တစ်ဝန်းကြုံတွေ့နေရသည့်အတွက် အခမ်းအနားကို Onilne ဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါ ကြောင်း။

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်းနေ့ ဆောင်ပုဒ်ဖြစ်သည့် “Connecting the world with data we can trust” “ဆန်းသစ်ယုံကြည် စာရင်းအင်းအချက်အလက်အခြေတည် ချိတ်ဆက်ဝေမည် ဖွံ့ဖြိုးတိုးတက်နိုင်ငံဆီ” ဟူသောဆောင်ပုဒ်သည် အမျိုးသားစာရင်းအင်း စနစ်အားကောင်းလာပြီး ယုံကြည်စိတ်ချရသည့် စာရင်းအင်းအချက်အလက်များ ထုတ်ပြန် ပေးခြင်းဖြင့် ပြည်သူများ၏ ယုံကြည်မှုတိုးမြှင့်လာစေရန်၊ ယုံကြည်စိတ်ချရသည့် အချက် အလက်များနှင့် နိုင်ငံတကာအသိုင်း အဝိုင်းများအကြား ချိတ်ဆက်မှု အားကောင်းလာစေရန် ရည်ရွယ်ထားပါကြောင်း။

ကမ္ဘာကြီး၏ လက်ရှိပြောင်းလဲမှုကို သိရှိနိုင်ရန် ယုံကြည်ကိုးစားနိုင်သည့်အချက် အလက်များ လိုအပ် သကဲ့သို့ ကမ္ဘာတစ်ဝန်း တွေ့ကြုံနေရသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် Corona Virus ရောဂါကူးစက်မှု၊ ပျံ့နှံ့မှုကို တုံ့ပြန်ရာတွင် စာရင်းအင်းအချက် အလက်များသည် များစွာအရေးပါ သည် ကို တွေ့ရပါကြောင်း။

ယနေ့အခမ်းအနား၏ နောက်ထပ်ရည်ရွယ်ချက်မှာ စာရင်းအင်းအရည်အသွေးပြည့်ဝရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျ မှန်ကန်စေရေးအတွက် လူမှု-စီးပွားဆိုင်ရာ အချက် အလက် များနှင့် ညွှန်းကိန်းများကို ပြည့်စုံအောင်တွက်ချက်နိုင်မည့် မြန်မာ နိုင်ငံအမျိုးသား စာရင်းအင်း စနစ် ပေါ်ပေါက်လာစေရန် Stakeholders များအားလုံးအနေဖြင့် လိုအပ်သည့် စာရင်းအင်းများ ပံ့ပိုးကူညီ နိုင်ရန်နှင့် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေ ရန်၊ ယုံကြည်စိတ်ချရသည့် အချက်အလက်များနှင့် အစိုးရနှင့် ပြည်သူများအကြား၊ နိုင်ငံ တကာ အသိုင်းအဝိုင်းများအကြား ယုံကြည်မှုတိုးမြင့်စေရန် ဖြစ်ပါကြောင်း။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁)ဖြင့် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ၏ စာရင်းအင်း ဥပဒေသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၂၂) ရက်တွင် စတင်ဥပဒေ သက်ရောက်နေပြီ ဖြစ်ပါကြောင်း၊ စာရင်းအင်းဥပဒေသည် စာရင်းအင်းနှင့် ဆိုင်သည့် ဥပဒေ အားလုံးတို့၏ Mother Law ဖြစ်ပါကြောင်း။

တိကျမှန်ကန်၊ အရည်အသွေးပြည့်ဝပြီး ယုံကြည်စိတ်ချရသည့် စာရင်းအင်းများကို အချိန်နှင့် တစ်ပြေးညီ ပြုစုပံ့ပိုးနိုင်သည့် မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ် ပေါ်ပေါက် စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီကို စာရင်းအင်းဥပဒေအရ အဆင့်မြှင့်တင်ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပြီး စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အတွင်း စာရင်းအင်းအချက်အလက် မှန်ကန် ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟို ကော်မတီအစည်း အဝေးကို (၁၀)ကြိမ် ကျင်းပနိုင်ခဲ့ပါကြောင်း။

စာရင်းအင်းဥပဒေအရ စာရင်းအင်းမူဝါဒအနှစ်ချုပ် (Statistical Policy Brief)၊ စာရင်း အင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသား အဆင့်မဟာဗျူဟာ (National Strategy for Development of Statistics-NSDS)Implementation Action Plan (2018-19~2022-23) တို့ကို ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ခေတ်စနစ်နှင့်အညီ၊ ဌာနများ၏လိုအပ်ချက်များနှင့် အညီအကောင် အထည်ဖော် နိုင်ရေးအတွက် NSDS Implementation Action Plan ကို Living Document အနေဖြင့် ထားရှိဆောင်ရွက်လျက်ရှိပါကြောင်း။

စာရင်းအင်းကဏ္ဍများအလိုက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာစေရေးလုပ်ငန်းအဖွဲ့(Clusters) (၁၀) ဖွဲ့ ဖွဲ့စည်းဆောင် ရွက်ခဲ့သည့်အတွက် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူ ပြုစေမည့် စာရင်း အင်းအချက်အလက် များကို ဖြည့်ဆည်းပေးနိုင်ရန် တိရစ္ဆာန်သန်းခေါင်စာရင်း၊ မြန်မာ နေထိုင်မှုအခြေ အနေစစ်တမ်း၊ မြန်မာနိုင်ငံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းစစ်တမ်းနှင့် လုပ်သား အင်အား စစ်တမ်းများကို ကောက်ယူခဲ့ပါကြောင်း၊ လူမှုရေး အထောက်အကူပြုစာရင်းအင်းများကို ဖြည့်ဆည်းပေးနိုင်သည့် ကြားဖြတ်လူဦးရေ သန်းခေါင် စာရင်း၊ ပညာရေးကဏ္ဍ၏ အချက် အလက်များ ထည့်သွင်းဆောင်ရွက်နေသည့် Education Management Information System (EMIS)စနစ်၊ အီလက်ထရောနစ်ကျန်းမာရေး သတင်း စနစ်တို့ဖြင့် အချက်အလက် များစုဆောင်းပြီး Hospital Statistics Report ကို နှစ်စဉ်ထုတ် ပြန်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် အထောက်အကူ ပြုစာရင်းအင်း များဖြည့်ဆည်းရေးအတွက် Environmental Statistical System ထူထောင်ရန်ဆောင်ရွက် လျက်ရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် စပ်လျဉ်း၍ ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ်အခြေအနေများကို သိရှိနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်း ကိုလည်း နှစ်စဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

နိုင်ငံတိုင်းတွင် စာရင်းအင်းထုတ်လုပ်သူများ၊ စာရင်းအင်းအသုံးပြုသူများနှင့် စာရင်းအင်းနှင့် ဆက်နွယ်ပတ်သက်နေသူများ အားလုံး လိုက်နာဆောင်ရွက်ကြရမည့် ကျင့်ဝတ်များ ထုတ်ပြန် ထားသကဲ့သို့ မြန်မာနိုင်ငံ၌လည်း ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် စာရင်းအင်းဆိုင်ရာကျင့်ဝတ်(Code of Practice-COP) ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေ ပါကြောင်း။

စာရင်းအင်းအချက်အလက်များသည် တိုင်းပြည်တိုးတက်မှုကို တိုင်းတာရာတွင် များစွာ အရေးပါသည့်အတွက် မိမိတို့ နိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ စာရင်းအင်းနယ်ပယ် တွင် အရည်အသွေးရှိသည့် စာရင်းအင်းများ ရရှိနိုင်ရေးအတွက် ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုး တိုးတက်လာရန် စွမ်းရည်တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သကဲ့သို့ စာရင်းအင်း ဆိုင်ရာအသိပညာနှင့် အချက်အလက်များကို အသုံးပြုသည့်အလေ့အထ (Data Culture) ကို ဌာနဆိုင်ရာများ၌သာမက အများပြည်သူနှင့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများ အကြား၌ပါ ပျံ့နှံ့စေရေးအတွက် Platform တစ်ခု လိုအပ်သည့်အတွက် ကမ္ဘာ့စာရင်းအင်းနေ့ကို ကျင်းပ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။

ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ရည်မှန်း ချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တရားဝင် စာရင်းအင်းများ သည် များစွာအရေးပါသည့်အတွက် ကမ္ဘာ့စာရင်းအင်းနေ့တွင် တရားဝင် စာရင်းအင်းများကို အဓိကထားအာရုံစိုက်ရန် တိုက်တွန်းနေခြင်းဖြစ်ပါကြောင်း၊ စာရင်းအင်း ကဏ္ဍတွင် ရင်းနှီးမြှုပ် နှံခြင်း သည် ၂၀၃၀ ပြည့်နှစ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ(Substainable Development Goals-SDGs)၏ အောင်မြင်မှုကို စောင့်ကြည့်၊ အကဲဖြတ်နိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံအခြေအနေနှင့်လျော်ညီသည့် ဖွံ့ဖြိုးမှုလိုအပ်ချက် များကိုထည့်သွင်း ထားသည့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀){Myanmar Sustainable Development Plan- MSDP (2018-2030)} ကို ရေးဆွဲခဲ့ပြီး မဟာဗျူဟာများနှင့်အညီ လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ MSDP ကို အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုများနှင့် ထိရောက်မှုများကို စောင့်ကြည့်အကဲဖြတ်နိုင်စေရေးအတွက် အမျိုးသား ညွှန်ကိန်းမူဘောင် (National Indicator Framework-NIF)ကိုဖော်ထုတ်ပြီး ဖြစ်ပါကြောင်း၊ အဆိုပါအမျိုးသား ညွှန်ကိန်း မူဘောင်တွင် ညွှန်ကိန်းပေါင်း (၂၈၆) ခုပါရှိပါကြောင်း။

အမျိုးသားစာရင်းအင်းစနစ် ဖြစ်ပေါ်လာရေးဆောင်ရွက်ရာတွင် အကျိုးရှိထိရောက်သည့် ရင်းနှီး မြှုပ်နှံမှု ဖြစ်စေရန် နိုင်ငံတော် ကချမှတ်ထားသည့် အမျိုးသားမူဝါဒနှင့် မဟာ ဗျူဟာအပေါ် အကျိုးသက်ရောက်မှုရှိစေပြီး စာရင်းအင်းအသုံးပြုသူများ၏ တောင်းဆိုချက် များကိုဖြည့်ဆည်းပေး ရန် ရင်းမြစ်များကိုဆက်စပ်မှုရှိရှိ အသုံးပြုနိုင်ရေးသည် အရေးကြီးပါ ကြောင်း၊ အချက်အလက်များ ကို တရားဝင်စာရင်းအင်းအဖြစ်ကောက်ယူ၊ စုစည်း၊ တွက်ချက်၊ ထုတ်ပြန်သည့်အချိန်တွင်လည်း ခေတ်သစ်အမြင်နည်းလမ်းများဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အမျိုးသားစာရင်း အင်းစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် ဗဟိုစာရင်းအင်းအဖွဲ့တစ်ခုတည်း ဆောင်ရွက်၍ မရသည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် လေးနက်စွာတိုက်တွန်းပြော ကြားလိုပါကြောင်း။

စာရင်းအင်းအချက်အလက်များသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် များချမှတ်နိုင်ရန် အဓိက ရေသောက်မြစ်ဖြစ်သကဲ့သို့ တိုင်းပြည်အတွက် မှန်ကန် သည့်စီမံကိန်းနှင့် မူဝါဒရေးဆွဲရာတွင်လည်း အဓိကပါဝင်ပါကြောင်း၊ ထို့ပြင် စာရင်းအချက် အလက်များသည် ခေတ်သစ်ဘဝကို ထင်ဟပ်စေသကဲ့သို့ လူတိုင်းအတွက် ပျော်ရွှင်မှုနှင့် သာယာဝပြောမှုများကိုလည်း ဖြစ်ပေါ်စေနိုင်ပါကြောင်း။

စာရင်းအင်း၏အရေးပါပုံကို လူသားတိုင်းပိုမိုသိရှိနိုင်ရေးနှင့် ကမ္ဘာကြီးတွင်ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများကိုရင်ဆိုင်ကျော် လွှားနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်းနေ့ ဆောင်ပုဒ် နှင့်အညီ ယုံကြည်စိတ်ချရသည့် စာရင်းအင်းအချက် အလက်များနှင့် နိုင်ငံတကာအသိုင်း အဝိုင်းများအကြား ချိတ်ဆက်မှုအားကောင်းလာစေရန် ဗဟိုကော်မတီအဖွဲ့ဝင် များ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများ၊ လုပ်ငန်းအဖွဲ့များနှင့် Stakeholders များအားလုံး ပူးပေါင်းပါဝင ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

ထို့နောက် UN Resident and Humanitarian Coordinator , Mr. Ola Almgren က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားသည်။

ယင်းနောက် United Nations Statistics Division ( UNSD ) Director , Mr. Stefan Schweinfest ၏ Video Message ကို ပြသသည်။

ထို့နောက် ကမ္ဘာ့စာရင်းအင်းနေ့အထိမ်းအမှတ် မြန်မာနိုင်ငံ၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု ဗီဒီယိုမှတ်တမ်း ကိုပြသသည်။

ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဗဟို ကော်မတီ အတွင်းရေးမှူး ညွန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် က စာရင်းအင်းစနစ်နှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက် ဦးဆောင်၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ စိုးဝင်း၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေ ထွေအတွင်း ရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ The Voice Weekly Journal , Deputy Chief Editor ဦးဇေယျသူ၊ United Nations Population Fund – UNFPA မှ လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အရာရှိ ဒေါ်ယုမြတ်မွန်တို့က ``ယုံကြည် စိတ်ချရသည့်အချက်အလက်နှင့် နိုင်ငံတကာ အသိုင်း အဝိုင်းများအကြားချိတ်ဆက်ခြင်း´´ ခေါင်းစဉ် ကို ဆွေးနွေးကြသည်။

ယင်းနောက် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟို ကော်မတီ အတွင်းရေးမှူး ညွန်ကြားရေး မှူးချုပ် ဦးဆန်းမြင့် က နိဂုံးချုပ်စကားပြော ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

#Myanmar_President_Office