ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဟားခါးမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဟားခါး အောက်တိုဘာ ၂၆

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၊ ဟားခါးမြို့ ၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဝမ္မသူးမောင် အားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်နေမှု၊ ပြည်နယ်တရားလွှတ်တော်၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (ဟားခါး)၊ ပညာရေး ဒီဂရီကောလိပ် (ဟားခါး)၊ ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းနှင့် တက္ကသိုလ်စာကြည့်တိုက် တိုးချဲ့တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှု စစ်ဆေး သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်ဝန်ကြီး များ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲ တွင် ချင်းပြည်နယ် ဟားခါးမြို့ရှိ ဝမ္မသူးမောင် အားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က အားကစားကွင်းအဆင့် မြှင့်တင်တည်ဆောက်မှု လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက အားကစားကွင်း ဝင်ပေါက်အား မြေအနေအထားအရ ပိုမိုသင့်လျော်သည့်နေရာသို့ ပြောင်းရွှေ့ တည်ဆောက်နိုင်ရေး၊ လိုအပ်ပါက ပွဲကြည့်စင်အမိုး တိုးချဲ့တပ်ဆင်တည်ဆောက်နိုင်ရန် ကြိုတင်မျှော်တွေး တွက်ချက်စီမံ ဆောင်ရွက်ထားနိုင်ရေး၊ ပွဲကြည့်စင် အောက်ဖက်တွင် အားကစားပွဲတော်ကာလများအတွင်း အားကစားသမားများ တည်းခိုနေထိုင်နိုင်ရန်နှင့် အခြားလိုအပ်ချက်များအတွက် အကျိုးရှိစွာ အသုံးပြု နိုင်ရေး ထည့်သွင်းလျာထား တည်ဆောက် နိုင်ရေးတို့ကိုမှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် ဝမ္မသူးမောင် အားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက် နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယသမ္မတသည် ချင်းပြည်နယ် တရားလွှတ်တော်တည်ဆောက်နေမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အဆောက်အဦ ဦးစီးဌာန တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြသည်။

ချင်းပြည်နယ် တရားလွှတ်တော်အဆောက်အဦသည် အလျားပေ ၁၂၀ ၊ အနံပေ - ၁၄၀၊ အမြင့် ၅၆ ပေရှိ သံကူကွန်ကရစ် (၃) ထပ်အဆောက်အဦဖြစ်ပြီး စီမံကိန်း တန်ဖိုးငွေကျပ် ၆၃၉၃ သန်း ဖြစ်ကြောင်းသိရသည်။

ထို့နောက် ဒုတိယသမ္မတသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး) စုဝေးခန်းမသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဒေါက်တာ ဆလိုင်းတလွန်ဇထန်းက ကျောင်းဆိုင်ရာ အချက်အလက်များ၊ ပညာသင်နှစ်အလိုက် သင်ကြားပို့ချမှုများ၊ စီမံကိန်းလုပ်ငန်းများနှင့် တည်ဆောက်ဆဲ အဆောက်အဦဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး) တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း ချယ်ရီပင်များအား စီမံချက် ချမှတ် စိုက်ပျိုးကြရန် မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် ဟားခါးပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိရာ ကျောင်းအုပ်ကြီး ဒေါ်မိညိုညိုရှိန်က ဟားခါးပညာရေး ဒီဂရီကောလိပ် တည်ဆောက်ရေး လုပ်ငန်းအခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ဒီဂရီကောလိပ် တိုးမြှင့်ပြီး ဖြစ်သဖြင့် Master Plan ပါအတိုင်း စံကိုက်အဆောက်အဦးများ ဆောက်လုပ် နိုင်ရန်မြေနေရာ ကြိုတင်ရှာဖွေထားရေးနှင့် ကျောင်းအဝင် လမ်းဘေးဝဲယာဒေသတွင်း ချယ်ရီပင်များစိုက် ပျိုးထားနိုင်ရေး လမ်းညွှန် မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် ခိုစီလိုဆိုတောင်ပေါ်ရှိ ပန်းခြံတည်ဆောက်မည့်နေရာသို့ ရောက်ရှိပြီး ဟားခါးမြို့ရှုခင်းအားကြည့်ရှုကာ တောင်တက်လမ်းအား ပြည်သူများဘေး အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းအတက်အဆင်းများအား ပြေပြစ်အောင်ပြင်ဆင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတ သည် ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ လျန်ဇာခုပ် က ရှင်းလင်းတင်ပြသည်။

ဟားခါးဘွဲ့နှင်းသဘင်ခန်းမသည် အလျား - ၂၅၂ ပေနှင့် ၆ လက်မ၊ အနံ - ၂၀၈ ပေရှိ သံကူကွန်ကရစ် အဆောက်အဦဖြစ်ပြီး စီမံကိန်းတန်ဖိုးငွေကျပ် ၉၃၃၁ ဒသမ ၁၉၄ သန်း ဖြစ်ပြီး ဒီဇင်ဘာလအတွင်း တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးတက္ကသိုလ် စာကြည့်တိုက်တိုးချဲ့ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် Hakha University Chapel တည်ဆောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အလှူငွေများ ပေးအပ် လှူဒါန်းသည်။

(သတင်းစဉ်)