ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဟားခါးမြို့ UPC ဘုရားကျောင်း ခန်းမဆောင်သစ်ဖွင့်ပွဲ တက်ရောက်

ဟားခါး  နိုဝင်ဘာ ၁၀

ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ UPC ဘုရားကျောင်း ခန်းမဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ UPC အသင်းတော် ဂိုဏ်းချုပ် ဆရာတော် Rev.Dr.Ral Bual က အဖွင့် ဆုတောင်းပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်း အောင်တို့က UPC ဘုရားကျောင်း၏ VP Henry Van Thio ခန်းမဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကျေးဇူးတင် စကားပြောကြားပြီး ဟားခါးမြို့ UPC အသင်းတော်ဉက္ကဋ္ဌ Rev.Van Tiam က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တည်ဆောက်ရေးအင်ဂျင်နီယာတို့က လက်ခံရယူ ကြသည်။

အဆိုပါ  UPC ဘုရားကျောင်း၏ VP Henry Van Thio ခန်းမဆောင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၄၀၀ ဖြင့် ဟားခါးမြို့ UPC အသင်းတော်ကော်မတီက တာဝန်ယူကာ  ဇူလိုင်လမှစတင် ဆောက်လုပ်ခဲ့ပြီး  အောက်တိုဘာလတွင် အဆောက်အဦ လုပ်ငန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးခဲ့သည်။  ခန်းမဆောင်မှာ အလျား ၆၅ ပေ၊ အနံပေ ၃၀ ၊ အမြင့်  ၂၁  ပေရှိ RC နှစ်ထပ်ဖြစ်သည်။

အောင်ခွီရှိန်း