ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၀ ပြည့်နှစ် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၁၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၀ ပြည့်နှစ် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၀ ပြည့်နှစ် ကထိန် လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊ ဦးကြည်မင်း၊ ဦးသာဦး၊ ဦးခင်မောင်ဝင်းနှင့် ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးကျော်စိုးဦး၊ အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသည့် ဦးထွန်းအုံနှင့် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ရှေးဦးစွာ တက်ရောက်လာကြသူများအားလုံးက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်သည်။

ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ကထိန်လျာသင်္ကန်း အလှူ သည် ဘုရားရှင်ကဝိနည်းသိက္ခာပုဒ်နှင့် ဆက်စပ်ခွင့်ပြုထားသည့် သံဃိကအလှူဖြစ် သကဲ့သို့ ကထိန်ကာလကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခွင့်ပြုထားသည်ကို မှတ်သားသိရှိရပါကြောင်း၊ ထို့ကြောင့် ကထိန်လျာ သင်္ကန်းအလှူသည် “တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာတစ်ကျောင်း၊ တစ်ကျောင်းမှာလည်း တစ်ကြိမ်” သာ လှူဒါန်းခွင့်ရသည့်ကာလဒါန အလှူတော်ဖြစ်သည့်အတွက် မွန်မြတ်သည့် အလှူတော် ဖြစ်ပါကြောင်း။

ယခုလို ထူးခြားသည့်ကထိန်အလှူပွဲကြီးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၁၂ ခုနှစ်က အစပြုပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ကြီးမှူး၍ ကျင်းပခဲ့ သည်မှာ ယခုနှစ်ဆိုလျှင် (၉)ကြိမ်မြောက် ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ကျင်းပမည့် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသည် နှစ်စဉ်ကျင်းပနေကြ ဖြစ်သော်လည်း ယနေ့ကာလသည် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ ကပ်ရောဂါ ကိုစနစ်တကျ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် အချိန်ကာလလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အခမ်းအနားကျင်းပရာတွင် ယခင်နှစ်ကဆောင် ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များအပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနတို့က ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာ များ၊ ညွှန်ကြားချက်များကိုပါ အရေးတကြီး ကိစ္စတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစား ဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

အခမ်းအနားကျင်းပမည့်နေရာများတွင် ကြိုတင်ပိုးသတ်ဆေးဖျန်းထားရန်၊ အဆိုပါ နေရာများတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအနေဖြင့် အခမ်းအနားသို့ တက်ရောက် လာသူများနှင့် ထိတွေ့နိုင်မှုများရှိပါက ကျန်းမာရေးဆေးစစ်မှုများ ကြိုတင်ဆောင်ရွက် ထားရန်၊ အခမ်းအနားသို့ တက်ရောက်လာသူများအတွက် နှာခေါင်းစည်း(Mask)များ၊ မျက်နှာ အကာ (Face Shield)များနှင့်လက်အိတ်(Glove)များ ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်၊ အခမ်းအနားပြုလုပ်မည့်နေရာသို့ မဝင်ရောက်မီ လက်ဆေးကြော သန့်စင်နိုင်ရေးအတွက် လက်သန့်စင်ဆေးရည် (Hand Sanitizer/Gel)များ ထားရှိနိုင်ရေးတို့ကို ကြိုတင်စီမံ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှလည်း ကထိန် လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရာတွင် COVID-19 ရောဂါ ကူးစက်ဖြစ် ပွားမှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်ချက် (၂၁)ချက်ကို ရေးဆွဲပေးထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများနှင့် တာဝန် ရှိသူများအနေဖြင့် အဆိုပါ စံလုပ်ငန်းလမ်းညွှန်ချက်(၂၁)ချက်ကို တိတိကျကျ လိုက်နာ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော်(၁)ပါး၊ အကျိုးတော်ဆောင်ဆရာတော်(၁)ပါး၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဩဝါဒါစရိယဆရာတော်(၉)ပါး၊ ကထိန်အလှူခံကျောင်းတိုက်မှ သံဃာတော် (၇)ပါး၊ စုစုပေါင်း(၁၈)ပါးတို့ကို ပင့်ဆောင်ပြီး ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများကို ပင့်ဆောင်ရာတွင် လည်း အသွား/အပြန်အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာကော်မတီများ အချင်းချင်း ပေါင်းစပ် ညှိနှိုင်းကာ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။

ဆရာတော်ကြီးများ နေပြည်တော်သို့ ရောက်ရှိပါက သီတင်းသုံးမည့် ဥပ္ပါတသန္တိ စေတီတော် သံဃာရာမကျောင်းဆောင်တွင်လည်း စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံး နေထိုင် နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်၊ ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိရန်နှင့် ဝေယျာဝစ္စ ဆောင်ရွက်မည့် ကပ္ပိယ ကာရကများကိုလည်း ကျန်းမာရေးဆေးစစ်မှုများ ကြိုတင်ဆောင်ရွက်ထားရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း။

အခမ်းအနားကျင်းပမည့်နေ့ရက်မတိုင်မီနှင့် အခမ်းအနားကျင်းပမည့်နေ့ရက်တို့တွင် ဆရာတော်ကြီးများအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်မည့် ဆွမ်းဟင်းများပြင်ဆင် ချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် စနစ်တကျ စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

ကျန်းမာရေးဆပ်ကော်မတီ အနေနှင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားနေသည့် ကာလ ဖြစ်သည့်အားလျော်စွာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်လျင် လိုအပ် သလို ချက်ချင်းဆောင်ရွက်နိုင်ရန် ဆေးခန်းဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရန်၊ Medical Checkup ပြုလုပ်နိုင်ရေးပြင်ဆင်ထားရန်နှင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေး အတွက် လိုအပ်သည့်ဆေးနှင့် အကာအကွယ်ပစ္စည်းများထားရှိဆောင်ရွက်သွားရန် ပြောကြား လိုပါကြောင်း၊အခမ်းအနားကျင်းပပြုလုပ်မည့် သာသနာ့မဟာဗိမာန်တော်ကြီး အတွင်း နေရာချထားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် အကွာအဝေး Social Distancing နှင့်အညီ သတ်မှတ်ဆောင်ရွက်သွားရန်၊ ဘုရားခန်းနှင့် သံဃာစင်မြင့်ကို ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ထားရန်နှင့် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးအတွက် စီမံဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ပဒေသာပင်များကိုလည်း ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ရန်၊ သာသနာ့ မဟာဗိမာန်တော်ကြီးရှိ သတ်မှတ်နေရာသို့ ပဒေသာပင်များ အချိန်မီရောက်ရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် အခမ်းအနားပြီး၍ ပဒေသာပင်များကို သက်ဆိုင်ရာ ကျောင်းတိုက်များသို့ ပို့ဆောင်ရာတွင်လည်း COVID-19 ရောဂါ ကြိုတင်ကာကွယ် တားဆီး ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ပို့ဆောင်နိုင်ရေးစီမံဆောင်ရွက် သွားရန် ပြောကြားလိုပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၀ ပြည့်နှစ် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်နှစ်များကဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ်မူတည်၍ ယခုနှစ်တွင် ကျန်းမာရေးရှုထောင့်ကိုပါ အလေးထား ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းဆောင်ရွက်သည့် အခါမှာ လစ်ဟာမှုမရှိစေရေး အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်သလို ကြိုတင် ဇာတ်တိုက်လေ့ကျင့်မှုများလည်း ပြုလုပ်သွားရန် ပြောကြားလိုပါကြောင်း။

အထူးပြောကြားလိုသည်မှာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့် အခမ်းအနားကျင်းပရာတွင် လိုက်နာရမည့် စံလုပ်ငန်းလမ်းညွှန်ချက် (၂၁)ချက် တို့ကို တိကျစွာလိုက်နာဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အဆင့်အခမ်းအနား ဖြစ်သည့် အတွက် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်သွားကြရန် အလေးအနက်ပြောကြား လိုပါ ကြောင်း။

ယနေ့ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော် မတီ၊ ဆပ်ကော်မတီများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်လိုအပ်သည့် အကြံပြုချက် များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက အခမ်းအနားသို့ ကြွရောက်မည့် ဆရာတော်ကြီးများအား ပင့်ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အခမ်းအနားကျင်းပမည့် အစီအစဉ်နှင့် အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားမည့်အခြေအနေ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်မည့်အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ဦးက အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်း ပြင်ဆင်ရေးနှင့် ဆက်ကပ်ရေး ဆပ်ကော်မတီများနှင့်စပ်လျဉ်း၍ ဆပ်ကော်မတီများ ဖွဲ့စည်း ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ဆရာတော်ကြီးများ သီတင်းသုံးနေထိုင်ရန် ကြိုဆိုနေရာ ချထားမည့် အခြေအနေ၊ ဆရာတော်ကြီးများအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အခမ်းအနားသို့ တက်ရောက်မည့်သူများအား ဖိတ်ကြားထားရှိမှုအခြေအနေနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်းက ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံ ကျွေးမွေးရေးဆပ်ကော်မတီ နှင့် သံဃာတော်များပင့်ဆောင်ရေးနှင့် သယ်ယူ ပို့ဆောင်ရေး ဆပ်ကော်မတီများနှင့်စပ်လျဉ်း၍ အခမ်းအနားကျင်းပမည့်နေ့တွင် ဆွမ်းဆက်ကပ်နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆရာတော်ကြီးများအား ကြိုဆိုပို့ဆောင် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ပဒေသာပင်များ စီစဉ်ရေး ဆပ်ကော်မတီနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများအလိုက် ပဒေသာပင်များ အချိန်မီ ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အခမ်းအနားပြီးပါက ပဒေသာပင် များကို သက်ဆိုင်ရာ ကထိန်ခံကျောင်းတိုက်သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ခေတ္တ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာက သတင်းမှတ်တမ်းထုတ်ပြန်ရေးဆပ်ကော်မတီ နှင့်စပ် လျဉ်း၍လည်းကောင်း သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဆပ်ကော်မတီနှင့်စပ်လျဉ်း၍ လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးအဖွဲ့များ ဖွဲ့စည်း ထားရှိမှုနှင့် ဆေးခန်းများဖွင့်လှစ်ဆောင်ရွက်သွားမည့်အခြေအနေ၊ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိ စေရေးအတွက် လိုအပ်သည့်ဆေးနှင့်အကာအကွယ်ပစ္စည်းများ ကြိုတင် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ဆရာတော်ကြီးများအတွက် ဆွမ်းဟင်းများ ပြင်ဆင်ချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်စေရေးအတွက် စစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေ၊ အခမ်းအနားကျင်းပမည့်နေရာများနှင့် ဆရာတော်ကြီး များ သီတင်းသုံးမည့် ကျောင်းဆောင်များတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေး အတွက် ကြိုတင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အခမ်းအနားသို့ ကြွရောက်မည့် ဆရာတော်ကြီးများ၊ အခမ်း အနားတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် ဆရာတော်ကြီး များ၏ ဝေယျာဝစ္စ ဆောင်ရွက်မည့် ကပ္ပိယကာရကများကို ကျန်းမာရေး ဆေးစစ်မှုကြိုတင် ဆောင်ရွက်မည့် အခြေအနေများနှင့် အခမ်းအနားကျင်းပရာတွင် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်း လမ်းညွှန်ချက်(၂၁)ချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်း ကူညီစစ်ဆေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးထွန်းကြည်က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေး ဆိုင်ရာ အခင်းအကျင်းပြင်ဆင်ရေးဆပ်ကော်မတီနှင့်စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက လုံခြုံရေးဆပ်ကော်မတီနှင့်စပ်လျဉ်း၍ ပေးအပ်ထားသည့် လုပ်ငန်းတာဝန် များအပေါ် ဆောင်ရွက်မည့် လုံခြုံရေးအစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခမ်းအနားကျင်းပရာတွင် အသုံး ပြု မည့် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးမည့်အခြေအနေကိုလည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေကိုလည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက အခမ်းအနားမကျင်းပမီ နှင့်ကျင်းပနေစဉ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေကိုလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်စိုးဦးက လုံခြုံရေးဆပ်ကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတက တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက်လာကြသူ များအားလုံးက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)