ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ခန့်အပ်လွှာပေးအပ်

နေပြည်တော် နိုဝင်ဘာ ၂၅

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီး (United Nations High Commissioner for Refugees-UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ Ms. Hai Kyung Jun အား ယနေ့နံနက် ၁၀ နာရီတွင် video conference ဖြင့် လက်ခံတွေ့ဆုံပြီး Ms. Hai Kyung Jun က ၎င်း၏ခန့်အပ်လွှာကို video link မှတစ်ဆင့် ပေးအပ်ခဲ့သည်။

ခန့်အပ်လွှာ ပေးအပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးက Ms. Hai Kyung Jun အား UNHCR ၏ မြန်မာ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး Ms. Hai Kyung Jun ကလည်း မြန်မာနိုင်ငံတွင် မကြာမီက အထွေထွေရွေးကောက်ပွဲ ကို လုံခြုံ၊ အေးချမ်းစွာဖြင့် အောင်အောင် မြင်မြင် ကျင်းပနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြော ကြားသည်။

ထို့ပြင် ထိုင်းနိုင်ငံ နယ်စပ်စခန်း များမှ နေရပ်ပြန်လာလိုသူများ ပြန်လည်လက်ခံရေးတွင် UNHCR ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့မှု၏ တိုးတက်အောင်မြင်မှုများ၊ မြန်မာနိုင်ငံ အစိုးရ၊ UNDP နှင့် UNHCR တို့အကြား လက်မှတ်ရေးထိုးထားသည့် MoU အောက်မှ ရခိုင်ပြည်နယ်ရှိ အသိုက် အဝန်းများအတွက် ဆောင်ရွက်ပေး နေသည့် စီမံကိန်းလုပ်ငန်း (QIPs) များ အကောင်အထည်ဖော် ဆောင်ရွက်နေ မှု၏ တိုးတက်မှုများနှင့် ရခိုင်ပြည်နယ် မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးတွင် UNHCR နှင့် အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှုတို့ဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်