ရန်ကုန် မေ ၂၃
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(ရန်ကုန်)သို့ ရောက်ရှိစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် Digital Museum အဆင့် မြှင့်တင်နိုင်ခြင်း ဆောင်ရွက်နေပြီဖြစ်၍ အမြန်ပြီးစီးအောင် တွန်းအားပေးဆောင်ရွက်သွားရန်၊ အများပြည်သူများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်ခင်မြတ်နိုးလေးစားတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်သန်လာစေရေး အသိပညာပေးလှုံ့ဆော်မှုများ ပြုလုပ်ပေးရာတွင် ဆိုရှယ်မီဒီယာများမှတစ်ဆင့်လည်း အသိပညာပေးမှုများ ဆောင်ရွက်သွားကြရန်မှာကြားသည်။
ထို့နောက် အမျိုးသားပြတိုက်(ရန်ကုန်) မြေညီထပ်ရှိ သီဟာသနပလ္လင်ပြခန်း၊ မြန်မာ့အက္ခရာနှင့် လက်ရေးမူပြခန်းနှင့် ပထမထပ်ရှိ မင်းခမ်းတော်ပစ္စည်းများပြခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြန်မာ့မြေပေါ်တွင် မိမိတို့ဘိုးဘွားများ စဉ်ဆက်မပြတ်နေထိုင်ခဲ့သည့် သမိုင်းအမှန်ကို ကြည့်ရှုသူများ နားလည်သိမြင်အောင် ရှင်းလင်းချက်များ၊ ပြကွက်များဖြင့် ပြသသွားရန်လိုကြောင်း၊ လူငယ်များ ပြတိုက်ကြည့်ရှုလိုစိတ်ရှိစေရန် ဖိတ်ခေါ်ခြင်း၊ ရှင်းလင်းပြသခြင်းများ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
