နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၉)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) ထိပ်သီး အစည်းအဝေးနှင့် (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ဒီဇင်ဘာ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ နံနက် ၈ နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၉)ကြိမ်မြောက် ဧရာဝတီ-ကျောက် ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy-ACMECS) ထိပ်သီးအစည်းအဝေးနှင့် (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ် အမ်ဗွီ) (Cambodia-Laos-Myanmar-Viet Nam Cooperation-CLMV) ထိပ်သီးအစည်း အဝေးများသို့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

(၉)ကြိမ်မြောက် အက်မက်စ် ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆင်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆုလစ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုတို့ လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များသည် “ACMECS Master Plan (2019-2023” အား အကောင်အထည်ဖော်မှုအခြေအနေနှင့် အနာဂတ်ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာတွင် ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်ဆောင်ရွက်ခဲ့သည့် အက်မက်စ်ပူးပေါင်းဆောင်ရွက်မှု၏ (၁၇)နှစ်တာ ခရီးအတွင်း အောင်မြင်မှုများ ရရှိခဲ့ပြီး၊ စိန်ခေါ်မှုများကိုလည်း ချစ်ကြည် ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုတို့အပေါ် အခြေခံသည့် စည်းလုံးညီညွတ်မှု စိတ်ဓါတ်ဖြင့် ကျော်လွှားနိုင်ခဲ့ကြောင်း၊ မဲခေါင်ဒေသခွဲသည် ပထဝီအနေအထားအရ ဖွံ့ဖြိုး တိုးတက်ရန် အားသာချက်များ ရှိသော်လည်း၊ သမားရိုးကျမဟုတ်သည့် စိန်ခေါ်မှုများ အပါအဝင် အခြားသော စိန်ခေါ်မှုအသစ်များကြောင့် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုအရှိန်အဟုန်ကို အဟန့်အတားဖြစ်ပေါ်စေခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအား ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြသည့် ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ အက်မက်စ် အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးနှင့် ကုသဆေးဆိုင်ရာ ပူးတွဲ သုတေသနပြုလုပ်ရေး၊ ပူးတွဲထုတ်လုပ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားသင့်ကြောင်းနှင့် ရာသီဥတုပြောင်းလဲမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုကူးမှုနှင့် အကြမ်းဖက်မှုတို့ အပါအဝင် စိန်ခေါ်မှုများအား ဖြေရှင်းရေးတို့ကို ဦးစားပေးအဖြစ် သတ်မှတ် ဆောင်ရွက်သွားသင့်ကြောင်းကိုလည်း အကြံပြုပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတက ကပ်ရောဂါအလွန် ဒေသတွင်းစီးပွားရေး အမြန် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် အဓိကကျသည့် အားလျော်စွာ “အက်မက်စ် ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၃)” ကို အကောင်အထည် ဖော်ဆောင်ရေးသည် များစွာအရေးပါကြောင်းနှင့် ပြည်ဝင်ဂိတ်များတွင် ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများကို New Normal နှင့်အညီ အဆင့်မြှင့်တင်ရေး၊ ပြည်ဝင်လုပ်ငန်းစဉ် များသည် ကျန်းမာရေး လမ်းညွှန်ချက်များနှင့် ကိုက်ညီစေရေးနှင့် ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ဒေသတွင်း ကုန်စည် ထောက်ပံ့မှု ကွင်းဆက်မပြတ်စေရန်နှင့် စတုတ္ထစက်မှုတော်လှန်ရေး (4th Industrial Revolution)ကို အထောက်အကူပြုနိုင်ရန် ဒစ်ဂျစ်တယ်စီးပွားရေး အခန်းကဏ္ဍကို မြှင့်တင် ရေးတို့အတွက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့ကိုလည်း အလေးထားပြောကြား ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု စသည့် အက်မက်စ်၏ လက်ရှိ ဖွံ့ဖြိုးမှုမိတ်ဖက်များ အပြင်၊ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် အဖွဲ့အစည်းများက အက်မက်စ်၏ဖွံ့ဖြိုးမှုမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒပြုမှုများရှိသည်ကို သိရှိရသည့်အတွက် များစွာ ဝမ်းမြောက်ပါကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအတွက် ညှိနှိုင်းရေးမှူးအဖြစ် ထိုင်းနိုင်ငံက ဆောင်ရွက်ပေးနေသည့်အပေါ် ဂုဏ်ယူပါကြောင်းနှင့် ACMECS Master Plan ကို ကိုယ့်အား ကိုယ်ကိုး၍ အကောင်အထည်ဖော်ရန် တည်ထောင်မည့် အက်မက်စ်ရန်ပုံငွေ ယန္တရား အတွက် ဦးဆောင်မှုပေးခဲ့ခြင်းနှင့် “အက်မက်စ်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေသို့ အမေရိကန် ဒေါ်လာ သန်း(၂၀၀) ထည့်ဝင်ရန် ကတိကဝတ်ပြုခဲ့ခြင်းတို့အတွက် ထိုင်းနိုင်ငံအား ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးမှ (၉)ကြိမ်မြောက် အက်မက်စ်ထိပ်သီးအစည်းအဝေး ဖနောင်ပင် ကြေညာစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၀)ကြိမ် မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်း အဝေးကို ဆက်လက်တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးတွင် လာအို ဝန်ကြီးချုပ်က သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် ဗီယက်နမ် ဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များက CLMV ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ် တိုးတက်မှုများ၊ အနာဂတ်တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့် လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြပြီး “CLMV ဖွံ့ဖြိုးတိုးတက်ရေးမူဘောင် ကို အတည်ပြုခဲ့ ကြသည်။ အဆိုပါ မူဘောင်သည် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများအတွက် ၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ် အထက်အဆင့် ဝင်ငွေရှိသည့် နိုင်ငံများအဖြစ်သို့ ရောက်ရှိလာစေရေး ရည်ရွယ် ထားသည့် မဟာဗျူဟာ တစ်ရပ်ဖြစ်သည်။

နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင် CLMV ပူးပေါင်းဆောင်ရွက်မှုသည် စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက် ရေးနှင့် အာဆီယံပေါင်းစည်းရေး လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူပြုခဲ့ကြောင်း၊ ကိုဗစ်-၁၉ကာလ အပြီး လူမှုစီးပွား ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ပိုမို ကောင်းမွန်သည့် စီမံမှုများနှင့် ပိုမိုစည်းလုံးသည့် ပူးပေါင်း ဆောင်ရွက်မှုများကို ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်နှင့် ပြန်လည်ထူထောင်ရေး လိုအပ်ချက်တို့အကြား မျှတစွာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးနှင့် လူမှုအသိုက်အဝန်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို သီးခြား အခန်းတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲ ထား‌သည့် “CLMV လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂)”ကို ကြိုဆိုကြောင်းတို့ကို ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတက ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပြန်လည် စတင်နိုင် ရေးအတွက် ဆက်သွယ်ချိတ်ဆက်မှုများကို New Normal လိုအပ်ချက် များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ပြီး၊ ကိုဗစ်-၁၉ ၏ စီးပွားရေး စိန်ခေါ်မှုများအား ရင်ဆိုင်ရာတွင် ဒစ်ဂျစ်တယ်စီးပွားရေးသည် ထိရောက်မှုရှိသည့်အတွက် အားပေးသင့်ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ရေရှည်ချောမွေ့စွာ စီးဆင်းနိုင်စေရန် မဲခေါင်ဒေသ အတွင်း စီးပွားရေးစင်္ကြန်များရှိ ပြတ်တောက်နေသော အရေးပါသည့် ဆက်သွယ်ရေး လမ်းကြောင်းများအား ပြန်လည်ချိတ်ဆက်ရေး ဆောင်ရွက်သင့်ကြောင်းနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွား လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုကို ဒေသတွင်းစီးပွားရေး ပြန်လည်ထူထောင်မှု လုပ်ငန်းစဉ် တစ်ရပ်အဖြစ် မြှင့်တင် သင့် ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးမှ (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ပူးတွဲကြေညာချက်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။

ဆွေးနွေးမှုများအပြီးတွင် စီအယ်လ်အမ်ဗွီ ဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံမှ မြန်မာ နိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ဥက္ကဋ္ဌတာဝန်ကို လက်ခံရယူသည့် မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ အနေဖြင့် ကြုံတွေ့လာမည့်စိန်ခေါ်မှုများကို လက်တွဲ ဖြေရှင်းသွားနိုင်ရန်နှင့် ဒေသခွဲ အတွင်းရှိ ပြည်သူများအားလုံး ပိုမိုအကျိုးဖြစ်ထွန်း စေရန်တို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် စီအယ်လ်အမ်ဗွီ ဥက္ကဋ္ဌတာဝန်ကို (၂)နှစ်တာကာလအတွက် ထမ်းဆောင်သွားမည်ဖြစ်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးများသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

#Myanmar_President_Office