နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆု

ချီးမြှင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်)

အားလုံးမင်္ဂလာပါ။

ယနေ့ကျင်းပတဲ့ အမျိုးသားစာပေ ဆုနှင်းသဘင် အခမ်းအနားကို တက်ရောက်လာ ကြတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စာပေဆုရွေးချယ်ရေး ကော်မတီဝင်များ၊ ဆုချီးမြှင့်ခံရတဲ့ ဆုရပုဂ္ဂိုလ်များ၊ စာပေဝါသနာရှင်များနဲ့ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါတယ်။

မိမိနိုင်ငံနဲ့ အများပြည်သူတွေရဲ့ ကောင်းကျိုးအဖြာဖြာကို စာပေအနုပညာစွမ်းအားနဲ့ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြတဲ့ စာပေ ပညာရှင်ကြီးတွေ၊ စာဆိုတော်ကြီးတွေရဲ့ စာပေ ကျေးဇူးကို လေးမြတ်ဂုဏ်ပြုပြီး မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက် နေ့မှာ စာဆိုတော်နေ့ အခမ်းအနားတွေ ကျင်းပလာကြတာ အခုဆိုရင် ၇၆ နှစ် ရှိခဲ့ပြီဖြစ်ပါ တယ်။ စာဆိုတော်နေ့ဟာ မြန်မာတို့ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်အဖြစ် ခေတ်အဆက်ဆက် တည်တံ့ပြီး နိုင်ငံနှင့်အဝန်း နှစ်စဉ်မပျက် ကျင်းပနိုင်ကြတာကို ဂုဏ်ယူ မိပါတယ်။ ယခုလိုမင်္ဂလာရှိတဲ့ အခမ်းအနားမှာ စာရေးစာဖတ် ဝါသနာပါပြီး စာပေ ပညာရှင်တွေကို လေးစားတဲ့ ကျွန်တော့်အနေနဲ့ အမှာစကား ပြောကြားခွင့်ရတဲ့အတွက်လည်း အထူးကြည်နူးဝမ်းမြောက်ပါကြောင်း ဦးစွာပြောကြား လိုပါတယ်။ မနှစ်ကလို ကိုယ်တိုင်ကိုယ်ကျ ဆုချီးမြှင့်ခြင်း ပြုခွင့်မရတာကိုလည်း များစွာ စိတ်မကောင်းဖြစ်ရပါ တယ်။

စာဆိုတော်လရာသီ ရောက်ပြီဆိုရင် မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ သက်ကြီးဝါကြီး စာပေပညာရှင်ကြီးတွေကို လေးမြတ်ပူဇော် ကန်တော့ပွဲတွေ၊ စာပေဆုနှင်းသဘင်တွေ၊ စာပေဟောပြောပွဲတွေ၊ စာပေပွဲတော်တွေကို ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ့ရှိပါတယ်။ စာပေဟာ နိုင်ငံအသီးသီးအတွက် ဂုဏ်ယူဖွယ်ရာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်တဲ့ အားလျော်စွာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို အကဲဖြတ်ရာ မှာလည်း စာပေကို အဓိကအခြေခံထား စဉ်းစားလေ့ရှိကြပါတယ်။ နှစ်ပေါင်းတစ်ထောင် နီးပါး သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ မြန်မာစာပေဟာလည်း မြန်မာ့ယဉ်ကျေးမှု အနုပညာအဖြာဖြာရဲ့ ပင်မ မဏ္ဍိုင်ကြီးအဖြစ် ဝင့်ထည်စွာ တည်ရှိနေပြီ လို့ဆိုရမှာ ဖြစ်ပါတယ်။

စာပေသမိုင်းတစ်လျှောက်မှာ မြန်မာစာပေနဲ့ မြန်မာဘာသာစကားဟာ ခေတ် အဆက်ဆက် ဖန်တီးမှုအသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ပြောင်းလဲ ဖွံ့ဖြိုးလာခဲ့ပါတယ်။ မြန်မာ စာပေဂန္ထဝင်ထဲမှာ ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုကြီးတွေရဲ့ အသိ အလိမ္မာ ဉာဏ်ပညာ ပေးတဲ့စာ၊ နိုင်ငံနဲ့လူမျိုးကို ချစ်ခင်မြတ်နိုးစေတဲ့စာ၊ ကမ္ဘာနဲ့အညီ ခေတ်မီဖွံ့ဖြိုး တိုးတက် လာစေတဲ့ စာပေလက်ရာတွေ များစွာ ပါဝင်ပါတယ်။ စာဆိုကြီးတွေရဲ့ စာပေလက်ရာမွန် တွေကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ ရောက် တိုင်း နှစ်စဉ်ချီးမြှောက်ဂုဏ်ပြုခြင်းဟာ နိုင်ငံရဲ့ကောင်းမြတ်တဲ့ အစဉ်အလာပဲ ဖြစ်ပါတယ်။

စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား

မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန်မှုနဲ့ ၁၉၄၇ ခုနှစ်၊ ဩဂုတ်လမှာ အသင်းအဖွဲ့ပုံစံနဲ့ တည်ထောင် ခဲ့တဲ့ “မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းကြီး” ဟာ ၁၉၄၈ ခုနှစ်၊ မေလမှာ “စာပေဗိမာန်” အမည်နဲ့ထင်ရှားတဲ့ စာပေလုပ်ငန်း ဆိုင်ရာဌာန ဖြစ်လာခဲ့ပါတယ်။ စာပေဗိမာန်ဟာ တိုင်းရင်းသားပြည်သူတွေ နိုင်ငံတကာ ဗဟုသုတ တိုးပွားဖို့အတွက် ဘာသာပြန် စာပေတွေ ထုတ်ဝေခဲ့သလို မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်မှာ စာပေဗိမာန် ကာလပေါ်ဝတ္ထုဆုကို စတင်ချီးမြှင့် ခဲ့ပါတယ်။

စာပေဗိမာန် ကာလပေါ်ဝတ္ထုဆုကို စာပေဗိမာန်ဆု အနုပညာဆိုင်ရာ စာပေဆုအမျိုးသားစာပေဆုစသည်ဖြင့် ဆုအမည် ရော၊ ဆုအမျိုးအစားကိုပါ ကာလအလျောက် ပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မယ့် ဘာသာရပ်တွေ၊ ဆုငွေတွေကိုလည်း တိုးတက်ချီးမြှင့် ခဲ့တာ အခုနှစ်အထိဆိုရင် နှစ်ပေါင်း ၇၀ ကျော် တိုင်ခဲ့ပါပြီ။ ဘာသာရပ်တွေကိုလည်း တိုးတက် ချီးမြှင့်လာခဲ့တာ အခုချီးမြှင့်မယ့် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုမှာ ဆုချီးမြှင့်မယ့် ဘာသာရပ် ၁၈ မျိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို မြန်မာစာပေ အနုပညာဖြင့် တစ်သက်တာလုံး ထူးချွန်ပြောင်မြောက်စွာ အားထုတ် ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်တွေကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့အနေနဲ့ “အမျိုးသားစာပေ တစ်သက်တာ ဆု” အဖြစ် ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အမျိုးသားစာပေ တစ်သက်တာ ဆုကို တစ်နှစ်မှာ စာပေပညာရှင် တစ်ဦး သို့မဟုတ် နှစ်ဦးကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က စတင်ပြီး သုတ၊ ရသ စာပေတွေကို တစိုက်မတ်မတ် ရေးသားခဲ့တဲ့ စာရေးဆရာကြီးတစ်ဦးနဲ့ မြန်မာစာပေ ဖွံ့ဖြိုးရေးဆိုင်ရာ၊ စာပေသုတေသနဆိုင်ရာ လုပ်ငန်းတွေကို အစဉ်တစိုက် ကြိုးပမ်း လုပ်ဆောင်ခဲ့တဲ့ စာပေပညာရှင်ကြီး တစ်ဦးတို့ကို တစ်သက်တာဆု ချီးမြှင့်ခဲ့ပါတယ်။ အခုနှစ်မှာလည်း စာရေးဆရာကြီးတစ်ဦးနဲ့ စာပေပညာရှင်ကြီးတစ်ဦးကို အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်မှာဖြစ်တဲ့အတွက် ကြည်နူးပီတိ ဖြစ်ရပါတယ်။

စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား

စာပေဆုတွေကို ရွေးချယ်ရာမှာလည်း ပြောင်းလဲလာတဲ့ ခေတ်စနစ်နှင့်အညီ ပွင့်လင်း မြင်သာမှုရှိဖို့နဲ့ အမှန်တကယ် ထိုက်တန်တဲ့ စာအုပ်တွေကို ဆုရွေးချယ် ချီးမြှင့်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် စာပေရေးရာကျွမ်းကျင်သူတွေ ပါဝင်တဲ့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို အဖွဲ့ဝင် ၅၄ ဦးနဲ့ ဖွဲ့စည်းပေးခဲ့ပြီး ပဏာမရွေးချယ်မှု အဆင့်၊ ဆန်ခါတင်ရွေးချယ်မှု အဆင့်၊ အတည်ပြုရွေးချယ်မှုအဆင့် ဆိုပြီး အဆင့် ၃ ဆင့်နဲ့ အဲဒီပညာရှင်တွေက လွတ်လပ်စွာ စိစစ်ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွက် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ အကျုံးဝင်စာအုပ်ပေါင်း ၁၆၅၃ အုပ်ထဲက အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားတဲ့ ဘာသာရပ် ၁၈ မျိုးအနက် ဘာသာရပ် ၁၀ မျိုးကို ရွေးချယ်ခဲ့ပြီးဖြစ်လို့ ဒီနေ့အခမ်းအနားမှာ ဆုများချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့ကြတဲ့ ပညာရှင် ကြီး နှစ်ဦးဟာ မြန်မာစာပေလောက ဖွံ့ဖြိုးရေးနဲ့ နိုင်ငံသူနိုင်ငံသားတွေ အသိပညာ ကြွယ်ဝ ရေးအတွက် စာကောင်းပေမွန်တွေကို တစ်သက်တာလုံး ရေးဖွဲ့ဖန်တီး ခဲ့ကြ သူတွေ ဖြစ်ပါ တယ်။ ဆရာကြီးနှစ်ဦးအနက် တစ်ဦးက ရသစာပေတွေကို တစိုက်မတ်မတ် ဖန်တီးရေးဖွဲ့ ခဲ့တဲ့ စာဆိုကြီးဖြစ်ပြီး တစ်ဦးကတော့ သုတစာပေတွေ အစဉ်တစိုက် ရေးသားပြုစုခဲ့တဲ့ သုတေသီ ပညာရှင်ကြီး ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်လည်း အသက် ၉၀ တန်းတွေ ဖြစ်ကြပြီး ဝယဝုဒ္ဓိ၊ ဂုဏဝုဒ္ဓိနဲ့ ပြည့်စုံကြတဲ့အတွက် ထိုက်ထိုက်တန်တန် လေးစားဂုဏ်ပြု အပ်ပါကြောင်း ပြောကြားလိုပါတယ်။

အမျိုးသားစာပေဆု ရရှိခဲ့တဲ့ စာရေးသူတွေနဲ့ စာအုပ်တွေကို ကြည့်မယ်ဆိုရင်လည်း ခေတ်အတွေး၊ ခေတ်အမြင်တွေကို ထင်ဟပ်ပြီး စေတနာစိတ်၊ စာနာစိတ်တွေ ပွားများစေ နိုင်တဲ့ ရသစာပေတွေ၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းသင့်တဲ့ ပြည်တွင်းပြည်ပဆိုင်ရာ ပညာရပ်တွေအကြောင်း ရေးသားထားတဲ့ သုတစာပေတွေကို စာပေအဆင့်အတန်းမီအောင် ရေးဖွဲ့ထားကြတယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က သုံးသပ်ထားပါတယ်။ ဆုရရှိကြတဲ့ စာပေ ပညာရှင်အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနဲ့ နိုင်ငံရဲ့အကျိုး၊ အများ ပြည်သူရဲ့ အကျိုးအတွက် ကလောင်စွမ်းနဲ့ ဆတက်ထမ်းပိုး ဆက်လက် သယ်ပိုးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ပါတယ်။

စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား

နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေ အချိုးအစား ညီမျှစွာ တိုးတက် ထွန်းကားမှသာ စာပေအနုပညာနယ်ပယ် ကြီးပွားထွန်းကားလာမှာဖြစ်သလို အပြန်အလှန် အားဖြင့် စာပေအနုပညာနယ်ပယ် ကြီးပွားထွန်းကားတာနဲ့အမျှ အသိပညာမြင့် မားတဲ့ ခေတ်မီ လူ့စွမ်းအားအရင်းအမြစ်တွေ ကြွယ်ဝလာပြီး မိမိတို့ရဲ့နိုင်ငံဟာလည်း တိုးတက် ပြည့်စုံလာမှာ ဖြစ်ပါတယ်။ စာပေ အနုပညာ ကဏ္ဍအသီးသီးက ပညာရှင်တွေအနေနဲ့ မိမိတို့ရဲ့ အနုပညာကို အရည်အသွေးမြင့်မားစွာနဲ့ လွတ်လပ်စွာ ဖန်တီးပုံဖော် နိုင်အောင် နိုင်ငံတော်ကလည်း တတ်စွမ်းသမျှ ကူညီဖြည့်ဆည်းပေးလျက် ရှိပါတယ်။ မိမိတို့ရဲ့ ဖန်တီးမှုလက်ရာကို ကာကွယ် စောင့်ရှောက် နိုင်မယ့် စာပေအနုပညာ မူပိုင်ခွင့်ဥပဒေကို လည်း ၂၀၁၉ ခုနှစ်မှာ ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဉာဏပစ္စည်းမူပိုင်ခွင့်တွေကို စနစ်တကျ ကာကွယ် စောင့်ရှောက်နိုင်ခြင်းဟာ နိုင်ငံရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှု တိုးတက် ထွန်းကားရေးကိုပါ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း ရေးတို့အတွက်  ပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ပြည်သူအားလုံး ဒီမိုကရေစီ အလေ့ အထကောင်းတွေ ရရှိအောင် အသိပညာကြွယ်ဝစေဖို့၊ ဒီမိုကရေစီကို မြတ်နိုးတန်ဖိုး ထားတတ်ဖို့၊ မတူကွဲပြားမှုတွေကို နားလည်လက်ခံတတ်စေဖို့၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း ရင်းနှီးချစ်ခင်စိတ်တွေ ခိုင်မာစေဖို့စာပေဟာ အများကြီး အထောက် အကူပေးနိုင်တဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။

စာပေဟာ လူပုဂ္ဂိုလ် တစ်ဦးချင်းအတွက်သော်လည်းကောင်း၊ အစုအဖွဲ့အတွက် သော်လည်းကောင်း လူမှုဘဝ ရှင်သန်ဖွံ့ဖြိုးရေးမှာ အထောက်အကူပြုနိုင်စွမ်း ရှိပါတယ်။ အသိဉာဏ်အမြင် ပွင့်လင်းစေသလို ဆင်ခြင်တွေးခေါ်မှုအတွက်လည်း အားဆေးသဖွယ် ဖြစ်ပါတယ်။ ဒါ့အပြင် စာကောင်းပေမွန်များဟာ အချိန်ကာလ အပိုင်းအခြား မရှိဘဲ၊ နယ်မြေဒေသ အပိုင်းအခြား မရှိဘဲ စာပေဩဇာ သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် စာပေ ပညာရှင်တွေက ပြည်သူအများ အမှားအမှန် ပိုင်းခြားဝေဖန်နိုင်တဲ့ ဉာဏ်အမြော်အမြင် တိုးတက်မြင့်မားစေမယ့် စာပေတွေကို စိတ်စေတနာ ပြည့်ဝစွာနဲ့ ဖန်တီးရေးဖွဲ့ပေးကြပါလို့ နှိုးဆော်အပ်ပါတယ်။ စာပေပြုစု သူတွေဟာ စာဖတ်ပရိသတ်တွေ မှန်ကန်တဲ့ အသိအမြင် ရရှိဖို့နဲ့ မွန်မြတ်တဲ့စိတ်ထားတွေ ကိန်းအောင်းဖြစ်ပေါ်စေဖို့ ဦးတည် လမ်းညွှန် ပေးဖို့ လိုအပ်တယ်လို့ ရှုမြင်ပါတယ်။

စာပေစွမ်းအားနဲ့ နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုး တိုးတက်အောင် ဆောင်ရွက်ခဲ့ ကြတဲ့ စာဆိုတော် ပညာရှင်ကြီးများကို ချီးကျူး ဂုဏ်ပြုခြင်းဟာ မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။ ဒီအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းကြပြီး မျိုးဆက်သစ်တွေထံ လက်ဆင့် ကမ်း ကြရန် လိုအပ်ပါတယ်။ မျိုးဆက်သစ်တွေကလည်း စာပေဆိုင်ရာ ကျင့်ဝတ်နီတိတို့ကို ထိန်းသိမ်းပြီး ခေတ်ကာလ အခြေ အနေနဲ့ လိုက်လျောညီထွေတဲ့ တိုင်းပြုပြည်ပြုစာပေတွေ၊ တိုင်းကျိုးပြည်ကျိုးစာပေတွေကို ရေးသားသီကုံးဖွဲ့ဆိုနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

ယနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ စာပေပညာရှင်ကြီးများ၊ စာပေဆုရရှိ သူများ၊ အထူးသဖြင့် အခုလို စာပေဆုတွေ အောင်မြင်စွာ ချီးမြှင့်နိုင်အောင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ အစည်းအဝေးတွေ ကျင်းပပြုလုပ်ပြီး စာပေစေ တနာ အပြည့်အဝနဲ့ ဆောင်ရွက်ပေးခဲ့ကြတဲ့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပညာရှင်များ အားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းနဲ့ မြန်မာစာပေလောက ခိုင်မြဲစည်ပင်ဖွံ့ဖြိုးရေး အတွက် ဆက်လက်ပါဝင် ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။