ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဒီဂျစ်တယ်ပလက်ဖောင်းများနှင့် မြန်မာ့ရုပ်ရှင် လုပ်ငန်းများ၏ အရွေ့ အွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၉

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဒီဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီတို့ ပူးပေါင်းကျင်းပသည့်  ဒီဂျစ်တယ်ပလက်ဖောင်းများနှင့် မြန်မာ့ရုပ်ရှင် လုပ်ငန်း များ၏အရွေ့ အွန်လိုင်း ဆွေးနွေးပွဲကို  ယနေ့မွန်းလွဲ (၂) နာရီတွင် ကျင်းပပြုလုပ်ရာ  ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူများက သက်ဆိုင်ရာနေရာ အသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်   တို့က အမှာစကားများ ပြောကြားကြသည်။

ထို့နောက် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ အဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်က “Beyond the Change: From Digital Terrestrial Television (DTT) to Over The Top (OTT)” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ “ဒီဂျစ်တယ် ပလက်ဖောင်းများနှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းများ၏ အရွေ့” စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးမင်းဆွေလှိုင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဒီဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီ) ကဆောင်ရွက်ပြီး  စိုင်းစိုင်းခမ်းလှိုင် (အဆိုတော်/ သရုပ်ဆောင်)၊ ဦးအောင်မင်းလှိုင်(ကိုပေါက်)(ဒါရိုက်တာ/သရုပ်ဆောင်)၊ ဦးမျိုးမင်း (Red Radiance ရုပ်ရှင်ရုံ) နှင့် ဦးဝင်းခိုင် (Mahar Mobile Application) တို့က ပါဝင် ဆွေးနွေးခဲ့ကြကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်သူ စုစုပေါင်း (၆၆)  ဦးရှိကြောင်း သတင်းရရှိသည်။

(MoI)