Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

နေပြည်တော် ဒီဇင်ဘာ ၂၄

ကျွန်မတို့ အခုကိုဗစ်ရောဂါက‌နေပြီးတော့ ပြောရမယ်ဆိုရင် အရင်ငါးရက်အတွင်း ကတော့ ၁၀၀၀ အောက်ကျလာပါတယ်။ ရောဂါကူးစက်တဲ့သူတွေ ၁၀၀၀ အောက်ကျ လာတယ်ဆိုတော့ ဒါတိုးတက်မှုလို့ပြောရပေမယ့်လည်း သိပ်ကြီးကောင်းပြီလို့တော့ ပြောလို့မရသေးပါဘူး။ ဒါပေမယ့်လည်း အားလုံးဝိုင်းဝန်းပြီးတော့ ထိန်းချုပ်ပေးဖို့၊ ဒီရောဂါကို ထိန်းချုပ်ပေးဖို့ကြိုးစားကြလို့ ကျေးဇူးတင်တယ်လို့ ကျွန်မပြောချင်ပါတယ်။ ဒါဆက်ပြီးတော့ ထိန်းသိမ်းထားကြပါ။ အဲဒီတော့ ကျွန်မတို့အနေနဲ့ အခုဆိုရင် အဓိက ဦးတည်နေတာကတော့ ကာကွယ်ဆေးပေါ့။ ကာကွယ်ဆေးကို လူ (၁၅) သန်းအတွက်၊ ဝယ်ယူဖို့အတွက် အခု ကျွန်မတို့ အဖွဲ့တစ်ဖွဲ့ အိန္ဒိယနိုင်ငံမှာ ရောက်နေပါတယ်။ ဒီကာကွယ်ဆေးဝယ်ယူရေးကိစ္စတွေ နဲ့ပတ်သက်လို့ဆိုရင် နောက်တစ်ပတ်လောက် အတွင်းမှာ တိတိကျကျပိုပြီးတော့ သိရပါလိမ့်မယ်။

ကျွန်မတို့ဟာ ကာကွယ်ဆေး ဝယ်ယူဖို့ လက်မှတ်ထိုးပြီးပြီ၊ အားလုံးအဆင်သင့် ရှိပြီးပြီဆိုတာနဲ့ မကြာခင်ကာလမှာ ကာကွယ်ဆေး ထိုးတဲ့အစီအစဉ်တွေ စဖို့လည်း ကျွန်မတို့စီစဉ်ထားပြီးပါပြီ။ တစ်တိုင်းပြည်လုံးမှာပေါ့။ ကျွန်မတို့က တစ်ဆင့်ပြီးတစ်ဆင့် ဦးစားပေးမှာဆိုတော့ ဥပမာအားဖြင့်ဆိုရင် ပထမဦးစားပေးက ကျွန်မတို့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေပေါ့။ အဲဒါပြီးတော့မှ နောက်ကျွန်မတို့အနေနဲ့ နိုင်ငံအတွက်ရော၊‌ ပြည်သူတွေအတွက်ရော လိုအပ်ချက်အရ ကျွန်မတို့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေးရပြီးတာနဲ့လည်း လနဲ့ချီပြီးမှ ကျွန်မတို့ တစ်တိုင်းပြည်လုံးကို ကာကွယ်ဆေးထိုးပေးလို့ပြီးမှာပါ။ ဒါကြောင့် ဒီကြားထဲမှာ သိပ်ပြီးတော့ သတိထားဖို့လိုပါတယ်။ ပန်းတိုင်မြင်ရတဲ့အချိန်မှာမှ ခလုတ်တိုက်တာမျိုး မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေ ဒီကြားထဲမှာ ကာကွယ်ဆေး မရောက်ခင်ပေါ့။ ဒါလပိုင်းနဲ့ချီပြီးတော့ ကြာနိုင်ပါတယ်လို့ကျွန်မ ထပ်ပြောပါရစေ။ ဒီကြား ထဲမှာရောဂါမကူးစက်အောင်လို့၊ ကိုယ့်ဆီကလည်းသူများမကူးစက်အောင်လို့၊ သူများဆီ ကလည်းမကူးစက်အောင်လို့ သတိနဲ့နေကြပါလို့ ကျွန်မထပ်လောင်း ပြီးတော့ မေတ္တာ ရပ်ခံချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုစပြီးတော့လည်း နည်းနည်းတော့ ကျလာပြီ။ နည်းနည်းတော့ကျလာပြီဆိုတော့ များများကျလာအောင်လို့ ကျွန်မတို့လုပ်ရမယ်။ ဆက် ပြီးတော့ ကျရမယ်။ အားလုံးတစ်ခါတည်း ပျောက်ကင်းသွားအောင် လို့ ကျွန်မတို့ကြိုးစားရ မယ်။ နောက်ပြီးတော့ ကာကွယ်ဆေးနဲ့တစ်ဖက်ကထိန်းသွားမယ်ဆိုရင် ကျွန်မတို့နိုင်ငံ အနေနဲ့ ပုံမှန်ပြန်ပြီးတော့ လည်ပတ်လို့ရမှာပါ။

တချို့ကမ္ဘာ့နိုင်ငံတွေမှာဆိုရင် အခုကပြောရတာတောင်မှ လှိုင်းက နံပါတ် ဘယ် လောက် ရောက်နေမှန်းမသိပါဘူး။ တတိယလှိုင်းလား၊ စတုတ္ထလှိုင်းလား၊ ပဥ္စမ လှိုင်းလား။ ပိုပိုပြီးတော့ ဆိုးလာတဲ့နေရာတွေရှိပါတယ်။ အဲဒါကြောင့် ကျွန်မတို့ အခုဘယ်လိုမှ ပေါ့လို့ မရတော့ဘူးဆိုတာကို ကျွန်မထပ်ပြီးတော့ ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ ဒီ အချိန်က ခရစ္စမတ်ကာလလည်း ဖြစ်ပါပြီ။ မနက်ဖြန်ဆိုရင် ခရစ္စမတ်နေ့ ဖြစ်ပါလိမ့်မယ်။ မကြာခင်မှာဆို နှစ်သစ်ကူးနေ့ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့်လည်း သတိ ပေးတာကတော့ တစ်ဖက်ပေါ့။ ဒီလို ခရစ္စမတ်အချိန်၊ နှစ်သစ်ကူးအချိန်မှာ သိပ်ပြီးတော့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ချင်တဲ့စိတ်နဲ့ စည်းမျဉ်းစည်းကမ်း၊ ရောဂါကာကွယ်ရေးစည်းမျဉ်း စည်းကမ်းတွေ ချိုး ဖောက်တဲ့ အခြေအနေမျိုးကို မရောက်ပါစေနဲ့လို့  သတိပေးချင်တာ တစ်ဖက်၊ တစ်ဖက် ကလည်း ဒီအချိန်မှာတော့ ကျွန်မကနေပြီးတော့ နှုတ်ခွန်းဆက် ဆုတောင်းမေတ္တာပို့ ချင်ပါတယ်။ ကျွန်မတို့ရဲ့ ခရစ်ယာန်ဘာသာဝင်များ သာမက ကျွန်မတို့ပြည်သူပြည်သား များ အားလုံးနဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး  ဒီလိုအချိန်ကာလမှာ ငြိမ်းချမ်းရေးနဲ့ ပြည့်ဝကြပါစေ။ ရွှင်လန်းခြင်းနဲ့ ပြည့်ဝကြပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းမေတ္တာပို့ လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။