
ရန်ကုန် ဇူလိုင် ၂
(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ (Asean Paragame) ကို အင်ဒိုနီးရှားနိုင်ငံ ဆိုလိုမြို့ Central Java တွင် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ် (Myanmar Paralympic Sports Federation ) မှ ပြေးခုန်ပစ်၊ မြားပစ်၊ Goalball ၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်ဘော်လီ ဘော၊ အလေးမ စသည့် အားကစားနည်း ခုနစ်မျိုး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ် သည်။
“လက်ရှိလေ့ကျင့်ရေးစခန်းမှာ ၂၀၂၁ နိုဝင်ဘာလကနေစပြီး လက်ရွေးစင်ကစား သမားတွေကို ခေါ်ယူပြီး အားကစားတွေကို ပြန်စတယ်။ ပြိုင်ပွဲကလည်း တော်တော် နီးကပ်နေပြီဆိုတော့ သွားရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။
ဘော်လီဘောဆိုရင် (၁၀) ကြိမ်မြောက်က ၂၀၁၉ ဖိလစ်ပိုင်မှာ ကိုဗစ်နဲ့ ပျက်သွားခဲ့တယ်။ ဘော်လီဘော အသင်းက ရွှေနှစ်ကြိမ်ရထားတယ်။ အခု တစ်ကြိမ်ရရင် သုံးကြိမ်မြောက် ဆက်တိုက် ဖြစ်ပါတယ်။ ဘော်လီဘောအနေနဲ့က ဆုတံဆိပ် တစ်ခုကျိန်းသေဝင်မှာပါ။ ရွှေကို အဓိကရအောင် ကျွန်တော်တို့ ပြင်ဆင်ထား ပါတယ်။ သုံးကြိမ်ဆက်တိုက်ဆိုတဲ့ ဂုဏ်ကို လိုချင်ပါတယ်။ အဲဒါကြောင့် တော်တော်လေး အားထည့် လုပ်ဆောင်နေကြပါတယ်။ အားကစား ခုနစ်မျိုးကို၊ ရွှေတံဆိပ် ၁၀ ခုကျော် မှန်းထားပါတယ်” ဟု မြန်မာနိုင်ငံ မသန်စွမ်း သူများ အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့် ကပြောသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြ ၂၄ ဦး၊ အားကစားသမား ၆၉ ဦးအနေဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တွင် ပြိုင်ပွဲယှဉ်ပြိုင်ရမည့် အင်ဒို နီးရှားနိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာအားကစား အဖွဲ့များအနေဖြင့် ပြိုင်ပွဲကို ကြိုတင်ပြင်ဆင်မှု အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ မြန်မာနိုင်ငံမသန်စွမ်း သူများ အားကစားအဖွဲ့ချုပ်၊ မသန်စွမ်းသူများ အားကစားလေ့ကျင့်ရေးစခန်းတွင် အားကစား သမား စခန်းသွင်း လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အာဆီယံမသန်စွမ်းအားကစား ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံက အားကစား နည်း ၁၄ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အရှေ့တောင် အာရှနိုင်ငံများအာလုံး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ယင်းပြိုင်ပွဲကို ဆီးဂိမ်း အိမ်ရှင် ဗီယက်နမ် နိုင်ငံမှ လက်ခံကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ် -၁၉ ကပ်ရောဂါ အခြေအနေကြောင့် ဖျက်သိမ်းခဲ့ရာ အင်ဒိုနီးရှားနိုင်ငံမှ အစားထိုး လက်ခံကျင်းပခြင်းဖြစ်သည်။
အာကာစိုး