
ရန်ကုန် ဩဂုတ် ၃
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယနေ့ ယှဉ်ပြိုင်မှုတွင် ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေး တံဆိပ်နှစ်ခု ထပ်မံဆွတ်ခူးရရှိ ခဲ့ကြောင်း သိရသည်။
မြန်မာ အားကစားအဖွဲ့သည် MANAHAN ကွင်း၌ ကျင်းပသည့် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလှံတံပစ် ပြိုင်ပွဲတွင် တင်ညိုက ရွှေတစ်ခု၊ စိုးသန်းက ငွေတစ်ခု၊ အောင်ထွန်း လင်းက ကြေးတစ်ခု၊ အမျိုးသား မီတာ၄၀၀ အပြေးပြိုင်ပွဲ (အောက်ပုံ) တွင် ကျော်ကျော်ဝင်းက ရွှေတစ်ခု၊ မောင်လင်းက ကြေးတစ်ခု ဆွတ်ခူး ရရှိခဲ့ပြီး မြန်မာမသန်စွမ်း အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌက အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် တင်ညို အား ဆုချီးမြှင့်ပေးအပ်သည်။
(၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ချုပ်အနေဖြင့် ပြေးခုန်ပစ်၊ မြားပစ်၊ ဂိုးလ်ဘော၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက် ဘော်လီဘောနှင့် အလေးမ အားကစားပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယနေ့အထိ မြန်မာမသန်စွမ်း အားကစား အဖွဲ့ချုပ်အနေဖြင့် ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်ငါးခု စုစုပေါင်း ၁၇ ခု ရရှိလျက်ရှိကြောင်း သိရသည်။
အာကာစိုး