
ရန်ကုန် ဩဂုတ် ၅
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၁)ကြိမ် မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယနေ့ ယှဉ်ပြိုင်မှုတွင် ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေး တံဆိပ်တစ်ခု၊ ရေကူးအားကစား နည်းမှ ငွေတံဆိပ်နှစ်ခု၊ ဘောလုံး အားကစားနည်းမှ ကြေးတံဆိပ် တစ်ခုနှင့် အလေးမအားကစား နည်းမှ ကြေးတံဆိပ်နှစ်ခု ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။
မြန်မာအားကစားအဖွဲ့သည် MANAHAN ကွင်း၌ ကျင်းပသည့် ပြေးခုန်ပစ်ပြိုင်ပွဲ၊ JATIDIRI ရေကူးကန်၌ ကျင်းပသည့် ရေကူး ပြိုင်ပွဲ၊ UNS ကွင်း၌ ကျင်းပသည့် ဘောလုံးပြိုင်ပွဲနှင့် Solo Paragon Hotel ၌ ကျင်းပသည့် အလေးမ ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ အမျိုးသားသံပြားပစ်ပြိုင်ပွဲ တွင် အောင်ဘုန်းမြတ်က ရွှေ တစ်ခု၊ အမျိုးသားသံလုံးပစ်ပြိုင်ပွဲ တွင် အောင်ထွန်းလင်းက ငွေတစ်ခု၊ တင်ညိုက ကြေးတစ်ခု၊ အမျိုးသား မီတာ ၁၀၀ အလွတ် ကူးပြိုင်ပွဲတွင် နိုဇင်က ငွေတံဆိပ် တစ်ခု၊ အမျိုးသားမီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် အောင်ဖုန်း က ငွေတံဆိပ် တစ်ခု၊ ဘောလုံး ပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ခုနှင့် အလေးမပြိုင်ပွဲတွင် မင်းဇော်ဝင်း က ကြေးတံဆိပ် နှစ်ခု ဆွတ်ခူးရရှိ ခဲ့ပြီး မြန်မာမသန်စွမ်းအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် လှမိုးက အမျိုးသားသံလုံးပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဇော်မင်းလွင်အား လည်းကောင်း၊ မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (ဘဏ္ဍရေး၊ လေ့ကျင့်ရေး) ဦးဝင်းမြင့်နှင့် ပါမောက္ခ ဒေါက်တာသန်းသန်း ဌေးတို့က သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် ကစားသမား အားလည်းကောင်း၊ မြန်မာမသန် စွမ်း အားကစားအဖွဲ့ချုပ် အတွင်း ရေးမှူး ဦးထွန်းနိုင်ဦးက ကျန် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေး တံဆိပ် ရရှိခဲ့သည့် အားကစား သမားများအား လည်းကောင်း အသီးသီး ဆုချီးမြှင့်ပေးအပ် သည်။
(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ မသန်စွမ်းအားကစားအဖွဲ့ ချုပ်အနေဖြင့် ပြေးခုန်ပစ်၊ မြားပစ်၊ ဂိုးလ်ဘော၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက် ဘော်လီဘောနှင့် အလေးမ အားကစားပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်အနေဖြင့် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု စုစုပေါင်း ဆုတံဆိပ် ၄၃ ခုနှင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှုမှာ အဆင့်ခြောက် ရရှိခဲ့ကြောင်း သိရသည်။
အာကာစိုး