၂၀၂၀ မိုးစပါးရိတ်သိမ်းကာလနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၀ မိုးစပါးရိတ်သိမ်းကာလနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

====================================================

 

 

နေပြည်တော် အောက်တိုဘာ ၁၂

 

၂၀၂၀ မိုးစပါးရိတ်သိမ်းကာလနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်မှူးများ က Zoom Application အသုံးပြု၍ သက်ဆိုင်ရာဒေသများမှ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ၂၀၂၀ မိုးစပါးရိတ်သိမ်းကာလ၌ ဆောင်ရွက် ရမည့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ အခြောက်ခံခြင်း၊ သယ်ယူ ကြိတ်ခွဲခြင်း၊ စျေးကွက်သို့တင်ပို့ခြင်း စသည့်လုပ်ငန်းများ တွင် မလိုလားအပ်သော ကုန်ကျစရိတ်ကြီးမြင့်မှု မဖြစ်ပေါ် စေရေး ၊ ကျန်းမာရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များနှင့် ဒေသန္တရအမိန့်များအရ နယ်ကျော်ဝင်ထွက်သွားလာမှု ကန့်သတ်ချက်များကြောင့် လယ်ယာလုပ်ငန်းခွင် အခက် အခဲများ မဖြစ်ပေါ်စေရေးတို့အတွက် လိုအပ်သည့် ညှိနှိုင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် စီမံခန့်ခွဲမှု လုပ်ငန်းများ ကြိုတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေး၌ ၂၀၂၀ မိုးစပါးစိုက်ပျိုးပြီးစီးခဲ့မှုနှင့် စပါးထွက်ရှိနိုင်မှု၊ ဒေသအလိုက် ရိတ်သိမ်းခြွေလှေ့ခြင်း၊ အခြောက်ခံခြင်း၊ ကြိတ်ခွဲသယ်ယူခြင်း စသည့်လုပ်ငန်းများ အတွက် စက်ကိရိယာ ၊ ကျွမ်းကျင်လုပ်သားနှင့် လယ်ယာ လုပ်သားလိုအပ်ချက် အခြေအနေများကိုလည်းကောင်း၊ Covid-19 Pandemic ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များအရ နယ်ကျော်ဝင် ထွက်သွားလာမှုများအပေါ် ကန့်သတ်မှုများကြောင့် တောင်သူ များအနေဖြင့် ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ဝယ်ယူခြင်း၊ သယ်ပို့ခြင်းဆိုင်ရာ လုပ်ငန်းများတွင် ကြုံတွေ့ လာနိုင်သည့် အခြေအနေများကိုလည်းကောင်း၊ အဆိုပါ အခက်အခဲများအတွက် လိုအပ်သည့် ကြိုတင်ညှိနှိုင်း ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

 

ယခုနှစ်မိုးစပါးရာသီတွင် စိုက်ဧက ၁၅ ဒသမ ၁ သန်း စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ စက်တင်ဘာ လကုန်အထိ ၁၄ ဒသမ ၇ သန်းစိုက်ပျိုးပြီးဖြစ်ကာ ယခင်နှစ် ကာလတူ စိုက်ဧရိယာထက် အနည်းငယ် ပိုမိုခဲ့သော်လည်း ရာသီကုန်အထိ စိုက်ပျိုးနိုင်မည့် ဧရိယာမှာ ယခင်နှစ်အောက် ဧကအနည်းငယ်သာ လျော့နည်းမည်ဟု ခန့်မှန်းထား ကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများ၌ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ စက်တင်ဘာလကုန်အထိ ပဲခူး တိုင်းဒေသကြီး၌ ဧကသုံးသောင်း‌ကျော်၊ ရန်ကုန်တိုင်းဒေသ ကြီး၌ ဧကတစ်ထောင်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၌ ဧက နှစ်သောင်းကျော် ရိတ်သိမ်းပြီးဖြစ်သကဲ့သို့ အောက်တိုဘာ လကုန်အထိ စုစုပေါင်းဧက သုံးသိန်းခွဲကျော်ခန့် ထပ်မံ ရိတ်သိမ်းသွားရန်ရှိနေကြောင်း သိရသည်။

 

တောင်သူများအနေဖြင့် ယခုနှစ်မိုးစပါးကို သက်လျင် သက်လတ် မျိုးကောင်း မျိုးသန့် စပါးမျိုးများ ပိုမိုအသုံးပြု စိုက်ပျိုးထားကြခြင်း၊ စိုက်ပျိုးနည်းစနစ်များပြောင်းလဲ စိုက်ပျိုးခြင်းတို့ကြောင့် သက်တမ်းတို၍ ရင့်မှည့်ချိန်ကာလ တူညီကြပြီး တစ်ပြိုင်တည်း ရိတ်သိမ်းခြွေလှေ့ရန် လိုအပ် လျက်ရှိရာ အချိန်မီ ရိတ်သိမ်းနိုင်ရေးအတွက် ရိတ်သိမ်း ခြွေလှေ့စက်ကြီးများ အသုံးပြုရန် လိုအပ်မည်ဖြစ်ပြီး စပါး လှိုင်လှိုင်ရိတ်သိမ်းရမည့် အချိန်များတွင် ဒေသတစ်ခုမှ တစ်ခုသို့ စက်ကြီးများ သယ်ယူပို့ဆောင်ရေးနှင့် ကျွမ်းကျင် လုပ်သားများ သွားလာရေးတို့သည်လည်း လိုအပ်လာမည် ဖြစ်သည်။ အလားတူ စပါးရောင်းချဝယ်ယူခြင်းလုပ်ငန်းများ တွင် အကန့်အသတ်များကြောင့် စပါးစျေးနှုန်းအပေါ် သက်ရောက်လာပါက တောင်သူများအတွက် များစွာထိခိုက် နစ်နာနိုင်သည့် အခြေအနေများကို ကျော်လွှားနိုင်ရန် လိုအပ်သည့် ညှိနှိုင်းဆောင်ရွက်ရေးနှင့် စီမံခန့်ခွဲမှုလုပ်ငန်း များ ကြိုတင်ဆောင်ရွက်ရန် ယနေ့အစည်းအဝေးကို ကျင်းပ ရခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်