Type

ရွေးကောက်ပွဲတစ်ခုတွင် ဆန္ဒမဲပေးမည့်သူများအတွက် မဲဆန္ဒရှင်များစာရင်း ပြုစုရသည်။ ဆန္ဒမဲလက်မှတ်များ ပြုစုရသည်။ ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိကြိုက် နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ဆန္ဒပြုရသည်။ ဆန္ဒပြုပြီးသောဆန္ဒမဲလက်မှတ်ကို မဲပုံးအတွင်းသို့ ထည့် ရသည်။ မဲရုံအလိုက် ဆန္ဒမဲများ ရေတွက်ရသည်။ ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်များကို ကြေညာပေးရသည်။ ဖော်ပြခဲ့သည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို အချို့သောနိုင်ငံများ၏ ရွေးကောက်ပွဲ များတွင် အီလက်ထရောနစ်နည်းပညာကို အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်။ အီလက် ထရောနစ်နည်းပညာ တိုးတက်လာသည်နှင့်အညီ အဆင့်မြှင့်တင်၍သုံးစွဲကာ အောင်မြင်မှုများရရှိနေကြ သည်။ မြန်မာနိုင်ငံကလည်းမည်သို့ကျင့်သုံးဆောင်ရွက်နေပါသနည်း။ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲစနစ်ကို စံပြု၍ အနှစ်ချုပ်ဖော်ပြပါမည်။
အီလက်ထရောနစ်နည်းပညာသုံးစွဲရခြင်း၏ရည်ရွယ်ချက်
အီလက်ထရောနစ်နည်းပညာသုံး မဲပေးသည့်စနစ်ကို ကျင့်သုံးရခြင်းမှာ လွယ်ကူစွာဆန္ဒမဲပေးနိုင်ရန်၊ လွယ်ကူ စွာ ဆန္ဒမဲရေတွက်နိုင်ရန်၊ အချိန်ကုန်ငွေကုန်သက်သာ စေရန်၊ လူအင်အားအသုံးချမှု လျော့နည်းစေရန်နှင့် အချိန်တိုအတွင်း မဲရလဒ်များရရှိလာစေရန် ရည်ရွယ် ချက်များဖြင့် ကျင့်သုံးခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံရွေးကောက်ပွဲစနစ်
အိန္ဒိယနိုင်ငံ၏ရွေးကောက်ပွဲများတွင် အီလက်ထရောနစ် နည်းပညာအသုံးပြုပုံကို အကျဉ်းမျှဖော်ပြပါမည်။ အိန္ဒိယနိုင်ငံတွင် အီလက်ထရောနစ်နည်းပညာသုံး မဲပေး စက်များကို ၁၉၉၇ ခုနှစ် ရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ်အသုံးပြုခဲ့သည်။ ၂၀၀၄ ခုနှစ်ကစတင်ကာ ယင်း စက်များကို တစ်ခုတည်းသော ဆန္ဒမဲပေးခြင်းနည်းလမ်း အဖြစ် အသုံးပြုခဲ့သည်။ နည်းပညာတိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ ဆန္ဒမဲပေးစက်များကိုလည်း အဆင့် မြှင့်၍ အသုံးပြုလာသည်။ ၂၀၁၉ ခုနှစ်က ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် အဆင့်မြင့် ဆန္ဒမဲပေးစက် များဖြင့် ကျင့်သုံးအသုံးပြုခဲ့ကြောင်း ကိုယ်တိုင်လေ့လာ သိရှိခဲ့ရသည်။
ဆန္ဒမဲပေးရာတွင်အသုံးပြုသည့်စက်မှာ Electronic Voting Machines ( EVM ) ဖြစ်သည်။ ယင်းစက်တွင် အစိတ်အပိုင်း သုံးပိုင်းပါရှိသည်။ ပထမအစိတ်အပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍ ဆန္ဒမဲပေးနိုင်သည့် Ballot Unit ဖြစ်သည်။ ဒုတိယအစိတ် အပိုင်းမှာ မဲရုံမှူးက ကိုင်တွယ်ထိန်းချုပ်သည့်အပိုင်း Control Unit ဖြစ်သည်။ တတိယအစိတ်အပိုင်းမှာ Voter - Verified Paper Audit Trail (VVPAT) ဆိုသည့် အပိုင်းဖြစ်သည်။
မဲဆန္ဒရှင်တစ်ဦးက ဆန္ဒမဲပေးဖို့ ဆန္ဒမဲပေးမည့်စက် အနားသို့ ရောက်သည့်အခါ မဲရုံဝန်ထမ်းတစ်ဦးက Control Unit အပိုင်းမှ ခလုတ်ကိုနှိပ်လိုက်သည်။ ထိုအခါ Ballot Unit တွင် အစိမ်းရောင်မီးလင်းလာသည်။ ထိုသို့ မီးစိမ်းလင်းသည်နှင့် Ballot Unit တွင် ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်နှင့် ယင်း ၏လိုဂိုအမှတ်တံဆိပ်ပါရှိသည့် ဆန္ဒမဲလက်မှတ်ထဲမှ မိမိကြိုက်နှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာခလုတ်ကို နှိပ်လိုက်သည်။ ထိုသို့နှိပ်လိုက်ပြီးသည် နှင့်တစ်ပြိုင်နက် မဲဆန္ဒရှင် ရွေးချယ်လိုက်သော ကိုယ်စားလှယ်လောင်းအမည်နှင့် အမှတ်တံဆိပ်သည် တတိယ အစိတ်အပိုင်းဖြစ်သည့် VVPAT ၏ Screenတွင် ခုနစ်စက္ကန့်ပေါ်လာသည်။ မဲဆန္ဒရှင်က မိမိရွေးချယ်လိုက် သော ကိုယ်စားလှယ်လောင်း ဟုတ်-မဟုတ် ကြည့်နိုင် သည်။ ထိုသို့ ခုနစ်စက္ကန့် ပေါ်ပြီးသည့်နောက် မဲဆန္ဒရှင် ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်လောင်းအမည်ပါရှိ သည့်စာရွက်သည် အောက်ဘက်ရှိ VVPAT ၏ပုံးထဲသို့ အလိုအလျောက် ရောက်ရှိသွားသည်။
အဆိုပါစက်တစ်လုံးဖြင့် မဲဆန္ဒရှင် ၁၅၀၀ အထိ ဆန္ဒ မဲပေးနိုင်သည်။ မဲရလဒ်များ အထူးရေတွက်ရန် မလိုပါ။ မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းက ဆန္ဒမဲ မည်မျှရသည်ကို စက်မှာပင်ကြည့်၍ရသည်။ ပယ်မဲ မရှိဟုဆိုပါသည်။ အားလုံးလက်ခံကြသည်။ အငြင်းပွားမှု မရှိကြပါ။ အကယ်၍ အငြင်းပွားမှု ပေါ်ပေါက်လာခဲ့လျှင် VVPAT၏ ပုံးထဲသို့ ရောက်ရှိနေသော မဲဆန္ဒရှင်များဆန္ဒပြု ခဲ့သည့် စာရွက်ပိုင်းများကိုထုတ်၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အများပြည်သူရှေ့ ပြန်လည် ရေတွက်ပေးရန် ဖြစ်သည်။
ဆန္ဒမဲပေးရာတွင် ဖော်ပြပါ စက်အစိတ်အပိုင်းသုံးခု အားလုံး အတူတကွရှိနေမှသာလျှင် ဆန္ဒမဲပေး၍ ရပါ သည်။ ယင်းစက်များ၏ လုံခြုံရေးစနစ်မှာ အခြားစက်များ နှင့် ချိတ်ဆက်ရန်မလိုဘဲ တစ်ခုတည်းအသုံးပြုနိုင်သည့် စနစ်ဖြစ်သည်။ ရေဒီယိုလှိုင်းများ၊ အခြားကြိုးမဲ့ကွန်ရက် ချိတ်ဆက်သည့်လှိုင်းများ ဆက်သွယ်၍မရသောစနစ်ဖြစ် သည်။ တစ်ကြိမ်သုံး Chip များဖြင့် ပရိုဂရမ် ရေးဆွဲထား သည့် နည်းပညာအရ Dynamic Coding စနစ်ကို အသုံး ပြုထားသည်။
ဒီမိုကရေစီသက်တမ်း အရှည်ကြာဆုံးဖြစ်သော၊ ဒီမိုကရေစီရွေးကောက်ပွဲ အကြီးမားဆုံးဖြစ်သော၊ မဲဆန္ဒရှင် သန်းပေါင်း ၉၀၀ ကျော်ရှိသော အိန္ဒိယနိုင်ငံ၏ရွေးကောက် ပွဲများတွင် အီလက်ထရောနစ်နည်းပညာကို အသုံးပြု၍ မဲစာရင်းပြုစုခြင်း၊ ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲရေတွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများ ရရှိနေသည်။
မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲနည်းစနစ်
မြန်မာနိုင်ငံ၏ရွေးကောက်ပွဲစနစ်တွင် အီလက်ထရောနစ် နည်းပညာစနစ်ကို အသုံးပြုနိုင်ခြင်းမရှိသေးပါ။ လုပ်ရိုး လုပ်စဉ် စာရွက်စာတမ်းများ၊ ပုံစံများပေါ်တွင် လက်ရေး များဖြင့် ဖြည့်သွင်းဆောင်ရွက်သည့် သမားရိုးကျနည်း စနစ် (Manual System) ကိုသာ အသုံးပြုသည်။
မဲစာရင်းပြုစုရာတွင် မဲစာရင်း ပုံစံ (၁) နှင့် တိုင်းရင်း သားလူမျိုးများ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတွက် တိုင်းရင်းသားမဲစာရင်း ပုံစံ (၁-က) များကို ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပစဉ်က အားလုံးနီးပါး လက်ရေးဖြင့်ပြုစုကြရသည်။ နောက်ပိုင်း တွင် လက်နှိပ်စက်များဖြင့်ပြုစုသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများအားလုံးကို ကွန်ပျူတာလက်တော့ပ်များကိုအသုံးပြု၍ ပြုစုသည်။ ထိုသို့ ပြုစုထားသော မဲစာရင်းကို စာရွက်များဖြင့်ကူး၍ ထုတ်ယူသည်။ ထိုသို့ စာရွက်များဖြင့် ကူးယူထားသော မဲစာရင်းတွင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်မှတ်ရေးထိုးသည်။ ထိုသို့စာရွက်စာတမ်းများဖြင့် ထုတ်ယူပြုစုထားသော မဲစာရင်းကိုသာ ကြော်ငြာသည်။ ယင်းမဲစာရင်းကိုသာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များသို့ ထုတ် ပေးသည်။ ယင်းစာရွက်များဖြင့် ထုတ်ယူပြုစုထားသော မဲစာရင်းများကိုသာ မဲရုံများတွင် အသုံးပြုသည်။ ယင်း မဲစာရင်းများပေါ်တွင် မဲဆန္ဒရှင်များကိုစိစစ်ပြီး လက်မှတ် ရေးထိုးစေ၍ ဆန္ဒမဲလက်မှတ်ထုတ်ပေးသည်။
ဆန္ဒမဲပေးရာတွင် ကိုယ်စားလှယ်လောင်းများအမည် စာရင်းနှင့် ယင်းတို့၏လိုဂိုတံဆိပ်များကို စာရွက်များပေါ် တွင် ပုံနှိပ်ပြုစုသည်။ ယင်းဆန္ဒမဲလက်မှတ်များကို မဲဆန္ဒရှင်များသို့ ထုတ်ပေးသည်။ မဲဆန္ဒရှင်များက ဆန္ဒ မဲလက်မှတ်များရယူ၍ လျှို့ဝှက်ဆန္ဒပြုခန်းသို့သွား ရောက်သည်။ မိမိကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်း ကိုရွေးချယ်၍ အမှန်တံဆိပ်ပါ တံဆိပ်တုံးကို သတ်မှတ် ထားသည့် အကွက်ထဲသို့နှိပ်၍ ဆန္ဒပြုသည်။ ပြီးလျှင် ဆန္ဒမဲလက်မှတ်ကို ခေါက်၍ မဲပုံးအတွင်းသို့ ကိုယ်တိုင် ထည့်သည်။
ဆန္ဒမဲရေတွက်ရာတွင် သက်ဆိုင်ရာလွှတ်တော်
ကိုယ်စားလှယ်လောင်းများ၊ ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံအကူကိုယ်စားလှယ်များနှင့် အသိသက်သေ မဲဆန္ဒရှင်များ၏ရှေ့မှောက်တွင် မဲပုံးထဲမှ ဆန္ဒမဲလက်မှတ်များကိုထုတ်ယူ၍ တစ်ရွက်စီရေတွက် သည်။ ရေတွက်ရာတွင် ကြော်ငြာဘုတ်ပေါ်တွင် မြန်မာ နည်း တာလီခြစ်မှတ်၍ ရေတွက်သည်။ မဲရုံတိုင်း မဲရုံ တိုင်းတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ မဲရုံကိုယ်စားလှယ် နှစ်ဦးကျစီ ထားရှိခွင့် ရရှိသည်။ ယင်းမဲရုံကိုယ်စားလှယ်များက ဆန္ဒမဲ လက်မှတ်ထုတ်ပေးခြင်း၊ ဆန္ဒပြုခြင်း၊ မဲပုံးအတွင်းထည့် ခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ်များတွင် ဥပဒေနှင့်အညီ မမှန်မကန်ဆောင်ရွက်မှုများ တွေ့ရှိပါက ကန့်ကွက် တင်ပြနိုင်သည့် အခွင့်အရေးများရရှိသည်။
ဆန္ဒမဲလက်မှတ်များကိုရေတွက်ပြီး မဲရလဒ်ကို စာရင်း ရေးသွင်းရာ၌ သက်ဆိုင်ရာ မဲရုံမှူးက သတ်မှတ်သည့် ပုံစံ(၁၆)တွင် လက်ရေးဖြင့် ကိုယ်တိုင်ရေးသွင်းသည်။ မဲရုံမှူးနှင့် သက်ဆိုင်ရာမဲရုံအကူကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကြရသည်။ သက်ဆိုင်ရာမဲရုံတွင် ကပ် ထားကြေညာသည်။ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က ကူးယူခြင်း၊ ဓာတ်ပုံရယူခြင်းများ ပြုလုပ်ကြသည်။ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့၊ ခရိုင်ကော်မရှင်အဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ကော်မရှင်အဖွဲ့ခွဲတို့က မဲရလဒ်များ စုပေါင်းရေးသွင်းရ သည်။ ပုံစံ (၁၈)၊ (၁၉) ၊(၁၉-က) ၊(၁၉-ခ) များကိုလည်း လက်ရေးဖြင့်ပင် ရေးသားဖြည့်သွင်းရသည်။
ဖော်ပြပါ လုပ်ငန်းစဉ်များကိုကြည့်လျှင် မြန်မာနိုင်ငံ ရွေးကောက်ပွဲများ၌ ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲရေတွက်ခြင်း၊ မဲရလဒ်များကို စာရင်းရေးသားဖြည့်သွင်းခြင်းစသည်တို့ကို မည်သည့်စက်ပစ္စည်းကိုမျှ အသုံးပြုခြင်းမရှိပါ။ မဲရုံအတွင်းတွင် မည်သည့်စက်ပစ္စည်းများကိုမျှ ထားရှိ ခြင်း မရှိပါ။ သမားရိုးကျ လုပ်ရိုးလုပ်စဉ်နည်းလမ်းဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲ ရလဒ်များကို အီလက်ထရောနစ်နည်းပညာများကို
အသုံးပြု၍ လိုအပ်သလိုပြောင်းလဲပြင်ဆင်နိုင်သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိမြင်သာနိုင်သည်။
သမားရိုးကျစနစ်မှသည်အီလက်ထရောနစ်နည်းပညာဆီသို့
မြန်မာနိုင်ငံရွေးကောက်ပွဲများတွင် တစ်နေ့နေ့ တစ်ချိန်ချိန်၌ အိန္ဒိယနိုင်ငံကဲ့သို့ အီလက်ထရောနစ်နည်း ပညာများကို အသုံးပြုလာနိုင်ပါသည်။ သို့သော် ကြာပါ ဦးမည်။ လေ့လာသင်ယူကြရပါမည်။ လေ့ကျင့်စမ်းသပ်မှု တွေ အချိန်အများကြီးယူရပါဦးမည်။ အိန္ဒိယနိုင်ငံမှာပင် ၁၉၉၇ ခုနှစ်မှစ၍ အချို့သောဒေသများတွင် အီလက် ထရောနစ်နည်းပညာကို စတင်အသုံးပြုလာပြီး ၂၀၁၉ ခုနှစ်တွင်ကျမှ အဆင့်မြင့်နည်းပညာစက်များကို နိုင်ငံ တစ်ဝန်း အသုံးပြုလာနိုင်ပါသည်။
မည်သို့ပင်ဆိုစေ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲပြီးနောက် နောင်ကျင်းပမည့် ရွေးကောက်ပွဲ များတွင် အဆင့်မြင့်နည်းပညာစက်များကိုအသုံးပြု၍ နိုင်ငံတကာအဆင့်မီ ရွေးကောက်ပွဲများ ကျင်းပနိုင်သည် အထိ လေ့လာသင်ယူ လေ့ကျင့်ပျိုးထောင် အသုံးပြုနိုင် ရေး မျှော်လင့်စောင့်စားနေမိကြောင်းပါ။
လွတ်လပ်၍မှန်ကန်မျှတသော ရွေးကောက်ပွဲ များကျင်းပနိုင်ပါစေ၊
အဆင့်မြင့်နည်းပညာများ အသုံးပြု၍ ရွေးကောက်ပွဲများကျင်းပနိုင်ရေး သင်ယူ လေ့လာဆည်းပူးနိုင်ကြပါစေ၊
အဆင့်မြင့်နည်းပညာများကို အသုံးပြုခြင်းဖြင့် ပို၍လွတ်လပ်မှန်ကန်မျှတသော ရွေးကောက် ပွဲများကျင်းပနိုင်ကြပါစေ။
မောင်စာဂ
- Log in to post comments