Type

မောင်စာဂ
၂၀၂၀ ပြည့်နှစ် မတ်လ ၆ ရက်နေ့က နေပြည်တော် Grand Amara Hotel တွင် ကျင်းပပြုလုပ်ခဲ့သော "၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ကြုံတွေ့နိုင်သော လုပ်ကြံသတင်းများ၊ အမုန်းစကားများအား တိုက်ဖျက် ခြင်းတို့နှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်း၊ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" သို့ တက်ရောက်ပါဝင်ဆောင်ရွက်ခွင့်ရရှိခဲ့သည်။ ဘာကြောင့် ဤကဲ့သို့သော အလုပ်ရုံဆွေးနွေးပွဲမျိုး ကျင်းပပြုလုပ်ရပါ သနည်း။ အနှစ်ချုပ် မျှဝေပါရစေ။
အမျိုးသမီးဦးရေ
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်းမှာ ၅၁ သန်းကျော်ဖြစ်ပြီး အမျိုးသား ဦးရေ ၂၄ သန်းကျော်နှင့် အမျိုးသမီးဦးရေ ၂၆ သန်းကျော် ရှိသည်။ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၈၃ သန်း ပိုများနေသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ကျား/မ အချိုးသည် မ ၁၀၀ မှာ ကျား ၉၃ ဦးရှိသည်ကို တွေ့ရသည်။ သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ပိုများနေသော်လည်း ကျင်းပပြီးစီး ခဲ့သည့် ရွေးကောက်ပွဲများတွင် အမျိုးသမီးဝင်ရောက် ယှဉ်ပြိုင် အရွေးခံခြင်းနှင့်စပ်လျဉ်းပြီး ဤသို့ တွေ့ရှိရ သည်။ ၂၀၁၀ ပြည့်နှစ်တွင် ကိုယ်စားလှယ်လောင်း ၃၀၆၉ ဦးအနက် အမျိုးသမီးဦးရေ ၁၂၇ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးပါဝင်မှု ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၆၀၃၈ ဦးရှိခဲ့ရာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၈၀၀ ပါဝင်ခဲ့ပြီး အမျိုးသမီးပါဝင်မှု ၁၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံရှိအမျိုးသမီး များသည် နိုင်ငံရေးတွင် အမျိုးသားများနှင့်တန်းတူညီမျှ
ပါဝင်မှုပမာဏ နည်းနေသေးကြောင်း တွေ့ရှိရသည်။
လွှတ်တော်များတွင်ကိုယ်စားပြုမှု
မြန်မာနိုင်ငံ၏လွှတ်တော်များအတွင်း ကိုယ်စားပြုမှု မှာ ကျား/မရေးရာ တန်းတူညီမျှမှုက ကြီးကြီး မားမားကွာဟနေဆဲ ဖြစ်သည်။ လွှတ်တော်များအတွင်း ၁၃ ရာခိုင်နှုန်းသာ အမျိုးသမီးပါဝင်နေပြီး အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များပါဝင်မှု အချိုးအားဖြင့် နိုင်ငံပေါင်း ၁၉၁ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့် ၁၅၉ သာရှိနေကြောင်း လေ့လာတွေ့ရှိရသည်။
အဘယ်ကြောင့်အမျိုးသမီးများပါဝင်မှု
နည်းပါးနေသနည်း
မြန်မာနိုင်ငံတွင် အမျိုးသမီးများ နိုင်ငံရေးဖြစ်စဉ်များ တွင် ပါဝင်မှုနည်းပါးရခြင်းသည် ယဉ်ကျေးမှုစံနှုန်းများ ကြောင့်ဟု ယူဆကြသည်များရှိသည်။ အမျိုးသမီးများ အနေဖြင့် အမျိုးသားတို့၏ ခေါင်းဆောင်မှုကို ကျယ်ကျယ် ပြန့်ပြန့်ဦးစားပေးခြင်း၊ အမျိုးသမီးများကို အိမ်မှုကိစ္စများ တွင် ဖြည့်ဆည်းပံ့ပိုးပေးရမည့်တာဝန်များ သတ်မှတ် ထားခြင်းစသည့် ယဉ်ကျေးမှုစံနှုန်းများကြောင့် အမျိုးသားနှင့် အမျိုးသမီးများ၏ နိုင်ငံရေးတွင်ပါဝင်မှု အပေါ် သက်ရောက်မှုရှိနိုင်သည်ဟု သုံးသပ်သည်များ လည်းရှိသည်။ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင်လည်း ပုံမှန်အားဖြင့် အမျိုးသားများကိုသာ ဦးစားပေးလေ့ရှိကြသည်။ ဤသည်မှာလည်း အကြောင်း တစ်ချက်ဖြစ်သည်။
နောက်တစ်ကြောင်းမှာ ရွေးကောက်ပွဲများတွင် အမျိုး သမီးများအပေါ် အကြမ်းဖက်ခြင်း၊ အမုန်းစကားများပြော ဆိုခြင်းများသည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သည့် ရွေးကောက်ပွဲများ၏ အခြေခံစံချိန်စံညွှန်းကို ပျက်ယွင်း စေရာရောက်သည်။
အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်မှု လျော့နည်းစေ သည့် အကြောင်းအရင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်တွင် ပိုမိုပါဝင်လာစေရေးနှင့် တန်းတူညီမျှရှိစေရေးသည် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်ညီသည့် ရွေးကောက်ပွဲများ ဖြစ်စေရေးအတွက် အထက်ဖော်ပြပါ အလုပ်ရုံဆွေးနွေး ပွဲကို ကျင်းပခြင်းဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီးကဏ္ဍဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ အမျိုးသမီးကဏ္ဍတာဝန်ရှိသူ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ တက်ရောက် ကြသည်။ ဆွေးနွေးပွဲတွင် အစုအဖွဲ့ ခြောက်ဖွဲ့ ဖွဲ့စည်း သည်။ တစ်ဖွဲ့လျှင် ကိုးဦးကျစီပါဝင်သည်။
ဆွေးနွေးသည့် အဓိကအချက်များ
လွှတ်တော်ရွေးကောက်ပွဲများတွင် အမျိုးသမီးအခန်း ကဏ္ဍပါဝင်မှု မြင့်မားလာစေလိုသည်။ သို့ရာတွင် အမျိုး သမီးအခန်းကဏ္ဍပါဝင်မှု မြင့်မားလာအောင် မည်သို့ ဆောင်ရွက်ကြရမည်ကို အဓိကဦးမတည်ဘဲ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအား အမုန်းစကား များပြောဆို၍ တိုက်ခိုက်လာသည်များကို မည်သို့ တားဆီးသွားမည်နည်း။ မည်သို့သော စည်းရုံးလှုံ့ဆော်မှု များကို ပြုလုပ်ဆောင်ရွက်သွားကြမည်နည်း။ ထိုသို့ တားဆီးပြုလုပ်ဆောင်ရွက်ကြခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအပြီး မည်သို့သောအကျိုးရလဒ်များ ဖြစ်ထွန်းလာမည်နည်း။ အမျိုးသမီးကဏ္ဍမြင့်မားလာမှု ပုံရိပ် မည်သို့ရှိလာမည်နည်း။ ဤအချက်များကို တစ်ဖွဲ့စီအလိုက် ဆွေးနွေးသွားကြရန်ဖြစ်သည်။
ဆွေးနွေးပွဲမှထွက်ပေါ်လာသည့်အချက်များ
အစုအဖွဲ့ ခြောက်ဖွဲ့သည် မိမိတို့နှစ်သက်သည့် ခေါင်းစဉ် များပေးကြသည်။ မိမိဆောင်ရွက်မည့် လှုံ့ဆော်မှုအစီ အစဉ်အနှစ်ချုပ်ကိုရေးသားသည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး မျှော်လင့်ရသည့် အကျိုး ရလဒ်များကိုရေးသားသည်။ တူရာတူရာများကို စုစည်း၍ ဤကဲ့သို့သော ဆွေးနွေးချက်များ ပေါ်ထွက်လာသည်။
အစုအဖွဲ့တစ်ခုလျှင် ခေါင်းစဉ် တစ်ခုဖြင့် ခေါင်းစဉ် ခြောက်ခုရသည်။ ယင်းတို့မှာ "အမျိုးသမီးများ ဦးဆောင်နိုင်ဖို့ အမုန်းစကားများတိုက်ဖျက်စို့" ။ "၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ၃၅ ရာခိုင်နှုန်းကျော် ရွေးချယ်ခံရရေး" ။ "ပြည်နယ် တစ်ခွင် ၃၀ ရာခိုင်နှုန်းဝင်"။ "အရောင်အသွေးစုံလင်သော အမျိုးသမီးငယ်များနှင့် လှပနေသော လွှတ်တော်"။ "ပျိုမေတို့၏ အနာဂတ်ပလ္လင်"။ "အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမိုပါဝင်ဖို့ အားလုံးပါဝင်စို့"တို့ဖြစ်သည်။
အမုန်းစကားတိုက်ဖျက်ရေးအစီအစဉ်
အမုန်းစကားတိုက်ဖျက်ရေးအတွက် အသုံးပြုမည့် အစီအစဉ်ဆောင်ပုဒ်များအနေဖြင့် "အမုန်းစကားများ ဥပဒေနှင့်အညီရင်ဆိုင်ဖြေရှင်းသွား"။ "အမုန်းစကားများ စေ့စပ်ညှိနှိုင်းရေးကော်မတီမှ ထိန်းချုပ်စည်းတား"။ "အမုန်းစကားရှောင်၊ အမျိုးသမီးကိုယ်စားလှယ်များအောင်"။ "အမျိုးသမီးအချင်းချင်း ယုံကြည်အား ထားခြင်း"။ "သန့်ရှင်းလှပအောင် အမျိုးသမီးတွေက ဖော်ဆောင်"။ "အမျိုးသမီးကိုယ်စားလှယ်လောင်းများအား ကရုဏာမေတ္တာထား"။ "အမုန်းစကားများ တိုက်ဖျက်သွား" စသည်တို့ဖြစ်သည်။
ရရှိလာမည့်အကျိုးရလဒ်များ
အမျိုးသမီးကိုယ်စားလှယ်လောင်းများအပေါ် တိုက် ခိုက်လာမည့် အမုန်းစကားများကို ကာကွယ်တားဆီးနိုင် ခြင်းဖြင့် ရရှိလာသည့် အကျိုးရလဒ်များအဖြစ် အောက်ပါ အတိုင်း ဆွေးနွေးအဖြေထုတ်ကြသည်-
- အမျိုးသမီးကိုယ်စားလှယ်လောင်းများကို လူထုက ပိုမိုထောက်ခံလာမည်။
- အမျိုးသမီးအခန်းကဏ္ဍ ပိုမိုမြင့်မားလာပြီး လူမှု စီးပွားရေးလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့ မည်။
- လွှတ်တော်ပြင်ပတွင်လည်း အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမိုစိတ်ဝင်စားမှု မြင့်မားလာမည်။
- အရည်အချင်းရှိသည့် အမျိုးသမီးငယ်များအတွက် နိုင်ငံတော်တွင် အရေးပါထိုက်တန်သည့်နေရာများ ပေါ်ထွက်လာမည်။
- အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခွင့် မြင့်မားလာမည်။
မိမိကိုယ်ကို ယုံကြည်မှု ပိုမိုမြင့်မားလာစေပြီး လွတ်လပ်လုံခြုံစွာ မဲဆွယ်စည်းရုံးလာနိုင်မည်။
- အမျိုးသားများနှင့်အတူ တန်းတူရည်တူ လုပ်ပိုင် ခွင့်များ ဖြစ်ထွန်းလာမည်။
- လူထုကအမျိုးသမီးများအပေါ် ပိုမိုယုံကြည်မှုများရှိ လာမည်။
- သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသော
အမျိုးသမီးများခေါင်းဆောင်မှုနေရာများကို ရောက်သွားနိုင်ကြမည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့်အတူ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မိမိ ရေးဆွဲထားသည့် ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၁၉ -၂၀၂၂) ရည်မှန်းချက်ပန်းတိုင်ပါ ရွေးကောက်ပွဲတွင် အမျိုးသမီးများပါဝင်မှုအခန်းကဏ္ဍ မြင့်မားရေးအချက်ကို ဦးတည်၍ ဤအလုပ်ရုံဆွေးနွေးပွဲ ကို ကျင်းပခဲ့ရာ အောင်မြင်မှုရလဒ်များ ရရှိခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်အတူ အမျိုး သမီးကဏ္ဍဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများက ပူးပေါင်းပါဝင်၍ ဤဆွေးနွေးပွဲ၏ ရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်အတူ နိုင်ငံရေးတွင် အမျိုး သမီးများပါဝင်မှုအခန်းကဏ္ဍ ပိုမိုမြင့်မားတိုးတက် လာမည်ဟု ယုံကြည်မိကြောင်းပါ။
ä အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ အပေါ် လုပ်ကြံသတင်းများ၊ အမုန်းစကားများ ရှောင်ရှားနိုင်ကြပါစေ၊
ä ပေါ်ပေါက်လာနိုင်သည့် လုပ်ကြံသတင်းများ၊ အမုန်းစကားများကို တားဆီးထိန်းချုပ်နိုင်ကြ
ပါစေ၊
ä နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုအခန်းကဏ္ဍ ပိုမိုမြင့်မားလာပါစေ။ ။
- Log in to post comments