
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၄၂ )
မိမိမဲဆန္ဒနယ်သို့ပြန်လည်၍ မဲပေးခြင်းမပြုနိုင်သည့် ပြင်ပရောက်မဲဆန္ဒရှင်များ
========================================================
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ရက်ပေါင်း ၂၃ ရက်သာလိုပါတော့သည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေများအရ သက်ဆိုင်ရာက ထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နေထိုင် ကြရသဖြင့် မိမိ၏မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ပြန်လည် ၍ ဆန္ဒမဲပေးနိုင်ခြင်းမရှိသော မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များရှိနေကြသည်။ ထိုမဲဆန္ဒရှင်များအတွက် ဆန္ဒမဲပေးနိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မည်သို့စီမံ ဆောင်ရွက်ထားပါသနည်း။ အနှစ်ချုပ် မျှဝေပါရစေ။
ဥပဒေပြဋ္ဌာန်းချက်
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၄ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သလို ဆောင် ရွက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်နှင့် အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ တရားမျှတမှုရှိစေရေးကို ရှေးရှုလျက် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်နေထိုင်ကြရသဖြင့် မိမိ၏မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ပြန်လည်၍ ဆန္ဒမဲပေး နိုင်ခြင်းမရှိသော မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အထူး ကိစ္စ တစ်ရပ်အနေဖြင့် မဲဆန္ဒရှင်များရောက်ရှိရာဒေသတွင် ပုံစံ (၁၅) လျှောက်ထားသည့် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၈-၁၀-၂၀၂၀ ရက်နေ့တွင် မဲဆန္ဒရှင်များသို့ အသိပေးထုတ်ပြန်ခဲ့
သည်။
မဲဆန္ဒရှင်များက ပုံစံ (၁၅) လျှောက်ထားခြင်း
ပုံစံ (၁၅) ဖြင့် လျှောက်ထားလိုသူသည် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များအရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်ဖြစ်ရန် လိုအပ်ပါသည်။
မဲဆန္ဒရှင်များလိုက်နာရန်အချက်များ
မိမိယခုရောက်ရှိနေသည့်ဒေသရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ဆက်သွယ်ပါ ၊ မိမိ အတွက် ပုံစံ (၁၅) ဖြင့်လျှောက်ထားလိုကြောင်း သက်ဆိုင်ရာတာဝန်ရှိသူထံ သို့ တင်ပြပါ၊ [ပုံစံ (၁၅)ဖြင့် လျှောက်မည်ဆိုပါက မိမိ အနေဖြင့် ပုံစံ (၃-က) ဖြင့် ယခင်ကလျှောက်လွှာတင်၍ လျှောက်ထားခဲ့ခြင်း မရှိကြောင်းကို အဆိုပါ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူကို ပြောပြပါ၊ ပုံစံ (၃-က) ဖြင့် လျှောက်ထားပြီးပါက ပုံစံ (၁၅) ဖြင့် ထပ်မံလျှောက်ထားခွင့် မရှိပါ]။
အဆိုပါ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန် ရှိသူထံတွင် ပုံစံ (၁၅) တောင်းယူပါ၊ (သို့မဟုတ်) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ Website ဖြစ်သော www.uec.gov.mm သို့ ဝင်ရောက်၍ ပုံစံ(၁၅) ကို Download ရယူပါ။
ပုံစံ (၁၅) တွင် လိုအပ်သော အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ပါ၊ (အချက်အလက် မပြည့်စုံသဖြင့် စိစစ်၍မရလျှင် မဲလက်မှတ်ထုတ်ပေးရန် အခက်အခဲရှိနိုင် သည့်အတွက် ဂရုပြုဆောင်ရွက်ရန် လိုပါသည်) ၊ ဖြည့်စွက် ပြီးသော ပုံစံ (၁၅) ကို မိမိဆက်သွယ်ရယူထားသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူထံသို့ ပြန်လည်ပေးအပ်ပါ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက မိမိထံသို့ ပြန်လည် ဆက်သွယ်နိုင်ရန် လိပ်စာ၊ ဖုန်းနံပါတ်ပေးခဲ့ပါ။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ခြင်း
မဲဆန္ဒရှင်ရောက်ရှိနေသည့် ဒေသမှ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသည် မဲဆန္ဒရှင်က လျှောက်ထားသည့် ပုံစံ (၁၅) ကို လက်ခံပြီးပါက မဲဆန္ဒရှင် ၏ အမြဲတမ်းနေရပ် (မူလမဲစာရင်းပါရှိရာဒေသ) ရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ ဆောလျင်စွာရောက် ရှိစေရန် Fax, Email အစရှိသည်တို့ကို အသုံးပြု၍ ယင်းပုံစံ (၁၅) ကို ဆက်လက်ပေးပို့ပါ။
မဲဆန္ဒရှင်က လျှောက်ထားသည့် ပုံစံ (၁၅) ပါ အချက် အလက်များအရ မဲဆန္ဒရှင်၏ အမြဲတမ်းနေရပ် (မူလ မဲစာရင်းပါရှိရာဒေသ)ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ပုံစံ (၁၅) ပေးပို့လျှင် ကြာမည့် အချိန်၊ ကြိုတင် ဆန္ဒမဲလက်မှတ်များ ရောက်ရှိလာနိုင်သည့်အချိန်၊ ဆန္ဒပြု ပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များ ပြန်လည်ပေးပို့ရာတွင် ကြာမည့်အချိန်တို့ကို သက်ဆိုင်ရာမဲဆန္ဒရှင်သို့ ကြိုတင် အသိပေးရှင်းပြပါ၊ ( ဆက်သွယ်ဆောင်ရွက်ရေး လွယ်ကူ ချောမွေ့စေရန် မဲဆန္ဒရှင်၏ တယ်လီဖုန်း နံပါတ်ရယူထား ရန် ) ပုံစံ (၃-က) ဖြင့်လျှောက်ထားပြီးပါက ပုံစံ (၁၅) ဖြင့် လျှောက်ထားခြင်းကို လက်မခံရပါ။
မဲဆန္ဒရှင်၏ အမြဲတမ်းနေရပ် (မူလမဲစာရင်းပါရှိရာ ဒေသ) ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသည် လုပ်ငန်းပိုမို မြန်ဆန်စေရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲကို မိမိရုံးသို့ ခေါ်ယူ၍ ပုံစံ (၁၅)တွင်ပါရှိသော အမည်နှင့် မဲဆန္ဒရှင် စာရင်းတို့ကို တိုက်ဆိုင်စစ်ဆေးစေပြီး မှန်ကန်ပါက ၎င်း မဲဆန္ဒရှင်၏အမည်ကို မဲစာရင်းပုံစံ (၁) တွင် မင်နီသား၍ ကြိုတင်ဆန္ဒမဲပေးမည့်သူဖြစ်ကြောင်း မှတ်သားထား စေပါ။
မဲစာရင်းတွင် မင်နီဖြင့် မျဉ်းသား၍ မှတ်သားပြီးပါက ပုံစံ (၁၅) ဖြင့် တောင်းဆိုသော ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းပုံစံ (၁-၁) တွင် ဖြည့်စွက်၍ မှတ်တမ်းတင်ပါ၊ ပုံစံ (၁-၁) မိတ္တူ နှစ်စောင်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင်ထားရှိ၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွင် မူရင်းတစ်စောင် လက်ခံထားရှိစေပြီး မိတ္တူတစ်စောင်ကို ကပ်ထားစေရေး ဆောင်ရွက်ပါ။
၎င်းမဲဆန္ဒရှင်၏အမည်ကို မဲစာရင်းတွင် မင်နီဖြင့် မျဉ်းသား၍ မှတ်သားခြင်းနှင့် ပုံစံ (၁-၁) တွင် ဖြည့်စွက်၍ မှတ်တမ်းတင်ခြင်းတို့ဆောင်ရွက်ပြီးပါက မဲဆန္ဒနယ်ပြင်ပ (ပြည်တွင်း) ကြိုတင်ဆန္ဒမဲ လက်မှတ်ပေးပို့ရန် ဆောင် ရွက်ပါ၊ ပေးပို့မည့်ကြိုတင်ဆန္ဒမဲလက်မှတ်၏ နောက်ကျော ဘက်တွင် မဲလက်မှတ်ထုတ်ပေးသူက အမည်ဖော်ပြ၍ လက်မှတ်ရေးထိုးပြီး သက်ဆိုင်သည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတံဆိပ်ရိုက်နှိပ်ပါ၊ အထက်ပါအချက် များ ဆောင်ရွက်ပြီးပါက ကြိုတင်ဆန္ဒမဲလက်မှတ်ကို သက်ဆိုင်ရာ ကြိုတင်ဆန္ဒမဲစာအိတ်များအတွင်းသို့ သတ် မှတ်ထားသည့်အတိုင်း ထည့်သွင်း၍ ပုံစံ (၁၅) ပေးပို့လာ သည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ လိပ်မူ၍ပေးပို့ပါ။
မဲဆန္ဒရှင်ရောက်ရှိနေသည့်ဒေသမှ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသည် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များ လက်ခံရရှိသည့်အခါ ကြိုတင်ဆန္ဒမဲပေးရန်နေရာများ စီစဉ်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ပါ၊ သက်ဆိုင်သည့် မဲဆန္ဒရှင်သို့ ဆက်သွယ်အကြောင်းကြားပါ။
မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲပေးခြင်း
မဲဆန္ဒရှင်သည် ပုံစံ(၁၅)ဖြင့် လျှောက်ထားပြီးပါက ကြိုတင်ဆန္ဒမဲပေးရမည့် နေ့ရက်နှင့် နေရာတို့ကို သိရှိ နိုင်ရန်အတွက် မိမိ၏ ပုံစံ (၁၅) ပေးပို့တင်ပြထားသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ဆက်သွယ် မေးမြန်းပါ၊ ကြိုတင်ဆန္ဒမဲပေးရမည့် နေ့ရက်နှင့်နေရာ တို့ကို သိရှိလျှင် ကြိုတင်ဆန္ဒမဲပေးရမည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ သွားရောက်၍ လျှို့ဝှက် ဆန္ဒပြုပါ၊ ဆန္ဒပြုပြီးသည့်ဆန္ဒမဲလက်မှတ်ကို သက်ဆိုင်ရာ ကြိုတင်ဆန္ဒမဲစာအိတ်အတွင်းသို့ ထည့်သွင်းပိတ်ပြီး ယင်းကြိုတင်ဆန္ဒမဲစာအိတ်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ပါ၊ လျှို့ဝှက်ဆန္ဒမဲ ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် အနည်း ဆုံး သုံးဦးရှိနေရပါမည်။
ဆန္ဒပြုပြီး ဆန္ဒမဲလက်မှတ်များကို ဆောင်ရွက်ခြင်း
မဲဆန္ဒရှင်ရောက်ရှိနေသောဒေသမှ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသည် မဲဆန္ဒရှင်က ဆန္ဒပြုပြီးပေးအပ်သည့် ကြိုတင် ဆန္ဒမဲစာအိတ်ကို သက်ဆိုင်ရာ ကြိုတင်ဆန္ဒမဲပုံးများတွင် ခေတ္တထည့်သွင်း၍ လုံခြုံစွာ ထားရှိပါ၊ အဆိုပါ ဆန္ဒပြုပြီး သည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်ကို မဲဆန္ဒရှင်၏ အမြဲတမ်းနေရပ် (မူလမဲစာရင်းပါရှိရာဒေသ) ရှိ မြို့နယ် ကော်မရှင်အဖွဲ့ခွဲထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီ (၁၆:၀၀) အချိန်မတိုင်မီ ရောက် ရှိစေရန် ဆက်လက်ပေးပို့ပါ။
မဲဆန္ဒရှင်၏အမြဲတမ်းနေရပ် (မူလမဲစာရင်းပါရှိရာ ဒေသ) ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီ (၁၆:၀၀) အချိန်မတိုင်မီ ရောက်ရှိ လက်ခံရရှိသော ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်ကို သက်ဆိုင်ရာ ကြိုတင်ဆန္ဒမဲပုံးများတွင် ထည့်သွင်း၍ လုံခြုံစွာ သိမ်းဆည်း ထားရှိပါ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့မဲရုံပိတ်ချိန် ညနေ ၄ နာရီ (၁၆:၀၀) အချိန်နောက်ပိုင်း ရောက်ရှိလာသော ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ် များကို လက်ခံခြင်းမပြုရပါ။
အထက်အပိုဒ်ပါ လက်ခံရရှိ သိမ်းဆည်းထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ပွဲ ကျင်းပ သည့်နေ့ မဲရုံပိတ်ပြီးသည့် ညနေ ၄ နာရီ (၁၆:၀၀) အချိန် နောက်ပိုင်းတွင် သတ်မှတ်ထားသည့် နည်းလမ်းများ နှင့်အညီ ရေတွက်၍ သက်ဆိုင်ရာ ပုံစံများတွင် ဖြည့်သွင်း ၍ပြုစုပါ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီ (၁၆:၀၀) အချိန် နောက်ပိုင်း ရောက်ရှိလာသော မည်သည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်ကိုမျှ လက်ခံခြင်း၊ ထည့်သွင်းရေတွက်ခြင်း မပြုရပါ။
ဥပဒေနှင့်အညီဖြစ်ပါစေ
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အထူးကိစ္စရပ် အနေ ဖြင့် ပုံစံ (၁၅) ဖြင့် လျှောက်ထားပြီး ကြိုတင်ဆန္ဒမဲပေးခွင့် ရရှိကြသည့် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲပေးနိုင် ရန်လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် သက်ဆိုင်သည့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီသာ အလေးထားလိုက်နာ ဆောင်ရွက်ကြရန် ဖြစ်ပါသည်။
အထူးသတိပြုကြရန်
အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့ရောက်ရှိနေ သော မဲဆန္ဒနယ်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲ ပေးနိုင်ခွင့်ရရှိစေရေးအတွက် ပုံစံ (၃-က) ဖြင့် လျှောက်ထားပြီးဖြစ်သဖြင့် အထူးကိစ္စ တစ်ရပ်အနေဖြင့် ပုံစံ (၁၅) ထပ်မံလျှောက်ထား လုပ် ဆောင်ရန် မလိုအပ်တော့ပါ။ အဆိုပါမဲဆန္ဒရှင်များအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထား သော ကြေညာချက်အမှတ် (၁၆၆/၂၀၂၀) နှင့် အညီသာ ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးဆန္ဒမဲပေးနိုင်ရေး
ရွေးကောက်ပွဲတစ်ခုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေးသည် အဓိကလိုအပ်ချက် ဖြစ်သည်။ ယခုကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရချိန်ဖြစ်သဖြင့် ဤအချက်ကို
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အထူး
အလေးထားဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများအရ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နေထိုင် ကြရသဖြင့် မိမိမဲစာရင်း ပါရှိရာ မဲဆန္ဒနယ်သို့ပြန်လည်၍ ဆန္ဒမဲပေးနိုင်ခြင်းမရှိသော မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များနှင့်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ သည် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များ
အတိုင်း တိကျစွာလိုက်နာကြခြင်းဖြင့် ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးများ ပြည့်ဝစွာရရှိကြမည်ဖြစ်ကြောင်းပါဗျာ။
m ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ကြပါစေ။
m သတ်မှတ်ထားသည့်လုပ်ငန်းစဉ်များနှင့်အညီ
တိကျစွာလိုက်နာဆောင်ရွက်နိုင်ကြပါစေ။
m လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကြီး ဖြစ်ပါစေ။ ။
- Log in to post comments