
ဆောင်းပါး
=======
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၄၇ )ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ
===========================================================================
မောင်စာဂ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တတိယ အကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲကြီးကို တည်ငြိမ်အေးချမ်း၊ ချောမော အောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့သည်။ ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေ မည်သို့ရှိသနည်း။ အနှစ်ချုပ်၍ မျှဝေပါရစေ။
ကျင်းပခဲ့သည့်မဲဆန္ဒနယ်များ
ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် လွှတ်တော်အလိုက် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၁၅ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၁ နေရာ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၆၁၂ နေရာနှင့် တိုင်းရင်းသားလူမျိုးလွှတ်တော်မဲဆန္ဒနယ် ၂၉ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၁၁၇ နေရာဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်ကြခြင်း
မဲဆန္ဒနယ်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၁၅၆၅ ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်တွင် ၇၇၉ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၃၁၁၂ ဦး ၊ တိုင်းရင်း သားလူမျိုးလွှတ်တော်မဲဆန္ဒနယ်တွင် ၁၈၃ ဦး စုစုပေါင်း ၅၆၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းတို့တွင် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၃၇၉ ဦးဖြစ်ပြီး တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်း ၂၆၀ တို့ဖြစ်သည်။ နိုင်ငံရေးပါတီ စုစုပေါင်း ၈၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ရလဒ်များထုတ်ပြန်ကြေညာခြင်း
လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် များကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ (ခ) အရ ထုတ်ပြန်ကြေညာပေးခဲ့သည်။ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်စေရန် ၉-၁၁-၂၀၂၀ ရက်နေ့မှ ၁၅-၁၁-၂၀၂၀ ရက်နေ့အထိ ထပ်ဆင့် ထုတ်ပြန် ကြေညာပေးခဲ့သည်။
ရွေးကောက်တင်မြှောက်ခံရသည့်ပါတီနှင့်
လွှတ်တော်ကိုယ်စားလှယ်များ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန် ကြေညာချက်အရ ရွေးကောက်ပွဲတွင် လွှတ်တော်အလိုက် ပါတီကိုယ်စားပြုနှင့် တစ်သီးပုဂ္ဂလကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စား လှယ်များ၏ အခြေအနေမှာ ဤသို့ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ၂၅၈ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၁၃၈ ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်တွင် ၅၀၁ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ်တွင် ၂၃ ဦးဖြင့် စုစုပေါင်း ၉၂၀ ရွေးကောက်တင်မြှောက်ခံရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၂၆ ဦး၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်တွင် ၇ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၃၈ ဦး စုစုပေါင်း ၇၁ ဦး ရွေးကောက်တင်မြှောက်ခံရသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၁၃ ဦး၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်တွင် ၂ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ၂၇ ဦး စုစုပေါင်း ၄၂ ဦး ရွေးကောက်တင်မြှောက်ခံရသည်။
ရခိုင်အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၄ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၄ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၇ ဦး စုစုပေါင်း ၁၅ ဦး ရွေးကောက်တင်မြှောက်ခံရသည်။
တအာင်း(ပလောင်)အမျိုးသားပါတီသည် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ၃ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၂ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၇ ဦး စုစုပေါင်း ၁၂ ဦး ရွေးကောက်တင်မြှောက်ခံရသည်။
မွန်ညီညွတ်ရေးပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ၃ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၆ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ်တွင် ၁ ဦး စုစုပေါင်း ၁၂ ဦး ရွေးကောက်တင်မြှောက်ခံရသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ၃ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၁ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၇ ဦး စုစုပေါင်း ၁၁ ဦး ရွေးကောက်တင်မြှောက်ခံရသည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၂ ဦး၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်တွင် ၃ ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ၃ ဦး စုစုပေါင်း ၈ ဦး ရွေးကောက် တင်မြှောက်ခံရသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၁ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၃ ဦး စုစုပေါင်း ၄ ဦး ရွေးကောက်တင်မြှောက်ခံရသည်။
ရခိုင့်ဦးဆောင်ပါတီနှင့် ‘ဝ’ အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၁ နေရာစီ၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်တွင် ၂ နေရာစီ စုစုပေါင်း ၃နေရာစီ ရွေးကောက်တင်မြှောက်ခံရသည်။
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့သည် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်တွင် ၁ နေရာစီနှင့် တိုင်းရင်းသား လူမျိုးလွှတ်တော်မဲဆန္ဒနယ်တွင် ၁ နေရာစီ စုစုပေါင်း ၂နေရာစီ ရွေးကောက်တင်မြှောက်ခံရသည်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၁ နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် တွင် ၁ နေရာ စုစုပေါင်း ၂ နေရာ ရွေးကောက်တင်မြှောက် ခံရသည်။
ဒီမိုကရေစီပါတီသစ်(ကချင်)သည် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်တွင် ၁ နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ၁ နေရာ စုစုပေါင်း ၂နေရာ ရွေးကောက် တင်မြှောက်ခံရသည်။
ကယန်းအမျိုးသားပါတီသည် တိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ်တွင် ၁ နေရာနှင့် ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ၁ နေရာစီ ရွေးကောက်တင်မြှောက်ခံရ သည်။
ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီပေါင်း ၈၇ ပါတီအနက် ၁၉ ပါတီက ရွေးကောက်တင်မြှောက်ခံခဲ့ရ သည်။ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် တွင် ၂ နေရာနှင့် တိုင်းရင်းသားလူမျိုးလွှတ်တော် မဲဆန္ဒနယ်တွင် ၂ နေရာ စုစုပေါင်း၄နေရာ ရွေးကောက်တင် မြှောက်ခံရသည်။
အမျိုးသမီးလွှတ်တော်
ကိုယ်စားလှယ်လောင်းများပါဝင်မှု
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၂၄၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၅၃ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၁၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၂၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၅၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၁၆ ဦးတို့ ရွေးကောက်တင် မြှောက်ခံရသည်။ စုစုပေါင်း ၈၉၈ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၉၄ ဦး ရွေးကောက်တင်မြှောက်ခံရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင် ယှဉ်ပြိုင် ရွေးကောက်ခံမှုကို ရာခိုင်နှုန်းအားဖြင့်ကြည့်ပါက လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၆၃၉ ဦးတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၈၉၈ ဦး ရှိသဖြင့် ၁၅ ဒသမ ၉ ရာခိုင်နှုန်း ပါဝင်ယှဉ်ပြိုင်ခဲ့ သည်။ ပါဝင်ယှဉ်ပြိုင်သူ ၈၉၈ ဦးတွင် ၁၉၄ ဦး ရွေးကောက် တင်မြှောက်ခံရသဖြင့် ၂၁ ဒသမ ၆ ရာခိုင်နှုန်း ရွေးကောက် တင်မြှောက်ခံရသည်။
၂၀၁၅ခုနှစ် ပါတီစုံဒီမိုရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့မှုအနေအထားမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၄၄ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ၁၂၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ရာ ၂၃ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ၄၄၆ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၈၄ဦး စုစုပေါင်း ၇၉၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၅၁ ဦး ရွေးကောက်တင်မြှောက်ခံရသည်။
၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်မှု နှိုင်းယှဉ် ကြည့်ပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၉၉ ဦး ပိုမိုဝင်ရောက်ယှဉ်ပြိုင် နိုင်ခဲ့ပြီး ၄၃ ဦး ပိုမိုရွေးကောက်တင်မြှောက်ခံရသည်။
အသိအမှတ်ပြုလွှာထုတ်ပေးခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဖော်ပြပါ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၊ နည်းဥပဒေ ပုဒ်မ ၇၂ (ခ) အရ လွှတ်တော်ကိုယ်စားလှယ် များအဖြစ် အသိအမှတ်ပြုလွှာများ ထုတ်ပေးပါမည်။ ထို့ပြင် ယင်းအမည်စာရင်းကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။
ပြည်သူနှင့် နိုင်ငံအကျိုးကိုသယ်ပိုးကြရပါတော့မည်
၂၀၂၀ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ ပြည်သူတို့၏ဆန္ဒနှင့်အညီ ပြည်သူတို့လိုလားသော ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်ခဲ့ကြပါပြီ။ ပြည်သူတို့ တာဝန်ကျေခဲ့ကြပါပြီ။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူတို့က ယုံကြည်စွာပေးအပ်မည့်တာဝန်ကို ကျေပွန်အောင် ထမ်း ဆောင်ကြရပါတော့မည်။ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကိုယ်ကျိုးမဖက် ပြည်သူများ အတွက် ပြည်သူနှင့် နိုင်ငံအပေါ်သစ္စာထားလျက် ဆောင် ရွက်ကြရပါမည်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များသည်လည်း အမျိုးသမီးများ၏အခွင့်အရေးကို အဓိက ပါဝင်ပြီး နိုင်ငံအတွက်၊ ပြည်သူအားလုံးအတွက် အားကြိုး မာန်တက် ဆောင်ရွက်ကြရပါတော့မည်။ လွှတ်တော် အသီးသီးသို့ ရောက်ရှိကြတော့မည့် ပြည်သူတို့၏ကိုယ်စား လှယ်ကြီးများအားလုံး ပြည်သူနှင့်နိုင်ငံအကျိုးကို စွမ်းစွမ်း တမံ ဆောင်ရွက်နိုင်ကြပါစေကြောင်းပါဗျာ။
လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူနှင့်နိုင်ငံ ကောင်းကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ၊
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ
အမျိုးသမီးအခွင့်အရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက် နိုင်ကြပါစေ၊
ပြည်သူတို့ ယုံကြည်စွာ အပ်နှင်းလိုက်သော ပြည်သူ့ကိုယ်စားလှယ်များ ပြည်သူ့အကျိုး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေ။ ။
- Log in to post comments