၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၆ ) နိုင်ငံသူ နိုင်ငံသားများ

Type
Image not available
 
 
 
 
မောင်စာဂ
 
၂၀၂၀ ပြည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲဖြစ်သည်။ ပါတီတွေအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကြမည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများဆန္ဒမဲပေးကြမည်။ ထို့ကြောင့် အထွေထွေ ရွေးကောက်ပွဲဟူသည် အရေးကြီးသည်။ နိုင်ငံသူနိုင်ငံ သားများအတွက်လည်း အရေးကြီးသည်။ အထွေထွေ ရွေးကောက်ပွဲတစ်ရပ်တွင် နိုင်ငံသူနိုင်ငံသားများကဏ္ဍ အရေးကြီးသည်ဟု ဘာကြောင့်ဆိုရပါသနည်း။ အနှစ်ချုပ် မျှဝေပါရစေ။
 
ဒီမိုကရေစီ၏သဘော
 
လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်း သည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရား စီရင်ရေးအာဏာတည်းဟူသော အချုပ်အခြာအာဏာ ကြီးသုံးရပ် ရှိကြစမြဲဖြစ်သည်။ ဒီမိုကရေစီခေတ်၊ ဒီမို ကရေစီစနစ်တွင် ယင်းအချုပ်အခြာအာဏာကြီးသုံးရပ် သည် လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့တို့၏ လက်ဝယ်တွင် မရှိ။ နိုင်ငံသား ပြည်သူများ၏လက်ဝယ်တွင်ရှိသည်။ နိုင်ငံသားများထံမှ ထိုအချုပ်အခြာအာဏာကြီးသုံးရပ် သက်ဆင်းကြရစမြဲဖြစ်သည်။
 
နိုင်ငံသားဟုဆိုရာတွင်
 
နိုင်ငံသားဟုဆိုရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ များနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ အားလုံးတို့သည် နိုင်ငံသူနိုင်ငံသားများ ဖြစ်ကြသည်။
 
ရွေးကောက်ပွဲဖြင့်လွှဲအပ်ခြင်း
 
နိုင်ငံသားများသည် မိမိတို့လက်ဝယ်တွင်ရှိနေသော နိုင်ငံတော်၏ အချုပ်အခြာအာဏာသုံးရပ်ကို မိမိတို့ယုံကြည်အားကိုးလေးစားရသော နိုင်ငံသားများကိုလွှဲအပ်၍ ကျင့်သုံးဆောင်ရွက်စေသည်။ ထိုသို့လွှဲအပ်ခြင်းကို ရွေးကောက်ပွဲများကျင်းပ၍ ဆန္ဒမဲပေးကာ လွှဲအပ်သည်။ လွှဲအပ်ရယူလိုသော နိုင်ငံသားများက ဝင်ရောက်ယှဉ်ပြိုင် ကြသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်နိုင်ငံသား များက ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ကြသည်။
 
ဘာကြောင့်ရွေးကောက်ပွဲအရေးကြီးရသလဲ
 
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ကျင်းပ မည့် ရွေးကောက်ပွဲဖြစ်သည်။ ထိုရွေးကောက်ပွဲကျင်းပပြီးသည်နှင့် ရွေးကောက်တင်မြှောက်ခံကြရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီး ပြန်လည်ဖွဲ့စည်းပေါ်ပေါက်လာမည်။ လွှတ်တော် အသီးသီး၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ ပြန်လည် ရွေးချယ်ကြမည်။ နိုင်ငံတော်အကြီးအကဲ သမ္မတနှင့် ဒုတိယသမ္မတများ ပြန်လည်တင်မြှောက်ကြမည်။
 
ပြည်ထောင်စုအစိုးရအဖွဲ့အသစ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့သစ်များ ပေါ်လာမည်။ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည်။ နိုင်ငံသားများပိုင်ဆိုင်သော နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို ငါးနှစ်တာ သက်တမ်းကာလအတွက် နိုင်ငံသူ နိုင်ငံသားများ ကိုယ်စား တာဝန်ယူ၊ တာဝန်ခံ စီမံခန့်ခွဲအကောင်အထည် ဖော်ဆောင်ရွက်ရန် လွှဲပြောင်းအပ်နှင်းလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲသည် အရေးကြီးသည်ဟု ဆိုရခြင်းဖြစ်သည်။
 
နိုင်ငံတော်နှင့် နိုင်ငံသားများ၏အနာဂတ်ဖြစ်သည်
 
ရွေးကောက်ပွဲသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အနာဂတ်ဖြစ်သည်ဟုဆိုနိုင်သည်။ မိမိတို့၏အနာဂတ် အတွက် မိမိတို့နိုင်ငံတော်ကို မည်သို့ဖြစ်စေလိုသလဲ။ မည်သို့သောအစိုးရမျိုးကို မိမိတို့လိုချင်ကြသလဲ။ မည် သည့်ပုံစံ၊ မည်သည့်စနစ်ဖြင့် မိမိတို့၏အနာဂတ်ခရီး လျှောက်လှမ်းလိုသလဲ။ ရွေးကောက်ပွဲတွင် မိမိတို့ စိတ်ကြိုက်ရွေးချယ်၍ ဆန္ဒမဲပေးနိုင်ကြသည်။ နိုင်ငံတော် နှင့် မိမိတို့၏အနာဂတ်အတွက် ရွေးကောက်ပွဲမှတစ်ဆင့် ဖန်တီးနိုင်စွမ်းရှိကြသည်။ မိမိတို့ကိုယ်တိုင် တည်ဆောက် ခွင့်ရှိကြသည်။
 
နိုင်ငံရေးဗန်းတင်ကြတော့မည်
 
ယနေ့နိုင်ငံသူနိုင်ငံသားများသည် မိမိတို့ပြည်ထောင်စု ကြီးကို ထာဝရငြိမ်းချမ်းသော ပြည်ထောင်စုကြီးဖြစ်စေ လိုကြသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများ
အားလုံး အေးအတူပူအမျှ၊ ခွင့်တူညီမျှနေကြရသည့်၊
ဝါဒဖြူစင်သည့်၊ သာယာဝပြော ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီးမျိုးကို မြင်တွေ့လိုကြသည်။ နိုင်ငံရေး ပါတီများအားလုံးကလည်း ပြည်သူများ၏ လိုလား ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ပါတီများတည်ထောင် ၍ ရွေးကောက်ပွဲများတွင် ပါဝင်အရွေးခံကြသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးအတွက် နိုင်ငံရေးပါတီများသည် မိမိတို့ပါတီ၏ မူဝါဒသဘော တရားများကို ပြည်သူများသို့ ချပြကြပါတော့မည်။ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးဆိုသည့် မဟာဗျူဟာရည်မှန်းချက် ပန်းတိုင်ကတော့ တူညီကြ မည်ထင်ပါသည်။ သို့ရာတွင် အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် နည်းဗျူဟာလမ်းကြောင်းများတွင်မူ မိမိတို့၏ပါတီမူဝါဒသဘောတရားများအရ ကွဲပြားခြား နားမှု ရှိကောင်းရှိနိုင်ပါမည်။
 
အချို့သောနိုင်ငံရေးပါတီများက နိုင်ငံရေးရှေ့တန်း တင်မည်။ အချို့က စီးပွားရေးဦးစားပေးမည်။ အချို့က တစ်ပြိုင်တည်းသွားမည်။ အလုပ်သမားရေး၊ လယ်သမား ရေး၊ နိုင်ငံ့ဝန်ထမ်းများအရေး၊ ကျေးလက်ဒေသအရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစသည် စသည်ဖြင့် နိုင်ငံရေးပါတီများသည် မိမိတို့အားသန်ရာ သန်ရာ မိမိတို့၏ပါတီမူဝါဒသဘောတရား၊ လုပ်ငန်းစဉ် များကို မဲဆန္ဒရှင်ပြည်သူများသို့ ချပြကြပါတော့မည်။ ဤသည်ကို နိုင်ငံရေးဗန်းတင်ခြင်း (Political marketing) ဟု ခေါ်ကြသည်။
 
နိုင်ငံရေးဗန်းတင်ခြင်းသည် စီးပွားရေးဈေးဗန်းတင် ခြင်း (Economic marketing ) နှင့် ကွဲပြားခြားနားသည်။ စီးပွားရေးဈေးဗန်းတင်ခြင်းသည် စားသုံးသူများသို့ ရောင်းချရန်ဖြစ်သော်လည်း နိုင်ငံရေးဈေးဗန်းတင် ခြင်းသည် ရောင်းချရန်သဘောမဟုတ်ပါ။ နိုင်ငံတော် နှင့်ပြည်သူတို့အတွက် တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်လို သည်များကို ချပြရှင်းလင်း၍ ပြည်သူတို့၏ထောက်ခံ ဆန္ဒမဲကို ပြည်သူတို့ထံမှ တောင်းဆိုခြင်းသာဖြစ်သည်။ ပြည်သူ့ဆန္ဒရယူလိုခြင်းဖြစ်သည်။
 
မိမိတို့နှင့်တန်သည့်အစိုးရကို မိမိတို့ရကြသည်
 
နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည်တွင် နေထိုင်ကြ သော နိုင်ငံသားပြည်သူများသည် မိမိတို့နှင့်တန်သည့် အစိုးရကို မိမိတို့ရရှိကြသည်ဟူ၍ နိုင်ငံရေးသုတေသီတို့ မှတ်ချက်ပြုပြောစကား ကြားဖူးသည်။ ယခု ၂၀၂၀ ပြည့် နှစ်အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မြန်မာနိုင်ငံသူနိုင်ငံသားများသည် မိမိတို့လိုလားဆန္ဒ
ရှိသည့်အစိုးရမျိုး မိမိတို့ရရှိအောင် ရွေးချယ်ကြရပါ တော့မည်။ သာမန်အားဖြင့် လွှတ်တော်သက်တမ်းငါးနှစ် အတွက် ရွေးချယ်ကြရသည်ဆိုသော်လည်း မိမိတို့ အနာဂတ်တစ်လျှောက်လုံးအတွက် ကြည့်ကြရပါမည်။ မိမိတို့သားစဉ်မြေးဆက်အတွက် ကောင်းသောအမွေ များကို ခိုင်မာစွာ မျိုးစေ့ချ စိုက်ပျိုးပေးသွားနိုင်မည့်၊ မိမိတို့ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး ခိုင်မာစွာ အုတ်မြစ်ချပေးနိုင်မည့်အစိုးရမျိုး ဖြစ်ပေါ်လာရေးကို ရှေးရှုရွေးချယ်ကြရပါမည်။
 
ဒီမိုကရေစီနိုင်ငံများ၏ ရွေးကောက်ပွဲများသို့ သွား ရောက်လေ့လာရသည့်အခါတိုင်း မည်ကဲ့သို့သောဦးတည် ချက်စိတ်ထားများဖြင့် ဆန္ဒမဲပေး ရွေးချယ်တတ်ကြသလဲ မေးမြန်းစူးစမ်းကြည့်မိသည်။ နည်းလမ်းအသွယ်သွယ် ရှိတတ်ကြကြောင်း ဤသို့သိရှိရသည်။
 
နှလုံးသားဖြင့်ရွေးချယ်တတ်ကြသည်၊ ဦးနှောက်ဖြင့် ရွေးချယ်တတ်ကြသည်။ နှစ်မျိုးစလုံးဖြင့် ရွေးချယ်တတ် ကြသည်။ တူညီနေလျှင် နှလုံးသားကိုပို၍ ဦးစားပေး သည်။ ဦးနှောက်ကို ပို၍ဦးစားပေးတတ်ကြသည်လည်း ရှိသည်။
 
ပါတီကိုကြည့်၍ ရွေးချယ်တတ်ကြသည်။ ကိုယ်စား လှယ်လောင်းကိုကြည့်၍ ရွေးချယ်တတ်ကြသည်။ နှစ်မျိုး စလုံးဖြင့် ရွေးချယ်တတ်ကြသည်။ တူညီနေလျှင် ကိုယ်စားလှယ်လောင်းကို ပို၍ဦးစားပေးသည်။ ပါတီကို ပို၍ဦးစားပေးတတ်ကြသည်လည်းရှိသည်။
မည်သည်က အသင့်တော် အကောင်းမွန်ဆုံးဖြစ်ပါသလဲ ဟူ၍ မေးမြန်းဆွေးနွေးကြည့်သည့်အခါ တိတိကျကျ အဖြေမပေးနိုင်ကြပါ။ သက်ဆိုင်ရာနိုင်ငံ၏ အခြေအနေ အချိန်အခါနှင့် ပကတိတည်ရှိဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ပေါ်တွင်သာ မူတည်သည်ဟု အဖြေထွက်ပါသည်။
 
တာဝန်နှင့်အခွင့်အရေး
 
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတို့၏ မလွဲမသွေ ဆောင် ရွက်ရမည့်တာဝန်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏အကျိုးကို ကိုယ်စားပြုဆောင်ရွက်နိုင်မည့်၊ မိမိ တို့လိုလားသောကိုယ်စားလှယ်ကို ရွေးချယ်နိုင်မည့်အခွင့် အရေးကို ရရှိကြသည်။ မိမိတို့၏အနာဂတ်သည် မိမိတို့ ၏လက်ထဲတွင်ရှိနေသည်။ မိမိတို့ပေးလိုက်ကြသည့် ဆန္ဒမဲလက်မှတ်များက မိမိတို့၏အနာဂတ်ကို အဆုံး အဖြတ်ပြုသွားမည်။ မိမိတို့ပြည်ထောင်စုကြီးအတွက်၊ မိမိတို့တစ်ဦးချင်းစီအတွက် မိမိတို့ကိုကိုယ်စားပြုဆောင် ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်းကို မိမိတို့လက် ဖြင့် ရွေးချယ်ခွင့်ရရှိကြတော့မည်။ ဤတာဝန်ကို ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံးက အလေးအနက်ထား ၍ ကျေပွန်အောင် ဆောင်ရွက်ကြရပါတော့မည်။
ဤသို့ဖြင့် မင်္ဂလာရှိသော ၂၀၂၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများအားလုံး တစ်ယောက်မကျန် ဆန္ဒမဲပေးကြခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ထာဝရငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ ဦးတည် လျှောက်လှမ်းနိုင်ကြစေလိုကြောင်းပါ။
 
ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားအားလုံးဆန္ဒမဲ လာရောက်ပေးနိုင်ကြပါစေ၊
 
မိမိတို့၏အနာဂတ်ကို မိမိတို့ကိုယ်တိုင် ရွေးချယ် တည်ဆောက်နိုင်ကြပါစေ၊
 
ထာဝရငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဆီသို့ ဦးတည်လျှောက်လှမ်း နိုင်ကြပါစေ။ ။