Type

ဆောင်းပါး
======
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၇ )
ရွေးကောက်ပွဲ၊ တာဝန်နှင့် ကတိကဝတ်
==================================
မောင်စာဂ
=====
ရွေးကောက်ပွဲတစ်ခု ကျင်းပတော့မည်ဆိုလျှင် ရွေးကောက်ပွဲကို စီမံခန့်ခွဲသူများ၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူများနှင့် ဆန္ဒမဲပေးကြသူများအကြား တွင် လိုက်နာဆောင်ရွက်ကြရမည့် ဥပဒေပြဋ္ဌာန်းချက် များ၊ တာဝန်ရှိမှုများ၊ ကတိကဝတ်ထားရှိမှုများ ရှိကြရ သည်။ မည်သို့ဆိုလိုပါသနည်း။ လွှတ်တော်ရွေးကောက်ပွဲ များကို စံပြု၍ အနှစ်ချုပ်မျှဝေပါရစေ။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်အတွင်းမှာပင် ကျင်းပသွားရန် ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်အသီးသီးအတွက် အထွေထွေ ရွေးကောက်ပွဲများကို ငါးနှစ်တစ်ကြိမ် ကျင်းပရပါမည်။ ပထမအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယ အကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် လည်းကောင်း ကျင်းပခဲ့သော ကြောင့် တတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို လည်း ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပရန်ရှိမည်ဟု ပြောရ ခြင်းဖြစ်သည်။
ရွေးကောက်ပွဲစီမံခန့်ခွဲသူများ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့နှင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များက တာဝန်ယူ စီမံခန့်ခွဲကျင်းပသွားမည် ဖြစ်သည်။ အဓိကတာဝန် အရှိဆုံးသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပင် ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တို့သည် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စာရင်းများ မှန်ကန်စွာပြုစုခြင်း၊ ကြေညာခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့၊ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမှု လက်ခံခြင်း၊ စိစစ်ခြင်း၊ အတည်ပြုကြေညာခြင်း၊ မဲဆွယ် စည်းရုံးကာလ သတ်မှတ်ပေးခြင်း၊ မဲရုံများ သတ်မှတ် စီစဉ်ပေးခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်း၊ လွတ်လပ်စွာ ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲရေတွက်ခြင်း၊ စာရင်းသွင်းခြင်း၊ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် များ အတည်ပြုကြေညာခြင်း စသည့် လုပ်ငန်းအဆင့်ဆင့် နှင့် ရွေးကောက်ပွဲကာလအပြီး ရွေးကောက်ပွဲအသုံးစရိတ် များတင်သွင်းမှု စိစစ်လက်ခံခြင်း၊ ကန့်ကွက်လွှာအမှုများ ရှိပါက ခုံအဖွဲ့ဖွဲ့၍ စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ကြဖို့ တာဝန်ရှိကြသည်။ တာဝန်ယူကြရသည်။ တာဝန်ခံကြရသည်။
ဤတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို ဥပဒေ နှင့်အညီ လွတ်လပ်ရမည်၊ ဥပဒေနှင့်အညီ မျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိစေရမည်၊ အများယုံကြည်လက်ခံနိုင်မှု ရှိစေရမည်၊ မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒနှင့် မဲရလဒ် တစ်ထပ်တည်း ဖြစ်စေရမည်ဟူသော စံ(၅) ရပ်နှင့်အညီ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြီးကို ဟန်ပြမဟုတ်ဘဲ စံပြအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများအားလုံးသို့ ကတိကဝတ်ပြုထားသကဲ့ သို့ မဲဆန္ဒရှင်ပြည်သူများအားလုံးသို့လည်း ကတိကဝတ် ပေးထားသည်။ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်များ အားရကျေနပ်စရာပါ။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူများ
ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများကို ကိုယ်စားပြု ၍ ပါဝင်ယှဉ်ပြိုင်ခြင်း၊ တစ်သီးပုဂ္ဂလအနေဖြင့် ပါဝင် ယှဉ်ပြိုင်ခြင်းများ တွေ့ရပါမည်။ ယနေ့အထိ လေ့လာ သိရှိချက်စာရင်းအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၉၉ ပါတီရှိနေသည်။ သုံးပါတီကို ယာယီရပ်ဆိုင်းထားသည်။ နိုင်ငံရေးပါတီတည်ထောင်ခွင့် စိစစ်ဆဲ သုံးပါတီနှင့် မှတ်ပုံ တင်ခွင့် စိစစ်ဆဲ နှစ်ပါတီ ရှိနေသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၀၀ ဝန်းကျင် ခန့် ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိသည်။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးတို့သည် လွှတ်တော်ရွေးကောက်ပွဲဥပဒေများ နှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ကြရပါမည်။ လိုက်နာကြဖို့ တာဝန်ရှိကြပါသည်။ ဥပဒေ များ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရပါမည်။
ထို့ပြင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်ဆိုသည်လည်း ရှိသည်။ ယင်းကျင့်ဝတ်ပေါ်ပေါက်လာပုံ အကျဉ်းမျှဖော်ပြ ရလျှင် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် နိုင်ငံရေးပါတီများအားလုံးမှ ဆုံးဖြတ်ခဲ့သော ကျင့်ဝတ်မူ များကိုအခြေခံ၍ ယာယီလုပ်ငန်းကော်မတီမှ မူကြမ်း ရေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံ ရေးပါတီများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြန်လည်သုံးသပ်ခဲ့သည်။ ၂၀၁၅ ခုနှစ် မေလ ၁၅ ရက်နေ့တွင် အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး နိုင်ငံရေးပါတီများအားလုံးက သဘောတူ ကြောင်း ကတိကဝတ်ပြု၍ ၂၀၁၅ ခုနှစ် ဇွန်လ ၂၆ ရက် နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (Code of Conduct for Polities and Candidates) ကို ပြုစု ဖြန့်ဝေခဲ့သည်။
ယခုအခါ ယင်းကျင့်ဝတ်အပေါ် နိုင်ငံရေးပါတီများက ဆွေးနွေးပွဲများပြုလုပ်၍ ပြန်လည်သုံးသပ်နေသည်။ လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်နေ သည်။ မကြာမီ ပြီးစီးတော့မည်ဟု သိရသည်။ သို့ဖြစ်ရာ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရာ၌ မိမိ တို့သဘောတူ ကတိကဝတ်ပြုထားကြသည့် ကျင့်ဝတ် များကိုလည်း လိုက်နာစောင့်ထိန်းကြရန် တာဝန်ရှိပါ သည်။
ဆန္ဒမဲပေးကြသူများ
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲဟူသည် ရှိကြစမြဲ ဖြစ်သည်။ ရွေးကောက်ပွဲရှိလျှင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များက ဆန္ဒမဲပေးကြရသည်။ ထို့ကြောင့် ဒီမို ကရေစီနိုင်ငံတိုင်းတွင် နိုင်ငံသားတစ်ဦး၏ နိုင်ငံအတွက် အရေးကြီးဆုံးတာဝန်သည် ဘာဖြစ်ပါသလဲဟု မေးမြန်း လျှင် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် မဲဆန္ဒရှင် တစ်ဦးအနေဖြင့် နိုင်ငံအတွက်အရေးအကြီးဆုံးတာဝန် တစ်ရပ်ကို ထမ်းဆောင်ခြင်းဖြစ်သည်ဟူ၍ သိရှိထားကြ သည်။
မဲဆန္ဒရှင်တစ်ဦးသည် သက်ဆိုင်ရာမဲစာရင်းတွင် မိမိ၏အမည်ပါရှိမှ ဆန္ဒမဲပေးခွင့်ရရှိသည်ဖြစ်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲစာရင်း များကြေညာကပ်ထားသည့်အခါ မိမိ၏အမည်စာရင်း မဲစာရင်းတွင် ပါ၊ မပါ သွားရောက်ကြည့်ရှုရန် တာဝန်ရှိ သည်ဟု သတ်မှတ်ပြဋ္ဌာန်းထားသည့်အချက်ကိုလည်း မဲဆန္ဒရှင်များက သိရှိထားရန် လိုအပ်ပါသည်။
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်များအနေဖြင့် လွှတ်တော်တစ်ရပ်စီ၌ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကိုသာ ဆန္ဒမဲပေးရမည်။ တစ်မဲသာပေးရမည်။ တစ်ကြိမ်သာပေးရမည်။ ကိုယ် တိုင်ပေးရမည်။ လျှို့ဝှက်စွာပေးရမည်။ ကိုယ်စားမပေးရ။ ကိုယ်စားလှယ်စေလွှတ်၍ မပေးရပါ။ အယောင်ဆောင်၍ မပေးရပါ။ မဲလက်မှတ်ကို ဆုတ်ဖြဲမပစ်ရပါ။ အစွန်းအထင်း များ မပေစေရပါ။ တခြားသူတစ်ဦးကို လွှဲပြောင်း မပေးရပါ။ မဲရုံအပြင်သို့ ယူဆောင်မသွားရပါ။ ဤသည်တို့မှာလည်း သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများတွင် ပြဋ္ဌာန်းထား၍ မဲဆန္ဒရှင်များကလိုက်နာကြရန် တာဝန်ရှိပါသည်။ မဲဆန္ဒ ရှင်များ လိုက်နာရန် ကျင့်ဝတ်များလည်း ဖြစ်ပါသည်။
တာဝန်ကိုယ်စီကျေပွန်ကြမှသာလျှင်
၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးကို ဥပဒေနှင့်အညီ လွတ်လပ်၍ တရား မျှတသော၊ သန့်ရှင်းသော ရွေးကောက်ပွဲကြီးတစ်ခုဖြစ်ဖို့ လိုလားမျှော်လင့်နေကြသည်။ ဤသို့ဆိုလျှင် ရွေးကောက် ပွဲကို စီမံခန့်ခွဲသူများ၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြသူများနှင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များသည် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရပါမည်။ မိမိတို့တာဝန်ရှိသည့်အပိုင်းကို ကိုယ်စီ တာဝန်ကျေပွန် ကြရပါမည်။ မိမိတို့အချင်းချင်း ကတိကဝတ်ပြုထားချက် များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ကြရပါ မည်။ သို့မှသာ အားလုံးကမျှော်လင့်ထားသည့်အတိုင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးသည် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော၊ သန့်ရှင်းသော ရွေးကောက်ပွဲကြီးဖြစ်ပါမည်။
ရွေးကောက်ပွဲနှင့်အတူ
ရွေးကောက်ပွဲဟူသည့် သဘောအဓိပ္ပာယ်မှာလည်း မဲဆန္ဒရှင်ပြည်သူများ၏အသံ၊ ဆန္ဒအမှန်ကို ရယူရန်ဖြစ် သည်။ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူများ၏ အသံ၊ ဆန္ဒအမှန်ကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ဖော် ထုတ်နိုင်ခွင့်ရှိစေရမည်။ ပါဝင်ယှဉ်ပြိုင်သူများအတွက် လည်း မျှတသောအခွင့်အရေးများ ရရှိစေရပြီး ပါဝင် ယှဉ်ပြိုင်သူများကလည်း တရားသဖြင့် သန့်ရှင်းစွာ ပါဝင်ယှဉ်ပြိုင်ကြရပါမည်။
ဤသို့ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၊ မဲဆန္ဒရှင်များ သုံးဦးသုံးဖလှယ်တို့သည် အနားညီ တြိဂံတစ်ခုသဖွယ် တာဝန်ကိုယ်စီကျေပွန်ကြပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးနှင့်အတူ လွတ်လပ်၊ မျှတ၊ သန့်ရှင်းသော ရွေးကောက်ပွဲကြီး ကျင်းပပေးနိုင်ခြင်းဖြင့် သမိုင်းမှတ်တမ်းမော်ကွန်းတင်ခံရစေလိုကြောင်းပါ။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် မိမိ၏ ကတိ ကဝတ်နှင့်အညီ ရွေးကောက်ပွဲကြီး ချောမော အောင်မြင်စွာ ကျင်းပသွားနိုင်ကြပါစေ၊
နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ မိမိတို့သဘောတူ ကတိကဝတ် ပြုထားသည့် ကျင့်ဝတ်များနှင့်အညီ ပါဝင်ယှဉ်ပြိုင် နိုင်ကြပါစေ၊
မဲဆန္ဒရှင်အားလုံး ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံသား တို့၏တာဝန် ကျေပွန်ကြပါစေ။ ။
- Log in to post comments