
ခင်ရတနာ
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ စံသတ်မှတ်ချက်ငါးချက်ဖြစ်သည့် လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံနိုင်ရမည်၊ မဲဆန္ဒရှင်များ၏ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ဖြစ်စေရမည်ဆိုသည့်အချက်များနှင့်အညီ ဦးတည်ဆောင်ရွက်ခဲ့ပြီး ယခုလို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားစဉ်အတွင်း ပြည်သူများက တစ်ခဲနက် ပူးပေါင်းပါဝင်မှုကြောင့်လည်း ယခုလိုအောင်မြင်ခဲ့ရခြင်း ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်အတူ ဌာနဆိုင်ရာအဖွဲ့အစည်း များ၊ စေတနာ့ဝန်ထမ်းများအားလုံးက စုပေါင်း၍ မိမိတို့နိုင်ငံအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်မှုများ၏ ရလဒ်များအဖြစ် လွှတ်တော်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည် စာရင်းသည်လည်း အတည်ပြုထွက်ပေါ်လာခဲ့ပြီဖြစ်ပါသည်။
ထိုကဲ့သို့ နိုင်ငံတော်အတွက် ဒီမိုကရေစီစနစ် ခိုင်မာမြဲမြံရေးအတွက် အလွန်အရေးကြီးလှသည့် သမိုင်းမှတ်တိုင်တစ်ရပ်ကို စိုက်ထူကြရာတွင် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်မီဒီယာများကလည်း တစ်တပ်တစ်အားပါဝင်၍ မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခွင့် ရရှိခြင်းကြောင့် နိုင်ငံပိုင်သတင်းစာတိုက်၏ စာတည်းတစ်ဦးအနေဖြင့် အလွန် ဂုဏ်ယူမိပါသည်။
မိမိတို့နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် အွန်လိုင်းသတင်းစာဖြစ်သည့် Myanmar Digital News ၊ Joint Venture အဖြစ် ဆောင်ရွက်သည့် The Global New Light of Myanmar တို့သည် မိမိတို့၏ ဦးတည်ချက်တာဝန်ဖြစ်သည့် ပြည်သူကို အသိပညာပေးရန်နှင့် မှန်ကန်သည့် သတင်းအချက်အလက်များ ပေးအပ်နိုင်ရန်တို့အတွက် အင်တိုက် အားတိုက် ဆောင်ရွက်ခဲ့ကြပြီး အများပြည်သူတို့၏ တစ်ခဲနက်သောဆန္ဒနှင့် အညီ ရွေးကောက်ပွဲရလဒ်များပေါ်ထွက်လာခြင်းအပေါ်၌လည်း နှစ်ထောင်း အားရ ဝမ်းမြောက်ကြရပါသည်။
ဒီမိုကရေစီနှင့် သူ၏ အလေ့အထများ
နိုင်ငံအတွက် အရေးကြီးလှသည့် အထွေထွေရွေးကောက်ပွဲအလွန် ကာလများတွင် ရွေးကောက်ပွဲဆိုင်ရာဂယက်များ ရိုက်ခတ်လေ့ရှိသည်မှာ ဒီမိုကရေစီ၏ သဘောသဘာဝတစ်ရပ်ဟု ဆိုရမည်ဖြစ်ပါသည်။ အငြင်းပွားမှု များ၊ ဝေဖန်မှုများရှိတတ်သည်မှာ ဒီမိုကရေစီ၏ အလေ့အထဟုပင် ဆိုနိုင် သော်လည်း အချို့သော ဝေဖန်ပြစ်တင်မှုများမှာမူ ပကတိအခြေအနေအပေါ် ထင်ဟပ်မှုမရှိ၊ သေချာစွာ စေ့ငုခြင်းအားနည်းသည့် ဝေဖန်ပြစ်တင်မှုများလည်း ရှိတတ်ပါသည်။
ပြီးခဲ့သည့်ရက်က ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ သတင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဖော်ပြမှုအားနည်းဟု ဝေဖန်” ဟူသည့် သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါသည်။ ရွေးကောက်ပွဲတွင် နိုင်ငံပိုင် မီဒီယာ ရုပ်မြင်သံကြားလိုင်း MRTV မှ ရွေးကောက်ပွဲနေ့ သတင်းဖော်ပြမှု အပါအဝင် ရွေးကောက်ပွဲအပြီး အနိုင်ရနိုင်ငံရေးပါတီများ၏ အခြေအနေများ ဖော်ပြရန်ကိစ္စတို့တွင် သတင်းဖော်ပြမှုမရှိသလောက် နည်းပါးခဲ့ကြောင်း သတင်းစာဆရာသုံးဦး၏ ပြောကြားချက်အချို့ကို ကောက်နုတ်၍ သတင်းတွင် ဖော်ပြထားသည်။
ဓမ္မဓိဋ္ဌာန်ကျကျ မီဒီယာ
နိုင်ငံပိုင်မီဒီယာတို့သည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများဖြစ်သည့်
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ သုံးကြိမ်စလုံးတွင် ပြည်သူများအတွက် သတင်းအချက်အလက် များကို ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ပြနိုင်ခဲ့ပါသည်။ ရွေးကောက်ပွဲအကြိုကာလများ အတွင်း အများပြည်သူအတွက် သိသင့်သိထိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများကို ရွေးကောက်ပွဲမကျင်းပမီ လများစွာကတည်းကပင် ကြိုတင်ဖော်ပြပေးခဲ့ကြသည်။
ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရေး၊ ဥပဒေများနှင့်အညီ ဆန္ဒမဲပေး နိုင်ရေးတို့အတွက် အသိပညာပေးအစီအစဉ်များကို မည်ကဲ့သို့ဖော်ပြမည်၊ မည်သည့်အဖွဲ့အစည်းများနှင့်ဆက်သွယ်ကာ မည်ကဲ့သို့ စာမျက်နှာပြင်ဆင် ဖော်ပြမည်၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ ပြည်သူသို့တင်ပြချက်များကို မည်သို့မည်ပုံဖော်ပြမည်၊ ရွေးကောက်ပွဲမကျင်းပမီ နှင့် ကျင်းပစဉ်ကာလများအတွင်း ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်း များကို အမျှတဆုံးနှင့် ဓမ္မဓိဋ္ဌာန်အကျဆုံး မည်သို့တင်ဆက်မည်စသည်တို့ကို ပြင်ဆင်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ကာ ရွေးကောက်ပွဲ သတင်းများကို စတင်ဖော်ပြခဲ့ပါသည်။
ကြိုတင်ပြင်ဆင်မှုများအနေဖြင့် စာရေးသူမှတ်မိသရွေ့ ကောက်နုတ် ဖော်ပြရလျှင် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် အချက်အလက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဦးစီးအဖွဲ့သည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပထမ အကြိမ်အဖြစ် သွားရောက်တွေ့ဆုံပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ ပညာပေးအစီအစဉ်များကို နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ဖော်ပြနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ စတင်၍ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးကာ လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဒုတိယ အကြိမ်သွားရောက်တွေ့ဆုံကာ ဝန်ကြီးဌာနက ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် မီဒီယာနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်များ၊ တွေ့ဆုံမေးမြန်းမှုများကို ပြည်သူ လူထုထံ တင်ဆက်နိုင်ရေးတို့ကို စောနိုင်သမျှ စောစော စတင်ဆောင်ရွက်ကြကာ စတင်ပြင်ဆင်ခဲ့ကြခြင်းကြောင့် ဇူလိုင်လကုန်မှ စတင်ပြီး ရွေးကောက်ပွဲဆိုင်ရာ အထူးကဏ္ဍပညာပေးအစီအစဉ်များကို တင်ဆက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ရွေးကောက်ပွဲအတွက် ရက်ပေါင်း ၁၀၀
ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလနှင့် ထူးထူး ခြားခြား တိုက်ဆိုင်ခဲ့ရသည့် ရွေးကောက်ပွဲကြီးအတွက် နိုင်ငံပိုင်သတင်းစာများ တွင်လည်း အမှတ်ရစရာနေ့ရက်များစွာ ရှိခဲ့ပါသည်။ မိမိတို့ နိုင်ငံပိုင်သတင်းစာ များ၏ မူဝါဒဖြစ်သည့် မှန်ကန်သည့် သတင်းအချက်အလက်များကို ပြည်သူ လူထုထံပေးအပ်နိုင်ရေးအတွက် အထူးကြိုးစားတင်ဆက်ခဲ့ရသည့် နေ့ရက် များလည်း ဖြစ်ပါသည်။
မဲစာရင်းတွင် ပါဝင်နိုင်ရေး၊ မဲပေးခွင့်ရရှိရေး စသည့် ရွေးကောက်ပွဲ သိကောင်းစရာ အခြေခံများမှသည် မဲရုံများပြင်ဆင်မှု၊ မဲရုံများသို့ သွားရောက်၍ ဆန္ဒမဲပေးရာတွင် လိုက်နာရမည့်အချက်များ၊ ကြိုတင်ဆန္ဒမဲပေးမှုဆိုင်ရာ သိကောင်းစရာများ၊ အွန်လိုင်းမှတစ်ဆင့် မဲစာရင်းစစ်ဆေးနိုင်မှုများ၊ ကျန်းမာ ရေးနှင့်အညီ စနစ်တကျဆန္ဒမဲပေးအပ်နိုင်မှုစသည့် အသိပညာပေးသတင်း အချက်အလက်ပေါင်းများစွာကို ဖော်ပြသည့်သတင်းများ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အဖွဲ့ဝင်၏ ဆောင်းပါးများ အပြင် အထူးစာမျက်နှာအဖြစ် ဩဂုတ်လမှ စတင်ကာ ရက်ပေါင်း ၁၀၀ မှစ၍ ကြိုတင် ဖော်ပြပေးနိုင်ခဲ့ပါသည်။
နိုင်ငံပိုင်မီဒီယာများ၏သဘာဝ
နိုင်ငံပိုင်မီဒီယာများသည် နိုင်ငံတော်နှင့် ပြည်သူအကြား ပေါင်းကူး ဆက်သွယ်ပေးသည့် စင်္ကြံသဖွယ်ဖြစ်ပြီး ပြည်သူက ရွေးချယ်တင်မြှောက် ထားသည့် ပြည်သူ့အစိုးရ၏ ပြည်သူအတွက် ဆောင်ရွက်ချက်များကို ပြည်သူ လူထုထံ ပြန်လည်တင်ပြပေးရသည့်တာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ပြန်ကြားရေးဝန်ကြီးဌာန၏ စီးပွားရေး လုပ်ငန်းအဖွဲ့အစည်းတစ်ခုအဖြစ် ဘဏ္ဍာငွေကြေးရှာဖွေပေးရသည့် တာဝန်ကို လည်း ထမ်းဆောင်ကြရပါသည်။ နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြသည့်သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ သဘောထားကို ထင်ဟပ်သည်ဟူ၍ ပြည်သူလူထုက ရှုမြင်လေ့ရှိကြသည့်အတွက် မိမိတို့ အနေဖြင့် စောင့်ထိန်းကြရသည့် အကန့်အသတ်များစွာရှိပါသည်။ အထူး သဖြင့် အချက်အလက်မှန်ကန်မှု၊ ဘက်မလိုက်မှုနှင့် တိကျမှန်ကန်ခိုင်မာမှုကို အလေးအနက်ထား ဆောင်ရွက်ကြရပါသည်။
သတင်းအချက်အလက် တိကျမှန်ကန်ရေးကို ဦးစားပေးဆောင်ရွက်ကြ ရသည့်အတွက် မည်မျှပင် သတင်းဦးပါစေ၊ သတင်းအရင်းအမြစ်မှ အတည် မပြုသေးပါက ပြည်သူများအတွက် ယုံကြည်စိတ်ချရသည့် သတင်းမရရှိ သေးဟု မှတ်ယူကာ တိကျမှု၊ မှန်ကန်မှုကို ကြိုးစားဖြည့်ဆည်းပေးရသည့် တာဝန်ရှိပါသည်။ သို့မှသာ နိုင်ငံပိုင်မီဒီယာ ပရိသတ်များအတွက် မှန်ကန်၊ တိကျသည့် သတင်းအချက်အလက်များကို ပေးအပ်နိုင်မည်ဖြစ်ပါသည်။
ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် သတင်းပုဒ်ရေ ၁၂၀၀ ကျော် ဖော်ပြနိုင်ခဲ့
နိုင်ငံပိုင်သတင်းစာများတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ယခု နိုဝင်ဘာ ၁၉ ရက်အထိ ဖော်ပြခဲ့မှုကို လေ့လာကြည့်ရာ မြန်မာ့အလင်း၊ ကြေးမုံ၊ The Global New Light of Myanmar နှင့် Myanmar Digital New တို့တွင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့်ခေါင်းကြီး ၃၅ ပုဒ်၊ သတင်းပုဒ်ရေ ၁၂၃၁ ပုဒ်၊ ဆောင်းပါး ၉၈ ပုဒ်၊ တွေ့ဆုံမေးမြန်း ၂၄ ပုဒ်၊ ကာတွန်း ၁၀၇ ပုဒ်၊ ကဗျာ ၁၃ ပုဒ်၊ ထုတ်ပြန်ချက် ၃၅၆ ခု၊ နှိုးဆော်ချက် ၁၀၉၉ ခု၊ အခြေပြဇယား ၄၄ခု၊ ပါတီဟောပြောချက် ၁၄၄ ပုဒ်တို့ကို ဖော်ပြ ပေးနိုင်ခဲ့ပါသည်။
ရွေးကောက်ပွဲအကြိုကာလအတွင်း နိုင်ငံရေးပါတီ ၇၂ ခု၏ စည်းရုံး ဟောပြောချက်များကို ဖော်ပြခဲ့ရာတွင်လည်း ပါတီများအားလုံးအတွက် တူညီသည့်စာမျက်နှာ၊ တူညီသည့် ခေါင်းစည်းစာလုံးအရွယ်အစား၊ တူညီ သည့်ပါတီတံဆိပ်အရွယ်အစား၊ တူညီသည့်ဓာတ်ပုံ ဖော်ပြမှုအရွယ်အစား သတ်မှတ်ချက်များဖြင့် မျှမျှတတ ဖော်ပြပေးခဲ့သည့်အပြင် မည်သည့်နေ့တွင် မည်သည့်ပါတီက ပြည်သူ့ထံ တင်ပြမည်ဟူသည့် သတင်းအချက်အလက်များ ကိုလည်း ကြိုတင်ဖော်ပြပေးနိုင်ခဲ့သည်။ (ဆက်လက်ဖော်ပြပါမည်)
- Log in to post comments