
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ အမျိုးသားစီမံကိန်းဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥပဒေအမှတ် ၂၆ /၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)
နိဒါန်း
နိုင်ငံတော်၏ လူမှုစီးပွားရေးနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန် ရည်ရွယ်၍ ချမှတ်ထားသည့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက်(၉) ရပ်နှင့်အညီ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ အမျိုးသား စီမံကိန်းဥပဒေဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ အမျိုးသား စီမံကိန်းအတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ စတင်အာဏာတည်စေရမည်။
၂။ ဤဥပဒေသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ (၆) လကာလအတွက် အမျိုးသား စီမံကိန်းဥပဒေဖြစ်သည်။
၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) အမျိုးသားစီမံကိန်း ဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှု စီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ ပြည်ထောင်စု ဝန်ကြီးဌာန/ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ သတ်မှတ်ထားသည့် အချိန် ကာလအတွင်း မည်ရွေ့မည်မျှ တိုးတက်ရမည်ဆိုသည့် နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ် များဖြစ်သည်။ အမျိုးသားစီမံကိန်း၌ ကဏ္ဍအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ဝိသေသပြု ရေးဆွဲချမှတ်သော လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ စက်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီစိုက်ပျိုးရေး နည်းပညာကိုအခြေခံသော စက်မှုလယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၊ ခေတ်မီမွေးမြူရေးဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံ ကိန်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းစသည့် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ ဘက်စုံဆက်စပ်အကျုံးဝင် သည်ဟု မှတ်ယူရမည်။
(ခ) စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ သတ်မှတ်ကာလအတွင်း စီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ် စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ မည်ရွေ့ မည်မျှ ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ရည်မှန်းလျာထားချက် များ ဖြစ်သည်။
(ဂ) ၆ လ စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ မတ်လအထိ အကောင် အထည်ဖော်နိုင်မှုအပေါ် အခြေခံ၍ ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ဆောင်ရွက်မည့် စီမံကိန်း ရည်မှန်းချက်များဖြစ်သည်။
(ဃ) ပုံမှန်စျေးနှုန်း ဆိုသည်မှာ အခြေခံနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင်ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။
(င) နှစ်အလိုက်စျေးနှုန်း ဆိုသည်မှာ သက်ဆိုင်ရာ ဘဏ္ဍာ ရေးနှစ်အလိုက်ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များ၏ စျေးနှုန်းဖြစ်သည်။
(စ) သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများ ဆိုသည်မှာ အမျိုးသား စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သည့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီများကို ဆိုသည်။
အခန်း(၂)
စီမံကိန်းရည်မှန်းချက်များ
၄။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ အမျိုးသားစီမံကိန်း၏ အရေးကြီး သည့် ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ပုံမှန်ဈေးနှုန်းအရ ၃.၈ ရာခိုင်နှုန်း တိုးတက်ရန်၊
(ခ) ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်စျေးနှုန်းအရ-
( ၁ ) လယ်ယာကဏ္ဍတွင် ၂.၃ ရာခိုင်နှုန်း တိုးတက်ရန်၊
( ၂ ) သားငါးကဏ္ဍတွင် ၃.၀ ရာခိုင်နှုန်း တိုးတက်ရန်၊
( ၃ ) သစ်တောကဏ္ဍတွင် ၁၂.၈ ရာခိုင်နှုန်း လျော့နည်း ဖြစ်ပေါ်ရန်၊
( ၄ ) စွမ်းအင်ကဏ္ဍတွင် ၂.၉ ရာခိုင်နှုန်း လျော့နည်း ဖြစ်ပေါ်ရန်၊
( ၅ ) သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၉.၅ ရာခိုင်နှုန်း တိုးတက်ရန်၊
( ၆ ) စက်မှုလက်မှုကဏ္ဍတွင် ၅.၂ ရာခိုင်နှုန်း တိုးတက်ရန်၊
( ၇ ) လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၉.၈ရာခိုင်နှုန်း တိုးတက် ရန်၊
( ၈ ) ဆောက်လုပ်မှုကဏ္ဍတွင် ၁.၉ ရာခိုင်နှုန်း တိုးတက်ရန်၊
( ၉ ) ပို့ဆောင်ရေးကဏ္ဍတွင် ၅.၈ ရာခိုင်နှုန်း တိုးတက်ရန်၊
(၁၀) ဆက်သွယ်ရေးကဏ္ဍတွင် ၇.၄ ရာခိုင်နှုန်း လျော့နည်း ဖြစ်ပေါ်ရန်၊
(၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၁၂.၅ရာခိုင်နှုန်း တိုးတက်ရန်၊
(၁၂) လူမှုရေးနှင့်စီမံခန့်ခွဲရေးကဏ္ဍတွင် ၀.၃ ရာခိုင်နှုန်း တိုးတက်ရန်၊
(၁၃) အခြားဝန်ဆောင်မှုကဏ္ဍတွင် ၄.၂ရာခိုင်နှုန်း တိုးတက်ရန်၊
(၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၄.၉ ရာခိုင်နှုန်း တိုးတက်ရန်၊
(ဂ) တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ -
( ၁ ) ကချင်ပြည်နယ်တွင် ၅.၃ ရာခိုင်နှုန်း တိုးတက်ရန်၊
( ၂ ) ကယားပြည်နယ်တွင် ၂.၀ ရာခိုင်နှုန်း တိုးတက်ရန်၊
( ၃ ) ကရင်ပြည်နယ်တွင် ၅.၁ ရာခိုင်နှုန်း တိုးတက်ရန်၊
( ၄ ) ချင်းပြည်နယ်တွင် ၁.၁ ရာခိုင်နှုန်း တိုးတက်ရန်၊
( ၅ ) စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄.၉ ရာခိုင်နှုန်း တိုးတက် ရန်၊
( ၆ ) တနင်္သာရီတိုင်းဒေသကြီးတွင် ၃.၄ ရာခိုင်နှုန်း တိုးတက် ရန်၊
( ၇ ) ပဲခူးတိုင်းဒေသကြီးတွင် ၄.၃ ရာခိုင်နှုန်း တိုးတက်ရန်၊
( ၈ ) မကွေးတိုင်းဒေသကြီးတွင် ၄.၄ ရာခိုင်နှုန်း တိုးတက်ရန်၊
( ၉ ) မန္တလေးတိုင်းဒေသကြီးတွင် ၂.၄ ရာခိုင်နှုန်း တိုးတက်ရန်၊
(၁၀) မွန်ပြည်နယ်တွင် ၄.၈ ရာခိုင်နှုန်း တိုးတက်ရန်၊
(၁၁) ရခိုင်ပြည်နယ်တွင် ၀.၅ ရာခိုင်နှုန်း တိုးတက်ရန်၊
(၁၂) ရန်ကုန်တိုင်းဒေသကြီးတွင် ၄.၂ ရာခိုင်နှုန်း တိုးတက်ရန်၊
(၁၃) ရှမ်းပြည်နယ်တွင် ၂.၆ ရာခိုင်နှုန်း တိုးတက်ရန်၊
(၁၄) ဧရာဝတီတိုင်းဒေသကြီးတွင် ၃.၂ရာခိုင်နှုန်း တိုးတက်ရန်၊
(၁၅) နေပြည်တော်ကောင်စီနယ်မြေတွင် ၂.၂ ရာခိုင်နှုန်း တိုးတက်ရန်၊
(ဃ) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၂၄.၀ ရာခိုင်နှုန်းမှ ၂၃.၆ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇.၂ ရာခိုင်နှုန်းမှ ၃၈.၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၈.၈ ရာခိုင်နှုန်းမှ ၃၈.၂ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး ဖြစ်ပေါ်စေရန်၊
(င) နိုင်ငံပိုင်အခန်းမှ ကျပ် ၄,၅၅၉.၉၁၉ ဘီလီယံရင်းနှီးမြှုပ်နှံရန်၊
(စ) နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို အမေရိကန် ဒေါ်လာ ၈,၂၀၀.၀ သန်း တင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို အမေရိ ကန်ဒေါ်လာ ၈,၈၀၀.၀ သန်း တင်သွင်းရန်၊
အခန်း(၃)
အထွေထွေ
၅။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် ပူးတွဲ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) တို့တွင် ဖော်ပြထားသော စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်ကြရန်ဖြစ် သည်။ စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် လိုအပ်သော လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက်များကို ကဏ္ဍ အလိုက်၊ ဒေသအလိုက် အသေးစိတ် ရေးဆွဲဆောင်ရွက်နိုင်သည်။
၆။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာ ဆန်းစစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန် တကယ်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင် အထည်ဖော်ရမည်။ သို့ရာတွင် တင်ပြလာသောစီမံကိန်းများသည် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့က စိစစ်တွေ့ရှိပါက အဆိုပါစီမံကိန်းအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်။
၇။ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးမူဝါဒများနှင့်အညီ ချိတ်ဆက် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်၏ ရှေ့လုပ် ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ ဆောင်ရွက်ရမည်။
၈။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် နိုင်ငံ သားများအတွက် လက်ငင်း၊ ရေတိုနှင့်ရေရှည်အကျိုးဖြစ်ထွန်းစေ ပြီး ထာဝရရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဖြစ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထားဆောင်ရွက်ရမည်။
၉။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများတင်ပြ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အင်္ဂါရပ်များ၊ ဆန်းစစ်ချက် များ ပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။
၁၀။ အမျိုးသားစီမံကိန်းတွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင် သောစီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့ကို အထောက်အကူပြုသော စီမံကိန်းများနှင့် နိုင်ငံတော်ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ရွက်မည့် မဟာဗျူဟာမြောက် စီမံကိန်းများပါဝင်ရမည်။
၁၁။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် အမျိုးသားစီမံကိန်း တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနက် ပုဂ္ဂလိကလုပ်ပိုင်ခွင့် အဖြစ် လွှဲပြောင်းပေးသင့်သော စီးပွားရေးလုပ်ငန်းများကို နှစ်အလိုက် လွှဲပြောင်းပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲရမည်။
၁၂။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ(၆)လအတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက် နိုင်စွမ်းရှိ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ မရှိ၊ ပြည်သူများ အတွက် အကျိုး ရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ မရှိ စသည်တို့ကို ဘက်စုံလေ့လာ ဆန်းစစ်ပြီး ဖြစ်ရမည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းများလည်း ဖြစ်ရမည်။ နိုင်ငံတော်၏အကျိုးစီးပွားအတွက် အရေးကြီးလိုအပ်ချက်အရ ဆောင်ရွက်ရသည့် အထူးစီမံကိန်းများနှင့် စီမံကိန်း ဘဏ်အတွင်း ထည့်သွင်းစိစစ်အတည်ပြုထားသည့် ဗျူဟာမြောက်စီမံကိန်းများကို နှစ်စဉ် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းဖော်ပြရမည်။
၁၃။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ ဆောင်ရွက် သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်း လုပ်ငန်း များနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှစတင် ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမည်။ ပူးပေါင်း ဆောင်ရွက်ရန် ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်။
၁၄။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဤဥပဒေအရ ထုတ်ပြန်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင်ပါရှိသည့် နိုင်ငံပိုင်အခန်း ဆောင်ရွက် မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် ပါရှိသော ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
________________________
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ် ရေးထိုး သည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(ပူးတွဲဇယားများကိုဆက်လက်ဖော်ပြပါမည်)
- Log in to post comments