၂၀၂၁ ခုနှစ် ကိုရီးယားသံအမတ်ကြီးဖလား အွန်လိုင်း တိုက်ကွမ်ဒိုကကွက် ချန်ပီယံရှစ်ပြိုင်ပွဲကျင်းပ   

 

ရန်ကုန်  နို၀င်ဘာ  ၆ 


အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊    မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်က   ကြီးမှူးကျင်းပသည့်     ၂၀၂၁  ခုနှစ်    ကိုရီးယားသံအမတ်ကြီးဖလား   အွန်လိုင်း တိုက်ကွမ်ဒို ကကွက် ချန်ပီယံရှစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
“ဒီပြိုင်ပွဲကို‌ အားကစားသမားတွေအတွက်  ကျန်းမာကြံ့ခိုင်မှုရှိဖို့ကို ရည်ရွယ်တာရယ်။  မျိုးဆက်သစ်အားကစားသမား‌တွေရရှိဖို့ ရည်ရွယ် ပြီး ကျင်းပတာဖြစ်ပါတယ်။ ယခင်ကအတိုက်၊ ကကွက်၊ နှစ်ယောက်တွဲ၊ အသင်းလိုက်ပြိုင်ပွဲများ  ကျင်းပခဲ့ပေမယ့် အခု ကိုဗစ်ကာလဖြစ်တဲ့  အတွက် တစ်ဦးချင်းအွန်လိုင်းကပဲ ကျင်းပတာဖြစ်ပါတယ်”ဟု မြန်မာ နိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ  နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးကျော်သန်းဦး က ပြောသည်။

 


အဆိုပါပြိုင်ပွဲပထမ‌နေ့တွင်  အသက်  ၁၁  နှစ်အောက် (ကျား၊ မ)တစ်ဦးချင်း၊ ခါးစည်းအနက်အဆင့်များ၊ ကကွက် ( ၃ / ၄ )၊ အသက် (၁၂-၁၄)နှစ်အောက် တစ်ဦးချင်းပြိုင်ပွဲ၊  ခါးစည်းအနက်အဆင့်များ၊ ကကွက် ( ၅ / ၆)၊ အသက်(၁၅-၁၇)နှစ်အောက်(ကျား၊မ) တစ်ဦးချင်း ပြိုင်ပွဲ၊ ခါးစည်းအနက်အဆင့်များ၊ ကကွက် (၇ /၈ )၊ အသက်( ၁၈-၃၀)နှစ်အောက်စီနီယာ(၁)(ကျား၊မ)တစ်ဦးချင်းပြိုင်ပွဲ၊ ခါးစည်းအနက် အဆင့်များ၊ ကကွက်(ဂိုလီယို/ဂွန်ဂမ်)၊အသက်(၃၀-၄၀)နှစ်အောက် စီနီယာ(၂)(ကျား၊မ)တစ်ဦးချင်း၊ ခါးစည်းအနက်အဆင့်များ၊ကကွက် (ဂွန်ဂမ် /ထေဘက်)၊ အသက်(၄၀)နှစ် အထက် မာစတာအဆင့်(ကျား၊မ)တစ်ဦးချင်း၊ ခါးစည်းအနက်အဆင့်များ၊ ကကွက် (ထေဘက် /ဖြောန်ဝမ်) ပြိုင်ပွဲများကို ကျင်းပသည်။

 


ယင်းပြိုင်ပွဲတွင်    ပထမဆု(ရွှေ)တံဆိပ်နှင့်အတူ   ကိုရီးယား တိုက်ကွမ်ဒို ဒိုဘုခ်၊ ဒုတိယ(ငွေ)တံဆိပ်နှင့်အတူ တိုက်ကွမ်ဒိုနှစ်ထပ် ခြေကန်ပက် ၁၊ တတိယ(ကြေး)တံဆိပ်နှင့်အတူ တိုက်ကွမ်ဒိုရိုးရိုးခြေကန် ပက် ၁    အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ပြီး   သက်တန်းအလိုက်၊ ကာလာအဆင့်နှင့် ခါးစည်းအနက်အဆင့်အမျိုးအစား နှစ်မျိုးခွဲ၍ ရွှေ တံဆိပ် အများဆုံး၊ ငွေတံဆိပ်အများဆုံး၊ ကြေးတံဆိပ်အများဆုံးအပေါ် မူတည်ပြီး   ကာလာအဆင့်တံခွန်စိုက်ဖလား  ပထမဖလားနှင့်အတူ ရေခဲသေတ္တာ၊ ဒုတိယဖလားနှင့်အတူ   တီဗွီ၊  တတိယဖလားနှင့်အတူ  ဒီဗွီဒီ၊   ခါစည်း အနက်အဆင့် တံခွန်စိုက်ပထမဖလားနှင့်အတူ ရေခဲသေတ္တာ၊ ဒုတိယ ဖလားနှင့်အတူ တီဗွီ၊ တတိယဖလားနှင့်အတူ ဒီဗွီဒီများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 


ယင်းပြိုင်ပွဲတွင်    တိုင်းဒေသကြီးနှင့်   ပြည်နယ်များမှ   ကလပ် အသင်းများ၊ ၀န်ကြီးဌာနမှအသင်းများ၊ အားကစားနှင့် ကာယပညာ (သိပ္ပံ)ကျောင်းများမှ အားကစားသမားစုစု‌ပေါင်း ၁၆၀ ခန့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို  နို၀င်ဘာ  ၇  ရက်တွင် ဆက်လက်ကျင်းပ သွားဖြစ်ကြောင်း သိရသည်။                                                         

အာကာစိုး