(ယမန်နေ့မှအဆက်)
(ဃ) မည်သူမဆို မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်းနှင့် အခန်းငှားရမ်းခြင်းတို့မှရရှိသော စုစုပေါင်းငှားရမ်းခရငွေအပေါ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ပြီးနောက် ကျန်ဝင်ငွေအပေါ် တစ်ဆယ် ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်သီးခြားစည်းကြပ်ရမည်။ အခြားဝင်ငွေများနှင့်ပူးပေါင်း၍ ထပ်မံစည်းကြပ်ခြင်း မပြုရ။ သို့ရာတွင် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပေးသည့် ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သောလုပ်ငန်းများ၊ ကုမ္ပဏီများ၊ သမဝါယမအသင်းများဖြစ်ပါက အခွန်ထမ်း အမျိုးအစားအလိုက် သီးခြားသတ်မှတ်ပေးထားသော အခွန်နှုန်းများဖြင့် ဝင်ငွေခွန်စည်းကြပ် ရမည်။
( င ) အစုစပ်လုပ်ငန်းများဖြစ်ပါက ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ပြီးနောက် ကျန်ဝင်ငွေအပေါ် ပုဒ်မခွဲ (ဂ) ဇယားပါ အခွန်နှုန်းများဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။
( စ ) ဤပုဒ်မပါ အခွန်နှုန်းများသည် ဝင်ငွေရရှိသူတစ်ဦးဦး သို့မဟုတ် ဝင်ငွေအမျိုးအစား တစ်ရပ်ရပ် နှင့်စပ်လျဉ်း၍ သီးခြားအခွန်နှုန်း သတ်မှတ်ထားသည့် အခွန်ထမ်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ။
၂၀။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) နှင့် (၂) တို့အရ အခြေခံသက်သာခွင့် ခွင့်ပြု ငွေသည် ဝင်ငွေအမျိုးအစားတစ်ခုစီ၏ ၂၀ ရာခိုင်နှုန်းနှင့်ညီမျှသောငွေ ဖြစ်ရမည်။ သို့ရာတွင် နှစ်တစ်နှစ် အတွက် အခြေခံသက်သာခွင့် ခွင့်ပြုငွေစုစုပေါင်းသည် ကျပ်သိန်း ၁၀၀ ထက် မပိုစေရ။
၂၁။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ သက်သာခွင့် ခွင့်ပြုငွေမှာ အောက်ပါ အတိုင်းဖြစ်သည် -
(က) အတူနေမိဘတစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ၊
( ခ ) အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင် ကျပ် ၁၀ သိန်း၊
( ဂ ) သားသမီးတစ်ဦးလျှင် ကျပ် ၅ သိန်းစီ။
၂၂။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ပြည်ပနေနိုင်ငံသား၏ ကင်းလွတ်ခွင့်ရရှိသည့် ဝင်ငွေခေါင်းစဉ်မှအပ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။
၂၃။ Coronavirus Disease 2019 (COVID-19) ကပ်ရောဂါကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တိုးတက်မှုရှိလာစေရေး အားပေးမြှင့်တင်ရန်အလို့ငှာ -
(က) အောက်ဖော်ပြပါ အခွန်ထမ်းအမျိုးအစားများနှင့်ပတ်သက်၍ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စုစုပေါင်းအသားတင်အမြတ်ဝင်ငွေအပေါ် ၂၂ ရာခိုင်နှုန်း ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည် -
(၁) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရဖြစ်စေ၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေအရ ဖြစ်စေ မြန်မာနိုင်ငံ၌ မှတ်ပုံတင်၍ ဖွဲ့စည်းတည်ထောင်ထားသည့်ကုမ္ပဏီ၊
(၂) ပြည်ပနေနိုင်ငံခြားသား၏ လစာခေါင်းစဉ်မှတစ်ပါး အခြားဝင်ငွေ၊
(၃) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပေးသည့် ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက် သောလုပ်ငန်း၊
(၄) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ။
( ခ ) အခြေခံသမဝါယမအသင်းမှအပဖြစ်သော သမဝါယမအသင်းများ၏ အသားတင် အမြတ်ဝင်ငွေမှ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ပြီးနောက် ကျန်ဝင်ငွေ အပေါ် ၂၂ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။
၂၄။ ပြည်ပနေနိုင်ငံခြားသားဖြစ်လျှင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုရ။ ယင်း၏စုစုပေါင်းဝင်ငွေအပေါ် လစာခေါင်းစဉ်မှဝင်ငွေဖြစ်ပါက ဤဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းများအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။
၂၅။ (က) ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များနုတ်ပယ်ခြင်းမပြုဘဲ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။ သို့ရာတွင် Coronavirus Disease 2019 (COVID-19) ကပ်ရောဂါကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တိုးတက်မှုရှိလာစေရေး အားပေး မြှင့်တင်ရန်အလို့ငှာ နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည် ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက် ခြင်းတို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေ အား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း အောက်ဖော်ပြပါ အခွန်နှုန်းအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအားလုံး အပေါ် ဝင်ငွေရလမ်း အတိအကျတင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန်မလို။ ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်း တို့နှင့်လည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ-
( ခ ) ပုဒ်မခွဲ (က) ပါ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေဆိုသည်မှာ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မတိုင်မီ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေကိုဆိုသည်။
( ဂ ) ပုဒ်မခွဲ (က) ပါ အခွန်နှုန်းများသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိသာ အကျိုးသက်ရောက်စေရမည်။
(ဃ) ပုဒ်မခွဲ (က) ပါ အခွန်နှုန်းများကို နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် နိုင်ငံတကာ သက်ရောက်မှုအခြေအနေများကိုသုံးသပ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြင်ဆင် သတ်မှတ်မှုများကို ဆောင်ရွက်ရန်လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်။
၂၆။ သမဝါယမအသင်းဥပဒေအရ မှတ်ပုံတင်ဖွဲ့စည်းထားသည့် အခြေခံသမဝါယမအသင်းများ၏ အသားတင်အမြတ်ဝင်ငွေမှ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ် ပြီးနောက် ကျန်ဝင်ငွေအပေါ် ဤဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းများဖြင့် ဝင်ငွေခွန် စည်းကြပ် ရမည်။
၂၇။ အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေရရှိလျှင် ထိုသို့မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် ဝင်ငွေ ခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ-
(က) မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင် သည့် ကုမ္ပဏီဖြစ်ပါက အောက်တွင် မြတ်စွန်းငွေနှင့်ယှဉ်တွဲဖော်ပြထားသော အခွန်နှုန်းများ အတိုင်း ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်-
မြတ်စွန်းငွေ ပေးဆောင်ရမည့်ဝင်ငွေခွန်နှုန်း
(၁) ညီမျှကျပ်သန်းပေါင်း (၁၀၀,၀၀၀) အထိ ၄၀ ရာခိုင်နှုန်း
(၂) ညီမျှကျပ်သန်းပေါင်း (၁၀၀,၀၀၀) အထက်မှ ၄၅ ရာခိုင်နှုန်း
(၁၅၀,၀၀၀) အထိ
(၃) ညီမျှကျပ်သန်းပေါင်း (၁၅၀,၀၀၀) အထက် ၅၀ ရာခိုင်နှုန်း
( ခ ) မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင် လုပ်ကိုင်သော ကုမ္ပဏီမှအပဖြစ်သည့် ပုဂ္ဂိုလ်စုများ သို့မဟုတ် တစ်ဦးချင်း ပုဂ္ဂိုလ်ဖြစ်ပါက မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် တစ်ဆယ် ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။ ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက ကျသင့်အခွန်ကို ရရှိသည့် ငွေကြေး အမျိုးအစားဖြင့် ပေးဆောင်ရမည်။
၂၈။ နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုလုပ်သည့် အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည် ကျပ်သိန်း ၁၀၀ ထက်မပိုလျှင် အခြေပစ္စည်းမှမြတ်စွန်းငွေ ပေါ်ပေါက်စေကာမူ ဝင်ငွေခွန် မကျသင့်စေရ။
၂၉။ အသစ်ထူထောင်သော စက်မှုလက်မှုကို အခြေခံသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း များအတွက် လုပ်ငန်းစတင်သောနှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလအတွင်း နှစ်တစ်နှစ် စုစုပေါင်းအသားတင်အမြတ်ဝင်ငွေကျပ်သိန်း ၁၀၀ ထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုသည်။ ဖော်ပြပါ ဝင်ငွေထက် ပိုမိုရရှိပါက ပိုမိုရရှိသည့်ဝင်ငွေအပေါ်တွင်သာ ဝင်ငွေခွန်စည်းကြပ်ရမည်။
၃၀။ အခြေပစ္စည်းမှမြတ်စွန်းငွေခေါင်းစဉ်မှအပ ကျန်ဝင်ငွေခေါင်းစဉ်များအတွက် နိုင်ငံခြားငွေဖြင့် ဝင်ငွေ ရရှိလျှင် ယင်းဝင်ငွေအပေါ်တွင် ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈ ပါ ပြဋ္ဌာန်းချက်နှင့်အညီ တွက်ချက်၍ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားဖြစ်ပါက ကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပနေ နိုင်ငံခြားသားဖြစ်ပါက ရရှိသည့်ငွေကြေးအမျိုးအစားဖြင့်လည်းကောင်း ဝင်ငွေခွန် ပေးဆောင်ရမည်။
၃၁။ (က) အောက်ဖော်ပြပါ ဝင်ငွေတစ်ရပ်ရပ် သို့မဟုတ် ဝင်ငွေအမျိုးအစားတစ်ရပ်ရပ်အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုသည်-
(၁) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်းအစီအစဉ်အရ နှစ်တစ်နှစ်အတွင်း ဆုငွေကို တစ်ကြိမ် တည်း ရရှိခြင်းဖြစ်စေ၊ အကြိမ်ကြိမ်ရရှိခြင်းဖြစ်စေ ရရှိသည့် စုစုပေါင်းဝင်ငွေ၊
(၂) တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်း အစီအစဉ်အရ နှစ်တစ်နှစ် အတွင်း ဆုငွေကို တစ်ကြိမ်တည်း ရရှိခြင်းဖြစ်စေ၊ အကြိမ်ကြိမ်ရရှိခြင်းဖြစ်စေ ရရှိသည့် စုစုပေါင်းဝင်ငွေ၊
(၃) နိုင်ငံတော်မှချီးမြှင့်သော ဘွဲ့ထူးဂုဏ်ထူးတံဆိပ်များနှင့်အတူ ရရှိသည့် ချီးမြှင့်ငွေများ၊
(၄) ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေ၊
(၅) အစိုးရအောင်ဘာလေသိန်းဆု ဆုမဲမှ ထုတ်ယူရရှိငွေ၊
(၆) အငြိမ်းစားယူသည့်အခါ ရရှိသည့်ပင်စင်၊ ပင်စင်မှပြောင်းလဲ၍ ရရှိသောငွေနှင့် လုပ်သက် ဆုငွေ (Gratuity)၊
(၇) ရှေးဟောင်းပစ္စည်းတွေ့ရှိမှုအပေါ် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေ။
( ခ ) အောက်ဖော်ပြပါကိစ္စရပ်များအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များပြုနိုင်သည်-
(၁) ပြည်တွင်းပြည်ပအဖွဲ့အစည်းများက နိုင်ငံတော်သို့ လှူဒါန်းငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင် ရွက်သည့်လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဝင်ငွေခွန်ကိစ္စရပ်များ၊
(၂) ငွေချေးသက်သေခံလက်မှတ် စျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ဝင်ငွေခွန် ကိစ္စရပ်များ။
၃၂။ ဤဥပဒေ၏ အခန်း (၇) တွင် ဖော်ပြပါရှိသော စကားရပ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ဝင်ငွေခွန် ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေရမည်။
အခန်း (၈)
ရတနာခွန်
၃၃။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၃၈ အရ အောက်ဇယားပါ ကျောက်မျက်ရတနာများကို ရောင်းချခြင်းဖြစ်ပါက အမှန်တကယ်ရောင်းချသည့် တန်ဖိုးအပေါ်တွင်လည်းကောင်း၊ အမှန်တကယ် ရောင်းချသည့် တန်ဖိုးအပေါ် အခြေပြု၍ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက သတ်မှတ် သည့် ရောင်းစျေးတန်ဖိုးအပေါ်တွင်လည်းကောင်း၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးအပေါ်တွင် လည်းကောင်း ယင်းတို့နှင့် ယှဉ်တွဲဖော်ပြပါ အခွန်နှုန်းများအတိုင်း ရတနာခွန်ကျသင့်စေရမည်။ ကောက်ခံ ရရှိသည့် ရတနာခွန်နှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ သက်ဆိုင်ရာဘဏ်စာရင်းသို့ လွှဲပြောင်းပေးသွင်းရမည် -
အခန်း (၉)
အခြားအခွန်အကောက်ဆိုင်ရာကောက်ခံရမည့်နှုန်းထားများ
၃၄။ သက်ဆိုင်ရာဝန်ကြီးဌာနများသည် အောက်ဖော်ပြပါ အခွန်တစ်ရပ်ရပ်၏ ကောက်ခံရမည့် နှုန်းထားများ၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်တို့ကို တည်ဆဲဥပဒေနှင့်အညီ စီမံဆောင်ရွက်ရမည် -
(က) ယစ်မျိုးခွန်၊
( ခ ) သွင်းကုန်အတွက်လိုင်စင်ကြေး၊ ပါမစ်ကြေးများ၊
( ဂ ) မြန်မာနိုင်ငံအောင်ဘာလေသိန်းဆု၊
(ဃ) မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခငွေများ၊
( င ) ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်၊
( စ ) ခရီးလှည့်လည်ရေးလိုင်စင်၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင်၊ ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင် များအတွက် လိုင်စင်ကြေး၊
(ဆ) အကောက်ခွန်၊
( ဇ ) မြေယာပေါ်တွင်ကောက်ခံသည့်အခွန်၊
( ဈ ) ရေခွန်၊
(ည) တာတမံခွန်၊
( ဋ ) သစ်တောများမှ ပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့်သစ်တောခွန်၊
( ဌ ) ဓာတ်သတ္တုပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် (စက်မှုကုန်ကြမ်း တွင်းထွက် နှင့် အလှဆင်ကျောက်များမပါ)၊
( ဍ ) ငါးလုပ်ငန်းဆိုင်ရာအခွန်အခ၊
( ဎ ) ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်၊
(ဏ) ဓာတ်သတ္တုခွန်နှင့် တွင်းဝခွန်၊
(တ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့်အခွန်အခ၊
(ထ) ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့် ဓာတ်အားခ၊
( ဒ ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ ကောက်ခံ ရရှိသည့် အခွန်။
အခန်း (၁၀)
အထွေထွေ
၃၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းဆောင်ရွက်ရမည်။
၃၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်အတွင်း ထုတ်လုပ်သည့်ကုန်စည်များနှင့် ပြည်ပမှ တင်သွင်း သည့်ကုန်စည်များ ဈေးကွက်အတွင်း ယှဉ်ပြိုင် ရောင်းချနိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းကုန် ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကမှီတည်ဆောင်ရွက်နေရသည့် ပြည်တွင်းစိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများ၊ နိုင်ငံတော်အတွင်း ဆောင်ရွက်လျက်ရှိကြသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းတိုးတက်လာစေရန်လည်းကောင်း နိုင်ငံတော်မှ ပါဝင်လက်မှတ် ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ အောက်ပါတို့ကို ဆောင်ရွက်ပေးရမည်-
(က) ကုန်စည်များ တင်သွင်းခွင့်ပြုသည့်ပမာဏ၊ အကောက်ခွန်နှုန်းများနှင့်စပ်လျဉ်း၍ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့နှင့် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်များမူဘောင်အတွင်းမှ အာဆီယံဒေသတွင်း နိုင်ငံများနည်းတူ အမြင့်ဆုံးရရှိနိုင်သည့်အခွင့်အရေး၊ သက်သာခွင့်များရရှိစေနိုင်ရန် ဆောင်ရွက်ပေးခြင်း၊
( ခ ) အကောက်ခွန်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေ၊ ပို့ကုန်သွင်းကုန် ခွင့်ပြုခြင်းနှင့် ခွဲတမ်း သတ်မှတ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေ လိုအပ်သည့် အစီအမံများကို ဆောင်ရွက်ပေးခြင်း။
၃၇။ (က) ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ပေးဆောင်ထိုက်သူများ ဥပဒေနှင့်အညီ ခံစားနိုင်သော အခွန်ဆိုင်ရာသက်သာခွင့်၊ ကင်းလွတ်ခွင့်များကို ပြည်သူများအား အသိပေးခြင်း၊ သက်သာ ခွင့်များနှင့်အညီ အခွန်ကောက်ခံရာတွင် တွက်ချက်ခွင့်ပြုပေးခြင်း၊ အခွန်ဆိုင်ရာ တာဝန် ကျေပွန်သည့် အခွန်ဝန်ထမ်းများ၊ အခွန်ထမ်းပြည်သူများအား အသိအမှတ်ပြုခြင်းနှင့် ထိုက်သင့် သော ချီးမြှင့်မှုများ စီမံဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးရမည်။
( ခ ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အခွန်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပုဒ်မခွဲ (က) ပါ လုပ်ငန်းရပ်များကို အကောင်အထည် ဖော်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေ၌ ပြည်တွင်းအခွန်များဦးစီးဌာန၏ သာမန်အသုံးစရိတ်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုပေးနိုင်သည်။
( ဂ ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပုဒ်မခွဲ (ခ) ပါ အသုံးစရိတ်များအား အခွန်ကောက်ခံ မှုဆိုင်ရာ လုပ်ငန်းတာဝန်ကျေပွန်သည့် နိုင်ငံ့ဝန်ထမ်းများကို ဆုကြေးငွေ ချီးမြှင့်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲနိုင်သည်။
၃၈။ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များ ရရှိပိုင်ဆိုင်ထားခြင်းအတွက် အောက်ဖော်ပြပါ ကောက်ခံရဒဏ်ကြေးငွေများ၏ ၂၀ ရာခိုင်နှုန်းကို သတင်းပေးတင်ပြသူအားလည်းကောင်း၊ ၃၀ ရာခိုင်နှုန်း ကို ရှာဖွေဖမ်းဆီးသူအားလည်းကောင်း ဆုကြေးအဖြစ် ချီးမြှင့်ရမည်။ သတင်းပေးတင်ပြသူ မည်သူမည်ဝါ ဖြစ်ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ထုတ်ဖော်ခြင်းမပြုရ-
(က) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အခွန်မပေး ဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ရရှိပိုင်ဆိုင်ထားသူနှင့် သတ်မှတ်အခွန်အမှတ် တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်သည့် အထူးကုန်စည် ထုတ်လုပ်သူတို့အပေါ် အထူးကုန်စည် ခွန်ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မခွဲ (စ) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေများ၊
( ခ ) ကျန်အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ရရှိပိုင်ဆိုင်ထားသူအပေါ် အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေ။
၃၉။ (က) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (စ) တွင် မည်သို့ပင်ပါရှိစေကာမူ ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကို ထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင် မှုရယူသူထံသို့ ထုတ်ပေးရန် ပျက်ကွက်ခြင်း သို့မဟုတ် ပြေစာအားထုတ်ပေးသော်လည်း ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများဖြင့် သတ်မှတ်ထားသော ကျသင့်အခွန်တန်ဖိုးအတိုင်း အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းတို့ကို မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိပါက ယင်းသို့ပျက်ကွက်ခြင်းအတွက် ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားတန်ဖိုးအပေါ် ထပ်မံပေးဆောင်ရမည့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေး ငွေအဖြစ် ပေးဆောင်စေရမည့်အပြင် ပျက်ကွက်မှုအကြိမ်အလိုက် အောက်ပါငွေပမာဏကိုပါ ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်-
(၁) ပထမအကြိမ်ပျက်ကွက်ခြင်းအတွက် ကျပ် ၅ သိန်း၊
(၂) ဒုတိယအကြိမ်ပျက်ကွက်ခြင်းအတွက် ကျပ် ၁၀ သိန်း၊
(၃) တတိယအကြိမ်ပျက်ကွက်ခြင်းအတွက် ကျပ် ၁၅ သိန်း၊
(၄) တတိယအကြိမ်အထက် ပျက်ကွက်ခြင်းအတွက် ကျပ်သိန်း ၂၀ ။
( ခ ) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် ကုန်စည်နှင့်စပ်လျဉ်း၍ သတ်မှတ်အခွန် အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိဘဲရောင်းချကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေး တွေ့ရှိပါက အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော ကုန်စည်ကို လက်ရှိပိုင်ဆိုင်ထား ခြင်းအတွက် လက်ဝယ်ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေး ငွေအဖြစ် ပေးဆောင်ရမည်။
၄၀။ ပြည်ထောင်စုအစိုးရအဖွဲ့သည် အောက်ဖော်ပြပါ ကောက်ခံရဒဏ်ကြေးငွေများနှင့်စပ်လျဉ်း၍ ဆုကြေးငွေချီးမြှင့်ခြင်းကို အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်-
(က) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ပြေစာ သို့မဟုတ် ငွေလက်ခံရရှိ ကြောင်း အထောက်အထားကိုထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှု ရယူသူ ထံသို့ ထုတ်ပေးရန် ပျက်ကွက်ခြင်း၊ ပြေစာအား ထုတ်ပေးသော်လည်း ကျသင့်အခွန်တန်ဖိုးနှင့် ညီမျှသော အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် ဤဥပဒေ ပုဒ်မ ၃၉၊ ပုဒ်မခွဲ (က) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေ၊
( ခ ) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရန် သတ်မှတ်ထားသော ကုန်စည်နှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့်အတိုင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိဘဲ ရောင်းချခြင်း အတွက် ဤဥပဒေ ပုဒ်မ ၃၉၊ ပုဒ်မခွဲ (ခ) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေ။
၄၁။ ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းအတွက် သက်ဆိုင်ရာဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ အကူးအပြောင်းကာလအတွင်း အခွန်ကောက်ခံမှုဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၄၂။ နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း၍ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်၊ လိုက်နာ ကျင့်သုံးရန်သတ်မှတ်ချက်၊ အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက် စသည်တို့သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည် -
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ