၂၀၂၁ ခုနှစ် တစ်နှစ်တာ အားကစားဆိုင်ရာ အကောင်းဆုံးဆုကို ရာဒူကာနူ ဆွတ်ခူး


 

ဆယ်ကျော်သက် ယူအက်စ်အိုးပင်းတင်းနစ် ချန်ပီယံ အမ်မာ ရာဒူကာနူသည် ဘီဘီစီက ရွေးချယ်ချီးမြှင့်သည့်     ၂၀၂၁      ခုနှစ် အားကစားဆိုင်ရာတစ်နှစ်တာ အကောင်း ဆုံးဆုကို   ဆွတ်ခူးရရှိခဲ့ကြောင်း  သတင်း များတွင် ဖော်ပြထားသည်။ အသက် ၁၈ နှစ်အရွယ်   ရာဒူကာနူသည်   ဗြိတိန်၏ နှစ်ပေါင်း ၄၄ နှစ်ကြာ  အမျိုးသမီး  ဂရင်း ဆလမ်း တစ်ဦးချင်းချန်ပီယံဆုနှင့် ဝေးကွာ နေမှုအား ကနေဒါတင်းနစ်မယ် လေလာ ဖာနန်ဒက်စ်ကို ၆-၄၊ ၆-၃ ဖြင့် အနိုင်ယူကာ အဆုံးသတ်နိုင်ခဲ့သူ ဖြစ်သည်။ 
အဆိုပါ    ဆုပေးပွဲတွင်  ဒိုင်ဗင်သမား တွန်ဒါလေးက ဒုတိယရရှိပြီး ရေကူးသမား အဒမ်ပီတီက  တတိယနေရာ  ရရှိခဲ့သည်။ ထို့အပြင်   မန်စီးတီးအသင်းနှင့်  အင်္ဂလန် တိုက်စစ်ကစားသမား  ရာဟင်စတားလင်း၊ လက်ဝှေ့သမား တိုင်ဆန်ဖျူရီနှင့် ဗြိတိန်၏ အအောင်မြင် ဆုံး   မသန်စွမ်း အားကစားသမား   ဆာရာစတိုရေးတို့သည်     အဆိုပါ ဆုရွေးချယ်ပွဲတွင်  ဆန်ခါတင်စာရင်းသို့    ပါဝင်ခဲ့ကြ သည်။   မသန်စွမ်းအားကစားသမား   ဆာရာစတိုရေးသည်  ၂၀၂၀   တိုကျို   မသန်စွမ်းအားကစားပြိုင်ပွဲတွင်   ၎င်း၏  ၁၇  ခုမြောက် ရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။ 
လက်ရှိကမ္ဘာ့အဆင့် (၁၉) နေရာတွင်  ရပ်တည်နေသည့်   ဗြိတိန်နံပါတ်တစ်   တင်းနစ်မယ်   ရာဒူကာနူသည်   ၁၉၇၇  ခုနှစ်  ဗာဂျီနီးယားဝဒီ နောက်ပိုင်း ဘီဘီစီက  ရွေးချယ်ချီးမြှင့် သည့် အားကစားဆိုင်ရာ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိသည့် ပထမဆုံးအမျိုးသမီး တင်းနစ်မယ် ဖြစ်လာခဲ့သည်။   ရာဒူကာနူသည် ၂၀၀၄ ခုနှစ် မာရီယာရှာရာပိုဗာ   နောက်ပိုင်း ဂရင်းဆလမ်း  ချန်ပီယံဆုကို  ဆွတ်ခူးနိုင်သည့် အသက် အငယ်ဆုံး    တင်းနစ်မယ်အဖြစ်လည်း   မှတ်တမ်းတင် ထားသူဖြစ်သည်။ 
၂၀၂၁  ခုနှစ် အားကစားဆိုင်ရာ တစ်နှစ်တာ အကောင်း ဆုံးဆုပေးပွဲတွင် အင်္ဂလန်နည်းပြ ဂါးရက်ဆောက်ဂိတ်က    တစ်နှစ်တာ  အကောင်းဆုံး နည်းပြဆုကို   ဆွတ်ခူးရရှိခဲ့ပြီး  တစ်နှစ်တာ  အကောင်းဆုံးအသင်းအဖြစ် အင်္ဂလန်အမျိုးသား အသင်းက   ရရှိခဲ့သည်။  နည်းပြဆောက်ဂိတ်သည်   ယူရို   ၂၀၂၀   ဗိုလ်လုပွဲသို့  အင်္ဂလန်အသင်းကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ ထို့ပြင် ဆောက်ဂိတ်သည် အင်္ဂလန်အသင်းကို ၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲ  ခြေစစ်ပွဲ   အောင်မြင်အောင်လည်း ကူညီပေးထားနိုင်သူဖြစ်သည်။  
အောင်ဇော်