
ရန်ကုန် ဇွန် ၃၀
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇူလိုင် ၄ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် ၂၀၂၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမားများ ရွေးချယ်လိုက်ပြီဖြစ်သည်။
ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်- ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြများ- ဒေါ်စန်းစန်းမော်၊ ဒေါ်အေးနန္ဒာ လှိုင်၊ ဒေါ်နုနုခိုင်ဝင်း၊ ဂိုးနည်းပြ- ဦးယဉ်မင်းအောင်၊ ကစား သမားများအဖြစ် ဂိုးသမား- မေဇင်နွယ်၊ ဇူးလတ်နဒီ၊ မျိုးမြမြ ငြိမ်း၊ နောက်တန်း- ဖြူဖြူဝင်း၊ ချစ်ချစ်၊ ခင်သန်းဝေ၊ နန့်ဇူးဇူး ထက်၊ အေးအေးမိုး၊ မေဖူးကို၊ ခင်မျိုးဝင်း၊ မိုးမမစိုး၊ ခိုင်သဇင်၊ ဇွန်ယုယဦး၊ အလယ်တန်း- ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ပုံ့ပုံ့ပြည့်မောင်၊ ဝင်းဝင်း၊ နှင်းပွင့်အေး၊ လင်းမြင့်မိုရ်၊ ဝေဖူးအိမ်၊ နော်ထက်ထက်ဝေ၊ ယဉ်လွန်းအိမ်၊ ခင်မိုးဝေ၊ ရှေ့တန်း- ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော်၊ မြတ်နိုးခင်နှင့် စန်းသော်သော်တို့ ပါဝင်ကြသည်။ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းကို အခြေခံ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယူ-၁၈ အမျိုးသမီးအသင်းမှ ကစား သမားအချို့လည်း ရွေးချယ်ခံထားရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲ အတွက် ဇွန် ၆ ရက်တွင် စတင်လေ့ကျင့်ခဲ့သော်လည်း ဇွန် ၉ ရက်မှ ကစားသမားအစုံအလင် လေ့ကျင့်နိုင်ခြင်းဖြစ်သည်။ ယခုပြိုင်ပွဲကို ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအပြီး တစ်လကျော် အကြာတွင် ကျင်းပခြင်းဖြစ်သောကြောင့် မြန်မာအပါအဝင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြင်ဆင်ချိန်နည်းပါးမည် ဖြစ်သည်။
၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင် နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တီမော၊ လာအိုတို့နှင့် အုပ်စု (ခ) တွင် ပါဝင်နေ သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ဇူလိုင် ၂ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
ရဲရင့်လွင်