
ရန်ကုန် ဩဂုတ် ၁၁
၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံ ရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၁၂ ရက် (ယနေ့) ဆက်လက်ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းသည် တတိယနေရာလုပွဲအဖြစ် ထိုင်း အသင်းနှင့် ကစားရမည်ဖြစ်သည်။
တတိယနေရာ လုပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် မြန်မာအသင်းနှင့် ထိုင်းအသင်း၊ ဗိုလ်လုပွဲအဖြစ် မြန်မာစံတော်ချိန် ည ၇ နာရီခွဲ တွင် အိမ်ရှင် အင်ဒိုနီးရှားအသင်း နှင့် ဗီယက်နမ်အသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
မြန်မာအသင်းသည် ယခုပြိုင်ပွဲတွင် ပြသနေ သည့် ခြေစွမ်းအရ ဗိုလ်လုပွဲတက်ရောက်နိုင်သည့် အခြေအနေရှိသော်လည်း ပယ်နယ်တီ အဆုံးအဖြတ် တွင် ကံမကောင်းခဲ့သဖြင့် တတိယလုပွဲသာ ကစားရ ခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်တွင် အိမ်ရှင်အင်ဒိုနီးရှား အသင်းကို ပယ်နယ်တီအဆုံးအဖြတ်၌ အရေးနိမ့်ခဲ့ သဖြင့် တတိယလုပွဲကစားရခြင်းဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုပွဲများတွင် ရှုံးပွဲမရှိဘဲ နှစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် အုပ်စုပထမရကာ ဆီမီးဖိုင်နယ် တက်ရောက်လာပြီး ဆီမီးဖိုင်နယ်တွင်လည်း အင်ဒိုနီးရှားကို ပွဲချိန်အတွင်း သရေကစားနိုင်ခဲ့ပြီး ပယ်နယ်တီကျမှ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းနှင့် တတိယလုပွဲကစားရမည့် ထိုင်းအသင်းသည် အုပ်စု (ခ) တွင် နှစ်ပွဲနိုင်၊ တစ်ပွဲ သရေ ခုနစ်မှတ်ဖြင့် အုပ်စုပထမရရှိကာ တက်ရောက် လာသော်လည်း ဆီမီးဖိုင်နယ်တွင် အကောင်းဆုံး အုပ်စုဒုတိယဖြင့် တက်ရောက်လာသည့် ဗီယက်နမ် အသင်းကို နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့သဖြင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲကစားရမည့် အင်ဒိုနီးရှားနှင့် ဗီယက်နမ် အသင်းသည် အုပ်စု (က) တွင် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရထားသည်။
မြန်မာအသင်းသည် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆုနှစ်ကြိမ်၊ ဒုတိယ နှစ်ကြိမ်၊ တတိယ တစ်ကြိမ် ရရှိဖူးပြီး ၂၀၁၅ ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ပြီးနောက်ပိုင်း ယခု အကြိမ်အပါအဝင် နောက်ဆုံး ငါးကြိမ်ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်းမရှိတော့ပေ။
မြန်မာအသင်းသည် ၂၀၁၈ ပြိုင်ပွဲတွင် တတိယ လုပွဲ ကစားခဲ့ရသော်လည်း မလေးရှားအသင်းကို အရေးနိမ့်ကာ ဆုနှင့် လွဲချော်ခဲ့သည်။ ထို့ကြောင့် မြန်မာ အသင်းသည် ယခုအကြိမ်တွင် တတိယဆုရရှိအောင် ကြိုးပမ်းရမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF