2022 AFF Cup ပြိုင်ပွဲ ဗိုလ်လုပွဲ ပထမအကျော့တွင် သရေရလဒ်ဖြင့်ပြီးဆုံး

 

2022  AFF Cup  ပြိုင်ပွဲ  ဗိုလ်လုပွဲ  ပထမ အကျော့ကို ဇန်နဝါရီ ၁၃ ရက်က ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ရှိ မိုင်ဒင်းကွင်း၌ ကျင်းပရာ ဗီယက်နမ်နှင့် လက်ရှိချန်ပီယံ ထိုင်းအသင်း တို့ နှစ်ဂိုးစီသရေကျခဲ့သည်။

 


လက်ရှိချန်ပီယံ       ထိုင်းအသင်း သည်      နာမည်ကြီး   ဗီယက်နမ်ကို   အဝေးကွင်းတွင်    သရေကစားနိုင်သဖြင့် ချန်ပီယံဆု ကာကွယ်နိုင်ရန် အခြေအနေ ကောင်းသွားခဲ့သည်။ ဗီယက်နမ်အသင်းမှာမူ အိမ်ကွင်းသရေရလဒ်ကြောင့် ဒုတိယအကျော့ အဝေးကွင်းတွင် ရုန်းကန် ရတော့မည်ဖြစ်သည်။

 


နှစ်သင်းစလုံး   အမာခံကစားသမားအများစုဖြင့်  ပွဲထွက်ခဲ့ပြီး  ပွဲအစပိုင်းတွင် ဗီယက်နမ်အသင်းက ဖိကစားနိုင်ခဲ့သည်။ ၂၄ မိနစ်တွင် ဗီယက်နမ်အသင်း   ဂိုးစတင်ရရှိခဲ့ပြီး  တိုက်စစ်မှူး  ငုယင်သီလင်က ခေါင်းတိုက်ပြီး ဂိုးစတင်သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် ထိုင်းအသင်း ချေပဂိုးပြန်လည်ရရှိရန်   ကြိုးပမ်းခဲ့ပြီး  ဗီယက်နမ် ဂိုးသမား   ကာကွယ်နိုင်သဖြင့်   ပထမပိုင်းတွင်    ဂိုးမပေးခဲ့ရသော်လည်း ဒုတိယပိုင်းအစတွင် ဂိုးပြန်ပေးခဲ့ရသည်။ ထိုင်းအသင်းအတွက် ချေပဂိုးကို ၄၈  မိနစ်တွင်  ပိုရာမတ်က   သွင်းယူခဲ့သည်။   ဗီယက်နမ်အသင်း၏ ယခုပြိုင်ပွဲတွင်   ခြောက်ပွဲဆက်တိုက်  ပေးဂိုးမရှိမှတ်တမ်းမှာ    ခုနစ်ပွဲ မြောက်တွင် ကျိုးပျက်ခဲ့ပြီး ပထမဆုံး ဂိုးပေးခဲ့ရသည်။

 


ချေပဂိုးရပြီးနောက် ထိုင်းအသင်း ကစားပုံပိုကောင်းလာပြီး ၆၃ မိနစ်တွင် ယိုရန်က ဗီယက်နမ်ခံစစ်အမှားကို အခွင့်ကောင်းယူကာ ဒုတိယဂိုးသွင်းယူခဲ့သည်။ ခံစစ်အားနည်းမှုကြောင့် ဗီယက်နမ်အသင်း ဂိုးများပေးလိုက်ရပြီး နောက်မှလိုက်ကစားခဲ့ရာ  ချေပဂိုးကို ၈၇ မိနစ်တွင် ဗန်ထရန်ဗူက အဝေးကန်ချက်ဖြင့် ရယူခဲ့သည်။
ဗိုလ်လုပွဲ  ဒုတိယအကျော့ကို  ဇန်နဝါရီ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။          

ရဲရင့်လွင်၊ ဓာတ်ပုံ-FAT