
ရန်ကုန် နိုဝင်ဘာ ၂၉
၂၀၂၂ AFF Cup ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း(အောက်ပုံ)သည် ပထမဆုံးခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၂၉ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီက ထိုင်းကလပ် ချောင်ဘူရီအသင်းနှင့် ယှဉ်ပြိုင် ကစားရာ လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပထမဆုံးခြေစမ်းပွဲတွင် ရလဒ်ကောင်းရယူနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ယင်းပွဲတွင် ကျော်ဇင်ဖြိုး (ဂိုး)၊ ဟိန်းဇေယျာလင်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ သီဟထက်အောင်၊ လှိုင်းဘိုဘို၊ အောင်နိုင်ဝင်း၊ ရန်နိုင်ဦး၊ ရဲရင့်အောင်၊ အီစိုး၊ ဝင်းနိုင်ထွန်းတို့ဖြင့် ပွဲထွက်ခဲ့ပြီး ကစားသမားများ လဲလှယ် အသုံးပြုခဲ့သည်။ မြန်မာအသင်းအတွက် ဂိုးများကို ၄၅ မိနစ် တွင် ဝင်းနိုင်ထွန်း၊ ၅၁ မိနစ်တွင် နိုင်ဇင်ထက်၊ ၈၅ မိနစ်တွင် လင်းထက်စိုးနှင့် ၈၈ မိနစ်တွင် ရန်ကျော်ထွေးတို့က သွင်းယူခဲ့ သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှု များပြုလုပ်ရန် နိုဝင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ယင်းနေ့ညနေပိုင်းမှာပင် ထိုင်းထိပ်သီးကလပ် BG Pathum United F.C. အသင်း လေ့ကျင့်ရေးကွင်း၌ စတင်လေ့ကျင့်ခဲ့ သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဒီဇင်ဘာ ၁၁ ရက် အထိ ထိုင်းနိုင်ငံ၌လေ့ကျင့်မည်ဖြစ်ပြီး ဒီဇင်ဘာ ၃၊ ၇ ရက်များ တွင် ထိုင်းကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ ဒီဇင်ဘာ ၁၁ ရက်တွင်မူ ထိုင်းလက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ AFF Cup ပြိုင်ပွဲအတွက် နိုဝင်ဘာ ၁၈ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး လေးပွင့်ဆိုင် ခြေစမ်းပွဲကစားပြီးနောက် ပြည်တွင်းလိဂ်တွင် ကစားနေသူများအနက် ၂၅ ဦး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပြည်ပကလပ်များတွင် ကစားနေသူများမှာ ထိုင်းနိုင်ငံသို့ လာရောက်ပူးပေါင်းမည် ဖြစ်ပြီး ကစားသမား ၃၀ ဝန်းကျင်ဖြင့် လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF