
နေပြည်တော် ဇူလိုင် ၂၀
ပိုက်ကျော်ခြင်း မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာ စေရန်နှင့် ဝန်ကြီးဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပရာ ဌာနဆိုင်ရာအသီးသီးမှ ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာများမှ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးသည်။
ယနေ့ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းကို နှစ်ပွဲ - တစ်ပွဲ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအသင်းက နေပြည်တော်စည်ပင်အသင်းကို နှစ်ပွဲပြတ်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ပညာရေးဝန်ကြီးဌာနအသင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအသင်းကို နှစ်ပွဲပြတ်၊ စက်မှုဝန်ကြီးဌာနအသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)အသင်းကို နှစ်ပွဲပြတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းက လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်တို့ဖြင့် အနိုင်ရရှိကြသည်။
အဆိုပါပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ ၂၉ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ နေ့စဉ် နံနက် ၉ နာရီတွင် အုပ်စု ပတ်လည်ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ရာ အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်