
ရန်ကုန် နိုဝင်ဘာ ၄
လက်ရှိကျင်းပနေသည့် ၂၀၂၂ ရာသီ MNL ပြိုင်ပွဲတွင် ပြိုင်ပွဲမပြီးဆုံးမီ ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက် အသင်းသည် ရှုံးပွဲမရှိ စံချိန်ထပ်မံရယူနိုင်ရန် လက်ကျန်နှစ်ပွဲတွင် ကြိုးပမ်းသွားမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် နိုဝင်ဘာ ၃ ရက် က ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် (၁၈) တွင် ဟံသာ ဝတီအသင်းကို နှစ်ဂိုးပြတ်အနိုင်ရခဲ့သဖြင့် လက်ကျန် နှစ်ပွဲအလိုတွင် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် MNL အမှတ်ပေး ချန်ပီယံဆုကို လေးကြိမ်မြောက် ရယူနိုင်ခြင်းဖြစ်ပြီး သုံးရာသီဆက်တိုက် ရရှိခဲ့ခြင်းလည်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ ရာသီက ချန်ပီယံဆုရရှိရာတွင် ရှုံးပွဲမရှိစံချိန်ဖြင့် ရရှိခဲ့ ခြင်းဖြစ်ပြီး MNL ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးပွဲမရှိဘဲ ချန်ပီယံဆုရရှိသည့် ပထမဆုံး အသင်းအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် လည်း ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆု ထပ်မံ ရယူနိုင်ရန် နီးစပ်နေပြီး လက်ကျန်နှစ်ပွဲတွင် ရှုံးပွဲမရှိအောင် ကစားနိုင်ရုံဖြင့် ဒုတိယအကြိမ် မှတ်တမ်းကောင်း ပိုင်ဆိုင်မည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် လက်ကျန်ပွဲများ အဖြစ် GFA အသင်း၊ အား/ကာသိပ္ပံအသင်းတို့ နှင့် ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းသည် ပွဲစဉ် (၁၈) အပြီးတွင် ၁၆ ပွဲကစား ရမှတ် ၄၂ မှတ်ဖြင့် ဒုတိယနေရာ မှ ရန်ကုန်အသင်းကို ခုနစ်မှတ်ဖြတ်ကာ ချန်ပီယံဆုကို စောစီးစွာ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
MNL ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး ယခုရာသီတွင် (၁၃) ကြိမ်မြောက် အဖြစ် ကျင်းပနေကာ ချန်ပီယံဆုကို သုံးသင်း သာ ဆွတ်ခူးရရှိထားသည်။ ချန်ပီယံဆုကို ရန်ကုန်အသင်းက ငါးကြိမ်၊ ရတနာပုံနှင့် ရှမ်း ယူနိုက်တက်အသင်းက လေးကြိမ်စီ ရရှိထား ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၇ ရာသီမှသာ ပထမဆုံးဗိုလ်စွဲခဲ့သော်လည်း နောက်ဆုံးငါးရာသီအတွင်း လေးကြိမ်အထိ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်