၂၀၂၄ - ၂၀၂၈ သက်တမ်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကျင်းပ

 

ရန်ကုန်   မတ်   ၃၀


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ရွေးကောက်ပွဲညီလာခံ (MFF Elective Congress 2024) ကို မတ် ၃၀ ရက် နံနက်ပိုင်းက နိုဗိုတယ် ရန်ကုန်မက်စ်၌ ကျင်းပရာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံး အဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့်ဧည့်သည် တော်များ၊ ၂၀၁၉-၂၀၂၃ သက်တမ်း တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ ၂၀၂၄-၂၀၂၈ သက်တမ်းအတွက် ဝင်ရောက်ရွေးချယ်မည့် ကိုယ်စားလှယ် လောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်(၁)၊ မြန်မာ နေရှင်လိဂ်(၂)၊ ဖူဆယ်လိဂ်နှင့် အမျိုးသမီးလိဂ်တို့မှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာ များ တက်ရောက်သည်။


ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် က  အဖွင့်အမှာစကား ပြောကြားပြီး MFF ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)က  ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍  ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အောင် (ဂိုး) က ၂၀၂၄-၂၀၂၈ သက်တမ်း အလုပ်အမှုဆောင် သစ်ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌတစ်ဦး၊ ဒုဥက္ကဋ္ဌ အမျိုးသားနှစ်ဦး၊ အမျိုး သမီးတစ်ဦး၊ အလုပ်အမှုဆောင် ၁၅ ဦးတို့ကို ရွေးချယ်ပြီး မဲစနစ်ဖြင့် ရွေးချယ်ရန်ကျန်ရှိနေသည့် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကိုယ်စား လှယ်တစ်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အထက်မြန်မာပြည် ကိုယ်စား လှယ် သုံးဦးတို့ကို မဲပေးခွင့်ရှိသူ ၄၁ ဦး၏ ဆန္ဒဖြင့် ရွေးချယ်ကြသည်။ မဲပေးရွေးချယ်မှုများအပြီးတွင်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာ့ဘောလုံးလောကအတွက် ကြိုးပမ်းဆောင်ရွက်ပေး ခဲ့မှုကို လေးစားအသိအမှတ်ပြုသောအားဖြင့်  အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဦးသောင်းထိုက်အား ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် ဆုတံဆိပ်နှင့်တကွ ပေးအပ်ခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက များအဖြစ် ဦးအောင်ကိုဝင်းနှင့် ဒေါက်တာစိုင်းဆမ်ထွန်းတို့အား အလုပ် အမှုဆောင်အဖွဲ့က  အများဆန္ဒဖြင့်  ရွေးချယ်တင်မြှောက်ကြောင်း မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ကြေညာသည်။  ထို့နောက် အာရှချန်ပီယံအဆင့်အထိ အောင်မြင်မှုများ ရယူပေးခဲ့သော  သက်ရှိ ထင်ရှားမြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းကြီးများအား ဂုဏ်ပြု ခြင်းအစီအစဉ်ကို  ဆက်လက်ပြုလုပ်ရာ ရာသက်ပန် လစဉ်ဂုဏ်ပြု ထောက်ပံ့ငွေအား ကစားသမားများ ကိုယ်စား မြန်မာ့လက်ရွေးစင်ဟောင်း ဦးစိုးမြင့်ထံသို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဂုဏ်ပြုပေးအပ်သည်။ ယင်းနောက်   အာဆီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ  Maj.Gen.Khiev Sameth က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ရွေးကောက်ပွဲညီလာခံ MFF Elective Congress 2024  အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအတွက် ဂုဏ်ပြုစကား ပြောကြားပြီး  MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က အလုပ်အမှု ဆောင်အဖွဲ့သစ်ကိုယ်စား ကျေးဇူးတင်စကားပြောကြားကာ ညီလာခံ အား ရုပ်သိမ်းခဲ့သည်။


၂၀၂၄-၂၀၂၈  သက်တမ်းအတွက် မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့သစ်များအဖြစ်  နာယက    ဦးအောင်ကိုဝင်း၊ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဥက္ကဋ္ဌအဖြစ်  ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးပြည့်ဖြိုးတေဇ၊ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ ဒေါက်တာခင်စောဦး၊ အလုပ် အမှုဆောင်များအဖြစ်  အထက်မြန်မာပြည်ကိုယ်စားလှယ်  ဦးကျော် စွာထွန်း၊ ဦးလအောင်၊ ဦးစောငြိမ်း၊ အောက်မြန်မာပြည် ကိုယ်စားလှယ် ဒေါက်တာထက်ခိုင်ဝင်း၊ ဦးဝင်းကိုကို၊ ဦးသင်းမောင်စိုး၊ မြန်မာနေရှင် နယ်လိဂ်ကိုယ်စားလှယ်  ဦးဇော်မင်းသိန်း၊ ဦးလှကျော်ဝင်း၊ ဦးကျော်ဦး၊  မြန်မာနေရှင်နယ်လိဂ်(၂) ကိုယ်စားလှယ်  ဦးထောင်ထှာထန်း၊ နည်းပြ ကိုယ်စားလှယ်  ဦးစိုးမြတ်မင်း၊ ကစားသမားကိုယ်စားလှယ်   ဦးသီဟ စည်သူ၊ အမျိုးသမီးဘောလုံး  ကိုယ်စားလှယ်  ဒေါ်သိန်းသိန်းအေး၊  ဒိုင်ကိုယ်စားလှယ်  ဦးလှတင့်၊ ဖူဆယ်နှင့်သဲသောင်ပြင် ကိုယ်စားလှယ် ဦးဝင်းသော်တို့ ရွေးချယ်ခံရသည်။ 

ကိုညီလေး၊ ဓာတ်ပုံ-သော်လေး