
ရန်ကုန် မတ် ၂၁
၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုတတိယပွဲအဖြစ် မြန်မာအသင်းနှင့် ဆီးရီးယား အသင်းသည် မတ် ၂၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီသရေကျခဲ့သည်။
မြန်မာအသင်းသည် လက်ရှိယှဉ်ပြိုင်နေသည့် ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် ဂျပန်နှင့် မြောက်ကိုရီးယားကို ဆက်တိုက်အရေးနိမ့်ထားသော် လည်း ယခုပွဲတွင် သရေတစ်မှတ် ရယူနိုင်ခဲ့သည်။ ယခုနှစ်ဆန်းပိုင်းကကျင်းပသည့် အာရှဖလားပြိုင်ပွဲ တွင် ရှုံးထွက်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး ဥရောပ ဘောလုံးလောကတွင် ကျင်လည်ခဲ့သည့် ဝါရင့်နည်းပြ ဟက်တာကူးပါးကိုင်တွယ်လာသည့် ဆီးရီးယား အသင်းသည် မြန်မာအသင်းကို အဝေးကွင်း၌ သရေသာကစားနိုင်ခဲ့သည်။
မြန်မာအသင်းသည် ရလဒ်ကောင်းရယူနိုင်ရန် ယခင်ပွဲများထက် ပိုမိုရုန်းကန်ခဲ့ပြီး တစ်ဦးချင်းစွမ်းဆောင်ရည်များကောင်းမွန်ခဲ့သလို အခွင့်အရေးလည်း အသုံးချနိုင်သဖြင့် ဦးဆောင်ဂိုးရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ၃၅ မိနစ်တွင် နောက်ခံလူ စိုးမိုးကျော်က ထောင့်ကန်ဘောမှတစ်ဆင့် သွင်းယူခဲ့သည်။ ဆီးရီးယားအသင်းသည် အချိန် အများစု ဖိကစားနိုင်သော်လည်း မြန်မာအသင်း ခံစစ် က အဆင့်ဆင့်ဖျက်ထုတ်နိုင်ခဲ့သဖြင့် ပထမပိုင်းတွင် ထိရောက်သည့်ဂိုးသွင်းခွင့် အနည်းငယ်သာရခဲ့သလို ဒုတိယပိုင်းတွင် အခွင့်အရေးပိုရသော်လည်း မြန်မာ နောက်ခံလူများနှင့် ဂိုးသမား ကျော်ဇင်ဖြိုးတို့ ကာကွယ် ဖျက်ထုတ်နိုင်ခဲ့သည်။ ဆီးရီးယားအသင်းအတွက် ချေပဂိုးကို ၇၁ မိနစ်တွင် အယ်လ်ဒါလီက သွင်းယူခဲ့ သည်။
မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ကစား သမားများပြောင်းလဲကာ ရမှတ်ရယူနိုင်ရန် ကြိုးပမ်း ခဲ့သလို အနိုင်ဂိုးရနိုင်မည့် အခွင့်အရေးအချို့ ထပ်မံ ရရှိသော်လည်း အသုံးမချနိုင်သဖြင့် နစ်နာခဲ့ရသည်။
မြန်မာအသင်းသည် မတ် ၂၆ ရက်တွင် ဆီးရီးယား အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ မြန်မာအသင်းပါဝင်သော အုပ်စု(ခ) အခြားပွဲ တွင် ဂျပန်အသင်းက မြောက်ကိုရီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး