(၂၈-၆-၂၀၂၁ မှ အဆက်)

Type

(၂၈-၆-၂၀၂၁ မှ အဆက်)
- ၃ -
စာရင်းချုပ်    ကြည့်လိုက်တော့ ယောက်မ ကျန်းမာရေးက ဘာမှပူပန် စရာ ဖြစ်မလာခဲ့ဘဲ သက်သက် မူလ ရည်မှန်းသလို နိုင်လင်းနှင့် နောက်ထပ် မတွေ့ဆုံဖြစ်အောင် ကြိုးစားသည့်ကိစ္စ အောင်မြင်ဖို့ဝေး၍     အဆောင်မှာ၊ အအေးဆိုင်မှာ ထိုင်စကားပြောရုံကနေ နိုင်လင်းကားကို သက်သက် စီးရဲလာ ခြင်းသာ အဖတ်တင်သွားသည်။
မစီးရဲစရာလည်း မရှိ။ ထိုနေ့ တစ်နေ့ တည်းပင် နိုင်လင်းကားကို လိုက်စီးရ သည့်အချိန်နှင့် အကြိမ်က နည်းနည်း နောနော မဟုတ်။
 ပထမတစ်ခေါက် အဆောင်ကနေ ဆေးရုံ၊ ဆေးရုံရောက်တော့ ခင်မြင့်ဆွေ ကို အဆောင်ပြန်ပို့ဖို့ စီစဉ်နေရာကနေ ကိုကိုကြီးကိစ္စကြောင့်   ဆေးရုံကနေ ကိုကိုကြီးအိမ် တစ်ခေါက်။ ကိုကိုကြီး အိမ်မှ ပြန်အထွက် နိုင်လင်းက
“ဒီလိုလုပ်ရအောင် သက်သက်၊ ခု ဆေးရုံကို တန်းမသွားသေးဘဲ မဆွေကို အဆောင်ပြန်ပို့လိုက်မယ်။ ဘာဖြစ်လို့ လဲဆိုတော့  ဆေးရုံကကိစ္စက ပြီးချင်မှ ပြီးဦးမှာ၊ တော်ကြာ သွေးသွင်းဖို့၊ ဒရစ် သွင်းဖို့တို့ လိုရင် ရှာရ ဖွေရတာမျိုး လုပ်ချင်လုပ်ရမှာ၊ ဒရစ်သွင်းတဲ့ ပစ္စည်း တို့ ဆေးတို့ကလည်း ဆေးရုံမှာ ကုန်တဲ့ အခါမျိုးနဲ့ကြုံရင် အပြင်က ဝယ်ပေးရ တယ်” ဆိုသဖြင့် ခင်မြင့်ဆွေ ပြန်ချိန်ကို ငဲ့ပြီး ထိုကနေ အဆောင်တစ်ခေါက် လိုက်စီးရပြန်သည်။
ခင်မြင့်ဆွေကို ထားခဲ့ပြီးတော့ တစ်ခါ အဆောင်မှ ဆေးရုံကို ဒုတိယတစ်ခေါက် ပြန်ရပြန်သည်။ ဆေးရုံရောက်တော့ ထင်သည့်အတိုင်းပင် ဒရစ်ဆက်တ်နှင့် ဆေးတချို့      ဝယ်ရမည်ဆိုသဖြင့် နှစ်ယောက်သား မြို့ထဲတစ်ခေါက်ပြေးရ ပြန်သည်။
ထိုနေ့က   အတော်လေးမိုးချုပ်မှ ကိုကိုကြီးနှင့် နိုင်လင်းတို့ အိမ်ပြန်ရ၏။
“ဟင်”
နံနက်ကျတော့ ကိုကိုကြီးနှင့်အတူ ပြန်ပါလာသော နိုင်လင်းကို မြင်ရသော ကြောင့် သက်သက် အံ့အားသင့်သွား သည်။
ကိုကိုကြီးက သူ့ညီမကို ကြည့်၍ပြုံး ရင်း
“ဘာလဲ  သက်သက်၊ ကိုနိုင်လင်းပါ လာလို့ အံ့သြသွားတာလား။ မအံ့သြနဲ့၊ မနေ့ညက အပြန်မှာ စကားပြောရင်း တို့နှစ်ယောက်အဖွဲ့ ကျသွားကြတာ။ အဲဒါ      ဒီနေ့မနက်လည်း    သက်သက် ကျောင်းပြန်တဲ့အခါ တစ်ညလုံး မအိပ်ရ သေးတာနဲ့ ဘာနဲ့ သိပ်ပင်ပန်းနေမယ်။ သူ ပြန်ပို့ပေးမယ်ဆိုပြီး လိုက်လာတာ။ ငါလည်း သူဝင်ခေါ်တာနဲ့ အိမ်ကနေ သူ့ ကားနဲ့ပဲ လာခဲ့တာ”
သက်သက် နိုင်လင်းကို အားနာသွား သည်။ ကိုကိုကြီးကတော့ ထုံးစံအတိုင်း လူမှုရေးတွေ ဘာတွေ သိပ်ကျွမ်းကျင်သည် မဟုတ်။ သူ့ကိစ္စဆိုလျှင်လည်း ကိုယ့်ဘက် က ကူညီလိုက်မည်။ ကိုယ့်ကိစ္စဆိုလျှင် လည်း   သူများဆီက  အကူအညီယူဖို့ လက်နှေးမည့် လူမျိုးမဟုတ်။ ကိုကိုကြီးက အေးအေးအအနှင့်      အဖြောင့်သမား။       ရှေ့နောက်လည်း သိပ်မစဉ်းစားတတ်။ 
“ဪ... ရပါတယ် ကိုနိုင်လင်းရယ်၊ သက်သက်ဟာ သက်သက် ပြန်မှာပေါ့၊ မနက်တစ်ခေါက် ပြန်လာရတာ ပင်ပန်း လိုက်တာ...”
နိုင်လင်းကလည်း ထုံးစံအတိုင်း “ကိစ္စ မရှိပါဘူး” ဆိုသော အပြုံးဖြင့်သာ တုံ့ပြန် သည်။
“ရပါတယ် သက်သက်၊ အဲဒါတွေ ပြော မနေနဲ့။ သက်သက် အဆောင်ပြန်ရောက် ရင် ဘယ်လို ပြန်အိပ်ပြီး ဘယ်လို ကျောင်း တက်ရမယ်ဆိုတာသာ စဉ်းစား”
“အေး ဟုတ်သားပဲ။ ကဲ ... ဒါဖြင့် ပြန် တော့ သက်သက်။ လူနာကော ဘယ်လိုလဲ သက်သာလား...”
ကိုကိုကြီး၏မိန်းမက အိပ်ပျော်နေ သည်။ သက်သက်က ခေါင်းညိတ်ရင်း၊
“ သက်သာပါတယ် ကိုကို၊ ဒါပေမဲ့ ဒီနေ့ နေ့ခင်းလည်း အစောင့်တော့လိုတယ်။ ဘယ်လိုလုပ်မလဲ ”
“ ရတယ် သက်သက်။ ငါ စုံစမ်းပြီးပြီ။ ဒီမှာ စပါယ်ရှယ်နာစ် ငှားလို့ရတယ်။ သူ တို့ပဲ နေ့ည စောင့်ခိုင်းတော့မယ်။ နင်ည မအိပ်နဲ့တော့၊ သိပ်ပင်ပန်းတယ်။ နေ့ခင်း လည်း ကျောင်းတက်ရဦးမှာ၊ ညနေ ဧည့်ချိန်ပဲ လာတွေ့ရင် တွေ့ပေါ့ ”
“ဟုတ်ကဲ့ကိုကို၊ ဒါဖြင့် သက်သက် ပြန်မယ် ” 
“အေး ... အေး... ။ ကိုနိုင်လင်းနဲ့သာ လိုက်သွားလိုက်”
နိုင်လင်းကလည်း ကိုကိုကြီးကို နှုတ် ဆက်၍ နှစ်ယောက်သား ပြန်ထွက်သည်။ အခန်းပြင်ရောက်မှ နိုင်လင်းက
“ သက်သက် ဘာစားပြီးပြီလဲ ” 
“မစားတော့ဘူး ကိုနိုင်လင်း၊ အဆောင် ရောက်မှပဲ စားတော့မယ်”
သို့သော် ထိုနေ့ နံနက်ကလည်း ဆေးရုံ ကအပြန် မြေနီကုန်း ရွှေလမင်း ကဖီးမှာ ဝင်၍   ပဲပလာတာနှင့်  လက်ဖက်ရည် သောက်ဖြစ်သေး၏။
x x x x x
စောစောက ပြောသလိုပင် စာရင်းချုပ် တော့    နိုင်လင်းကားကို   သက်သက် စီးရဲလာခြင်း အဖတ်တင်သလို လူချင်း လည်း ပို၍ပင် ရင်းနှီးသွားရသေး၏။
နိုင်လင်းကလည်း အပင်ပန်းတော့ခံ သည်။ ပထမနေ့ တစ်နေ့လုံးနှင့် သည်နေ့ တစ်မနက်လုံး အလုပ်များခဲ့သည့်ကြားက စိတ်မပျက်သေး။
နောက်တစ်နေ့ညနေ ဆေးရုံသွားကြည့် ရန် အဆောင်ကို တစ်ခေါက် လာကြို သည်။
သည်နေ့တော့ ခင်မြင့်ဆွေ မလိုက် တော့။ ထုံးစံအတိုင်း ကိုအံ့ခိုင်ထံ အခစား ဝင်ရသည်။ နှစ်ယောက်တည်း သွားရ သည်မို့ မရဲတရဲဖြစ်နေသော သက်သက် ကို ကြည့်ပြီး နိုင်လင်းက
“ကျွန်တော် သက်သက်ကို တစ်ခုမေး ချင်တယ်။ သက်သက် အမှန်အတိုင်း ဖြေ မလား... ”
ရှေ့ခုံ နောက်ခုံ စကားပြောနေရသည်မို့ နိုင်လင်းက မှန်ထဲကတစ်ဆင့် ကြည့်ပြီး ပြောသည်။ သက်သက်ကလည်း နောက် ကြည့်မှန်မှတစ်ဆင့်ပင် ပြန်ကြည့်ရင်း
“ မေးလေ ကိုနိုင်လင်း၊ ဘာမေး မလို့ လဲ” 
“တခြားမဟုတ်ပါဘူး၊ သက်သက် ကြည့်ရတာ တစ်မျိုးဖြစ်နေလို့။ ကျွန်တော် နဲ့ အခုလို ရင်းရင်းနှီးနှီး ဆက်ဆံနေရတဲ့ ကိစ္စကို သက်သက် မဝံ့မရဲဖြစ်နေတယ် ထင်တယ်။ အဲဒါ ဟုတ်လားသက်သက်”
မေးပုံက တဲ့တိုးကြီးဖြစ်သလို ဖြေရ သည်လည်း အတော်ခက်သည့်ကိစ္စမို့ ရုတ်တရက် ဘာပြန်ပြောရမည်မသိ ဖြစ် သွားသည်။
“ကျွန်တော်    မေးတာဖြေလေ သက်သက် ”
သက်သက်ထံမှ အဖြေက ကြန့်ကြာနေ သဖြင့် ထပ်နှိုးဆော်လိုက်သော နိုင်လင်း အသံကြားမှ  သက်သက်က  ပင့်သက် တစ်ချက်ရှိုက်၊ သက်ပြင်းချသံနှင့်အတူ ပြုံးရင်း
“သက်သက် ပွင့်ပွင့်လင်းလင်းပဲ ဖြေရ မလား”
“ပွင့်ပွင့်လင်းလင်းသာ ပြော၊ ဘာမှ အားနာစရာမလိုဘူး။ ကျွန်တော်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောရမှာ...”
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကိုနိုင်လင်း ပြောသလိုပဲ။ သက်သက် ကိုနိုင်လင်းနဲ့ခင်ရတာ မဝံ့မရဲဖြစ်သွားတာ အမှန်ပဲ၊ အခုတော့ မဟုတ်ပါဘူး၊ ဟိုရက် ကပါ”
“ဘာဖြစ်လို့လဲ သက်သက်၊ သက်သက် ကို ဘယ်သူက ဘာပြောလို့လဲ”
“ဟာ... တွေးလိုက်တာကလည်း ဒက်ထိပါလား” ဟု သက်သက်စိတ်ထဲ အံ့သြသွားသည်။ တစ်ယောက်ယောက်က ပြောလို့ ဟန့်သွားတာဟုပင် သူက သိနေ သည်။
သို့သော်    သည်နေရာမှာတော့ သက်သက်အနေနှင့် ညာကို ညာရတော့ မှာမို့
“မဟုတ်ပါဘူး၊ တစ်ချိန်ချိန်မှာ ဘေး က  အထင်လွဲ  အမြင်လွဲ    ဖြစ်လာနိုင် သလားဆိုပြီး သက်သက်တွေးမိလို့ပါ"
“ ဘေးကဆိုတာ ဘယ်သူတွေလဲ သက်သက်၊ ကျွန်တော့် အမျိုးသမီးကို ပြောတာလား၊ သက်သက် ပတ်ဝန်းကျင် က လူတွေကို ပြောတာလား...”
“ အကုန်လုံးပေါ့” 
နိုင်လင်း ခေါင်းညိတ်သည်။ ပြီးမှ 
“ကျွန်တော်   ပြောမယ်နော်။ သက်သက်ဟာ သက်သက်ပဲ တွေးမိ တွေးမိ၊ ဘေးကပဲ ပြောပြော ဒီကိစ္စနဲ့ ပတ်သက်လို့   ကျွန်တော်   ပွင့်ပွင့် လင်းလင်းပဲ ပြောမယ်။ ဘေးက လူတွေ အထင်လွဲတာ မလွဲ တာတော့ ကျွန်တော် မသိဘူးနော်။     ကျွန်တော်ကတော့ သက်သက်နဲ့ ပတ်သက်လို့ ရှင်းရှင်းပြော ရရင် ဘာအခွင့်အရေးမှယူဖို့ ရည်ရွယ် ချက်မရှိဘူး။ ဘာတစ်ခုမှလည်း မဟုတ် တာ ကြံမထားဘူး။ ကျွန်တော့်ဘက်ကို တော့ အထင်မလွဲနဲ့။ ကျွန်တော် လူရှုပ် မဟုတ်ဘူး”
“အို.. အဲလို သက်သက်ပြောတာ မဟုတ်ပါဘူး”
“ သက်သက် ပြောပြော၊ မပြောပြော၊ ကျွန်တော့်ဘက်ကတော့ အဲဒီအထိကို ရှင်းပြထားမှ ဖြစ်မယ် သက်သက်။ ဒါကြောင့် စကားကိုကုန်အောင် ပြော ထားတာ။ ကျွန်တော်က သက်သက်ကို ရိုးရိုးသားသား ခင်တာပါ။ ရိုးရိုးသားသား မှ တကယ့်နှမသားချင်းတစ်ယောက်လို ခင်တာ။ ဘာဖြစ်လို့လဲဆိုတော့.. "
ထိုစဉ် မျက်နှာချင်းဆိုင်မှ ကားတစ်စီး က ရှေ့ကားကို ကျော်တက်လိုက်သဖြင့် နိုင်လင်းကားနှင့် ခေါင်းချင်းဆိုင်သလို ဖြစ်သွားသည်။ နိုင်လင်းက စကားရပ်၍ ဘေးဘက်သို့ အနည်းငယ်တိမ်းယူလိုက် ပြီး
“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ နှမသားချင်း လုံးဝမရှိဘူးသက်သက်။ မွေးကတည်းက တစ်ကောင်ကြွက်။ ပြီးတော့ ကျွန်တော့်မှာ ကျွန်တော့်ကို နားလည်ပြီး ရင်းရင်းနှီးနှီး ခင်မင်တဲ့ မိန်း ကလေးသူငယ်ချင်းတွေ ဘာတွေလည်း မရှိဘူး”
ပြောရင်းနှင့် နိုင်လင်းက တစ်ချက် ရယ်သည်။ ပြီးမှ 
“ပြောရရင်တော့ ကျွန်တော့်ဘဝမှာ တစ်လျှောက်လုံး ထောင်ကျသလိုလို ဖြစ်လာခဲ့တာ..”
“ဘယ်လိုဖြစ်လို့လဲ ကိုနိုင်လင်း”
“ဘယ်လိုဖြစ်သလဲဆိုတော့ ငယ်ငယ် တုန်းကတော့ မိဘတွေက ချုပ်ချုပ်ချယ် ချယ် ထားတယ်ပေါ့ဗျာ။ ဒီဘက်ပိုင်းကျ တော့လည်း ဆရာမကိုယ်တိုယ်က ဘဝ တစ်ခုလုံးကို တာဝန်ယူပြီး တင်းတင်း ကျပ်ကျပ်      ချုပ်ချယ်ဆုံးမနေတော့ ကျွန်တော့်မှာ     ဘဝနဲ့ပတ်သက်လို့ ထွက်ပေါက်ဆိုတာကို မရှိခဲ့ဘူး”
“အဲဒီတော့...”
n စာမျက်နှာ ၂၂ မှ
“အဲဒီတော့ ကျွန်တော့်မှာ ဘာပဲ ဖြစ်ဖြစ် သက်သက်လို မိန်းကလေး တစ်ယောက် ရှိချင်နေတာ အမှန်ပဲ။ သက်သက်လိုဆိုတာ ကျွန်တော့်အတွက် နှမလေးတစ်ယောက်လိုပေါ့။ အဲဒီ နှမလေးကလည်း လှလှပပ လိမ်လိမ် မာမာ ချစ်စရာလေး။ ကျွန်တော့်ထက် ပိုဂရုစိုက်ရမယ့် ရည်းစားတွေ ဘာတွေ လည်း မရှိဘူး။ ပြောတာဆိုတာကအစ ကျွန်တော့်ကို အရာရာ နားလည်မယ်။ ပြီးတော့ ဂရုစိုက်မယ်။ ကျွန်တော်က လည်း အဲဒီနှမလေးကို အစွမ်းကုန် ဂရုစိုက်မယ်။ အလွန်လိုလေသေး မရှိ အောင် ပြုစုစောင့်ရှောက်မယ်။ သူငယ် ချင်းဆိုရင်လည်း ကျွန်တော့်အပေါ် သိပ်ခင်တဲ့သူငယ်ချင်း။ အဲဒီသူငယ်ချင်း အတွက် ကျွန်တော် ဘာမဆို ဆောင်ရွက် ပေးမယ်။ ကျွန်တော် လိုချင်တာ သူ့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ ခင်မင်မှုမေတ္တာနဲ့ အလေးထား ဂရုစိုက်တာပဲ၊ အဲဒီအတွက် ကျွန်တော့်ဘက်က ဘာတွေပေးရ ပေးရ၊ ဘာတွေ လုပ်ရလုပ်ရ ကျွန်တော်အစွမ်း ကုန် လုပ်ပေးမယ်။ ကျွန်တော်ပြောတာ သက်သက် နားလည်မလား မသိဘူး”
“သက်သက် နားလည်ပါတယ်”
“စိတ်ပညာသဘောနဲ့ ပြောရင်တော့ ကျွန်တော်ဟာ အရူးတစ်မျိုး ဖြစ်ချင်ဖြစ် နေမယ် သက်သက်။ အဲဒါကို နားလည် ချင်ရင် ပြီးခဲ့တဲ့ သုံး၊ လေးလလောက်က ရှုမဝထဲမှာပါတဲ့ ငြိမ်းကျော်ရဲ့ “ဘုရင် ရုပ်တုထံ    ဆုတောင်းခြင်း”  ဆိုတဲ့ ဝတ္ထု လေး      ဖတ်ကြည့်စေချင်တယ်။     အဲဒီ သဘောပဲ။ အဲဒီထဲမှာက ဇာတ်ကောင် စတင်ထားတာက အင်မတန် ကြင်နာ တတ်တဲ့ အစ်မလှလှလေးတစ်ယောက်။ ကျွန်တော်က ပြောင်းပြန်၊ ကြင်နာတတ်တဲ့ ညီမလေးလှလှလေး ဒါမှမဟုတ် သိပ် ခင်မင်ဂရုစိုက်တတ်တဲ့ သူငယ်ချင်း မိန်း ကလေးလှလှလေး တစ်ယောက်”
သက်သက်က ရယ်သည်။ ရယ်ရင်းနှင့် 
“အဲဒါ ကိုနိုင်လင်း သိပ်စိတ်ကူးယဉ် လွန်းလို့ပါ” 
နိုင်လင်းက အားရပါးရ ခေါင်းညိတ်သည်။
“ဟုတ်မယ် သက်သက်၊ ကျွန်တော့် စိတ်ကူးထဲမှာ သက်သက်လို မိန်းကလေး တစ်ယောက် ဖန်ဆင်းထားတာ ကြာလှနေ ပြီ။ ဒါပေမဲ့ တကယ့်ဘဝမှာ မရခဲ့ဘူး။ ခုမှ သက်သက်နဲ့တွေ့တော့   ကျွန်တော်  စိတ်ကူးယဉ်ထဲက မိန်းကလေးဆိုပြီး ကျွန်တော် အရမ်းခင်မိသွားတာပါ"
“သက်သက်လည်း ကိုနိုင်လင်းကို ခင်ပါတယ် ”
“အဲဒါကြောင့် ကျွန်တော်နဲ့ ပတ်သက် လို့ အထင်မလွဲပါနဲ့လို့။ ကျွန်တော့်ဘက်က စောစောက ပြောတာမျိုးထက် ဘာမှ မပို စေရပါဘူး။ ဘုရားရှေ့မှာ ကျွန်တော် သစ္စာဆိုရင်၊ ကျွန်တော် သစ္စာရေသောက် ပြီး ကတိပေးပါမယ်။ ကျွန်တော့်ကို ယုံပါ”
“ကဲပါ ကိုနိုင်လင်းရယ်၊ အဲဒီလောက် ပြောစရာမလိုပါဘူး။ ကိုနိုင်လင်းကို သက်သက် ယုံပါတယ်။ ကိုနိုင်လင်း ခင်စေချင်သလို သက်သက် ခင်ပါမယ်။ ကဲ စိတ်ချမ်းသာလက်ချမ်းသာနေတော”
“တကယ်ပြောတာလား သက်သက်” 
“တကယ်ပြောတာပါ”
“အဲဒါဆို ကျွန်တော် တစ်ခုထပ်ပြောချင် တယ်။ တခြားမဟုတ်ပါဘူး။ အခေါ်အဝေါ် ကိစ္စပါ။ သက်သက် ကျွန်တော့်ကို မဆွေ ခေါ်သလို ကိုနိုင်လို့ပဲ ခေါ်ပါလား”
“ ဘာဖြစ်လို့လဲ”
“ဪ... သက်သက်ကလည်း ရူးတာပါ ဆိုမှ၊ ဘာဖြစ်လို့ မေးနေရသေးလား... ။ သိပ်ခင်တဲ့လူချင်းမှာ နာမည် အပြည့် အစုံကို အရှည်ကြီး ဘယ်ခေါ်ကြမလဲ”
“အင်း... အင်း... ။ ဒါဖြင့် ပြီးရော။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်နော်။ ခုနက ကိုနိုင် ပြောတဲ့စကားထဲမှာ အဲဒီ မိန်း ကလေးဟာ ကျွန်တော်ထက်ပိုပြီး ဂရုစိုက် ရမယ့် ရည်းစားတွေ ဘာတွေလည်း မရှိရ ဘူးလို့ပါတယ်။ အဲဒါတော့ အာမ မခံနိုင် ဘူးနော်။ သက်သက် ကြိုက်တဲ့သူ တွေ့ရင် တော့ ထားမှာပဲ”
“ဟာ... အဲလိုပြောတာ မဟုတ်ပါဘူး၊ ထားရမှာပေါ့။ သက်သက် ကြိုက်တဲ့သူ နဲ့ ရည်းစားထားခွင့် ရှိတယ်။ ဒါပေမဲ့ ရည်းစားထားမယ့်သူကို    တွေ့ရင်    တို့ လည်း တိုင်ပင်ပေါ့။ သင့်တော်လို့ကတော့ စိတ်ချ။ ဒီကားနဲ့ကို သွားချင်တဲ့ နေရာ လိုက်ပို့ပေးမယ်။ အဲဒီကောင် ရုတ်ရုတ် ရုတ်ရုတ်     လုပ်လို့မရအောင်လည်း ဝိုင်းဝန်းစောင့်ရှောက်ပေးမယ်။ မင်္ဂလာ ဆောင်ရင်လည်း အောက်ခြေသိမ်းက အစ တို့ပဲ လုပ်ပေးမယ်။ တို့ပြောတာ နားလည်တယ်နော်”
“နားလည်ပါတယ်” 
“ဒါဆိုရင် ပြီးပြီ။ တို့လည်း အရမ်း စိတ်ချမ်းသာသွားပြီ”
အဆင်ကလည်း   သင့်ပါသည်။         သူ့စကားအဆုံးနှင့်     ဆေးရုံအရောက် ကွက်တိလောက်ပင် ဖြစ်သွား၏။
ဆေးရုံအဝင်     လမ်းပေါ်မှာတော့ စိန်ပန်းနီပွင့်ကြွေလေးများ ကြဲပြန့်လျက်။
x x x x x
(ဆက်လက်ဖော်ပြပါမည်)