(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေလတွင် ပြန်လည်ကျင်းပရန် ဆုံးဖြတ်

 

ရန်ကုန်   အောက်တိုဘာ  ၂၀


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေလတွင် ပြန်လည်ကျင်းပရန် ဆုံးဖြတ် လိုက်ပြီဖြစ်သည်။ ယင်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်  လက်ခံကျင်းပခွင့်ရထားပြီး  အောက်တိုဘာ ၁၈ ရက်က ပြုလုပ်သည့် ဆီးဂိမ်းအဖွဲ့ချုပ် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
 

ဆီးဂိမ်းအဖွဲ့ချုပ်    အစည်း အဝေးကို အောက်တိုဘာ ၁၈ ရက် က ပြုလုပ်ခဲ့ရာ   အဖွဲ့ချုပ်တာဝန် ရှိသူများနှင့်  အရှေ့တောင်အာရှ နိုင်ငံ ၁၁ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး   ရွှေ့ဆိုင်းထား သည့်    ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ ကို ၂၀၂၂ ခုနှစ် မေလလယ်တွင်    ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း  အတည်ပြုခဲ့ခြင်း   ဖြစ်သည်။    ဗီယက်နမ်   အိုလံပစ်ကော်မတီ တာဝန်ရှိသူများအနေဖြင့် ပြိုင်ပွဲ ကာလကို    ယခုလကုန်ပိုင်းတွင် အတည်ပြုမည်ဖြစ်ပြီး     မေလ ဒုတိယပတ်တွင်စတင်ကျင်းပရန် လျာထားကြောင်း    သိရသည်။   

 


(၃၁)ကြိမ်မြောက်   ဆီးဂိမ်း ပြိုင်ပွဲတွင် အားကစားနည်း ၄၀မှ ပြိုင်ပွဲအမျိုးအစား ၅၂၀ ထည့်သွင်း  ကျင်းပမည်ဖြစ်သည်။ (၃၁)  ကြိမ် မြောက်      ဆီးဂိမ်းပြိုင်ပွဲတွင်   ပြေးခုန်ပစ်၊    မြားပစ်၊    ရေကူး၊  ကြက်တောင်၊  ဗိုဗီနမ်၊ အလေးမ၊ နပန်း၊ ဝူရှူး၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့် စနူကာ၊  ကာယ ဗလ၊ ဘိုးလင်း၊ လက်ဝှေ့၊ ကနူး ကယက်၊  စစ်တုရင်၊   စက်ဘီး၊ Dancesport ၊ ဘောလုံး/ဖူဆယ်၊ ဂေါ့ဖ်၊ ကျွမ်းဘား၊ Handbal၊ ဂျူဒို၊ ဂျူဂျစ်ဆု၊  E.sports၊  ဓားရေး၊ ကရာတေး၊     ကစ်ဘောင်ဆင်၊ Kurash၊  မွေထိုင်း၊   ပန်ကြပ် ဆီလတ်၊ ပီတန်း၊  အပြည်ပြည် ဆိုင်ရာလှေ၊   ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ Xiangqi၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘောအားကစား နည်းများ  ပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲ တွင် အားကစားနည်း  ၁၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန်    စီစဉ် ထားပြီး စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

 


ဗီယက်နမ်နိုင်ငံက  အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ရရှိထား သည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို ယခုနှစ်    နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂  ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉   ကပ်ရောဂါကြောင့် လာမည့်နှစ်သို့   ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။                

ရဲရင့်လွင်