(၃၂) ကြိမ်မြောက် ဆီးဂိမ်း (အရှေ့တောင်အာရှအားကစား) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   မေ    ၅


ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ သည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း (အရှေ့တောင်အာရှ အားကစား) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေ ၅ ရက် ညနေပိုင်းက Morodok Techo National Stadium ၌ ကျင်းပသည်။

 


ဖွင့်ပွဲအခမ်းအနားတွင်   ကမ္ဘောဒီးယားနိုင်ငံ အလံကို သတ်မှတ်နေရာတွင် လွှင့်တင်ပြီး ရိုးရာအက များ၊   ဖျော်ဖြေရေးအစီအစဉ်များဖြင့်   တင်ဆက် ဖျော်ဖြေကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်နိုင်ငံများ ဖြစ်သည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ တီမော၊ စင်ကာပူ၊ ဗီယက်နမ် နှင့် အိမ်ရှင်ကမ္ဘောဒီးယားအားကစားအဖွဲ့များ ကွင်း အတွင်း ဝင်ရောက်နေရာယူကြသည်။ ယင်းနောက် အရှေ့တောင်အာရှ   အားကစားအဖွဲ့ချုပ်အလံနှင့် ဆီးဂိမ်းပြိုင်ပွဲအလံတို့ကို ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံ ဂုဏ်ဆောင်အားကစားသမားများက ကွင်းအတွင်း သယ်ဆောင်ကာ သတ်မှတ်နေရာတွင် လွှင့်တင်ကြ သည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားအစီအစဉ်များ ဆက်လက်ကျင်းပသည်။

 


ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပခြင်းဖြစ်ပြီး မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အားကစားနည်းအချို့ကို ဧပြီ ၂၉ ရက်ကတည်းက စတင်ကျင်းပလျက်ရှိပြီး     ဆုတံဆိပ်ချီးမြှင့်မည့် အားကစားနည်း ၃၆ မျိုး၊  သရုပ်ပြအားကစားနည်း တစ်မျိုး စုစုပေါင်း ၃၇ မျိုး ထည့်သွင်းကျင်းပလျက် ရှိသည်။ ဆုတံဆိပ်ချီးမြှင့်မည့် အားကစားနည်း ၃၆ မျိုးတွင်  ရွှေတံဆိပ်  ၅၈၄ ခု  ချီးမြှင့်မည်ဖြစ်ပြီး ပထမဆုံးကျင်းပခွင့်ရသည့် ဆီးဂိမ်းပြိုင်ပွဲဖြစ်သော ကြောင့် အောင်မြင်စွာကျင်းပနိုင်ရန် အချိန်ယူပြင်ဆင် ထားခြင်းဖြစ်သည်။ ယခုပြိုင်ပွဲကို အရှေ့တောင်အာရှ နိုင်ငံ ၁၁ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး မြန်မာနိုင်ငံက အားကစားနည်း ၁၉ မျိုးတွင် အားကစား သမား ၃၄၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၁၉၆၃ ခုနှစ်တွင် အရှေ့ တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲကို   အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသော်လည်း ပြည်တွင်းနိုင်ငံရေးအခြေအနေများကြောင့်    ဖျက်သိမ်းခဲ့ရကြောင်း မှတ်တမ်းများအရ သိရသည်။ ထို့ကြောင့် ကမ္ဘောဒီးယား နိုင်ငံသည် နှစ်ပေါင်း ၆၀ ကြာမှ ပြန်လည်ကျင်းပ နိုင်ခြင်း ဖြစ်သည်။ 


ရဲရင့်လွင်
ဓာတ်ပုံ - seagames2023၊ BTV cambodia